>treasure of my life, poems from my heart – 09

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၉)
တင်မိုး
ဇန်န၀ါရီ ၂၂၊ ၂၀၁၀

၁။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးပေါ်ပြီးနောက် မြန်မာနိုင်ငံမှာ ပြောင်မြောက်တဲ့ခေါင်းဆောင်တဦး ပေါ်လာတယ်။
လူထုခေါင်းဆောင် မိုးသောက်ကြယ်ပြောင်။

ဒေါ်အောင်ဆန်းစုကြည် တဲ့။ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထွေးဆုံးသမီး…တဲ့။ ညသန်းခေါင်မှာ ကြယ်ရောင်ကိုမြင်လိုက်ရသလို။ လူထုကကြိုဆိုတယ်။ ချစ်မြတ်နိုးတယ်။ ပွေ့ပွေ့ပိုက်ပိုက်၊ လှိုက်လှိုက်လှဲလှဲ တခဲနက်။ မြန်မာနိုင်ငံတနံတလျား သွားလေရာရာ သောင်းသောင်း ဖြဖြ၊ ထောင်းလမောင်းထမတတ်။ ခမောက်ဆောင်းတဲ့ လူထုဘုရင်မ။

၂။
“စု” က လူထုဘက်ကရပ်လိုက်တယ်။ သူ့စကားတွေက လူထုကိုနှိပ်စက်နေတဲ့ စစ်အာဏာရှင်ယန္တရားတွေကို တိုက်စားလိုက်တယ်။ မြန်မာတမျိုးသားလုံး အကျဉ်းထောင်ထဲရိုက်သွင်းနေတဲ့ သံခြေချင်းတွေကို ရိုက်ချိုးလိုက်တယ်။

“ဒုတိယလွတ်လပ်ရေး အရေးတော်ပုံကိုဆင်နွှဲကြ” လို့ လှုံ့ဆော်လိုက်တယ်။ သောင်းသောင်းညံညံ လက်ခုပ်သြဘာသံ။
လူထုတရပ်လုံး မျှော်လင့်ချက်ရောင်ခြည်တွေ ဖြာသွားတယ်။ အားတက်ဝမ်းသာသွားတယ်။

ကျောင်းခေါင်ရိပ်အနီးမှာလ
ကောင်းအောင်ဟိတ်ကြီးပါဘိ
ခေါင်းဆောင်ထိပ်သီး
လို့ ကဗျာကာရန်တွေ လျှံကျသွားအောင် အနန္တအင်အားတွေ မြင်ခဲ့တယ်။

လူထုအခန်းကဏ္ဍကို ဘယ်မှာအဖွင့်ခံမှာတုန်း။ လူထုရဲ့တိုက်ပွဲခေါ်သံကို ဘယ်မှာကြွေးကြော်ခွင့် ပေးမှာတုန်း။ လူထုရဲ့ ပလ္လင်ပေါက်ရင် စစ်ဘုရင်တွေ ပျောက်ကုန်မှာပေါ့။ ပလ္လင်ပျောက်အောင် တမင် နှောက်တော့မှာပေါ့။ စစ်ယန္တရားတွေက လူထုအားကိုတားတယ်၊ ဆီးတယ်၊ လမ်းလွှဲတယ်။ စစ်ဘုရင်တွေက မီးကုန်ယမ်းကုန် ကာကွယ်တယ်။ လူထုရဲ့ကြွေးကြော်သံတွေကို ဆိတ်သုဉ်းသွားအောင် လက်နက်၊ ဗုံး၊ သေနတ်၊ အမျိုးမျိုးနဲ့ နှိမ်နင်းတယ်၊ ပစ်ခတ်တယ်၊ သွေး တစက်စက်။

လူထုခေါင်းဆောင် အကျဉ်းကျ
ခွပ်ဒေါင်းအလံကလေးတွေ သွေးမြေကျ
မြန်မာနိုင်ငံကတော့ သုသာန်တစ
အမှောင်ကျတဲ့ သန်းခေါင်ည အကာလများပါပဲ။

၃။
ဒီမိုကရေစီကိုရိုက်ချိုးပြီး စစ်ဝါဒီဆိုးတွေကြီးစိုးနေခိုက်မှာ လူထုဘက်သားတွေ ကျဆုံးရတယ်၊ ကျေပြုန်းရတယ်။ နည်းအမျိုးမျိုးနဲ့ နှိပ်စက်ညှဉ်းပန်းလို့ သေရွာလမ်းမြန်းရတယ်။ ဒေါ်စုရဲ့ရင်သွေး အာဇာနည်ကလေးတွေပေါ့။ သူတို့ကို မော်ကွန်းထိုးရမယ်။ ကမ္ပည်းတင်ရမယ်။ သူတို့ဟာ လွတ်လပ်ရေး အတွက် အသက်ပေးခဲ့ကြတယ်။ မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ သူတို့အသက်ကို စွန့်လွှတ်ခဲ့ကြတယ်။ ကျနော့်နှလုံးသားထဲမှာ သူတို့ရဲ့ မြင့်မြတ်မှုကို ဂုဏ်ပြုလို့မ၀၊ တမ်းတလို့မပြေ။

ဥပမာ ကျနော်နဲ့အင်းစိန်ထောင်ထဲမှာ အတူနေခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ကလေး၊ သူ့စိတ်ဓာတ်က ရိုးသားတယ်၊ ဖြူစင်တယ်၊ မွန်မြတ်တဲ့စိတ်နှလုံး အမြဲမွေးမြူတယ်။ သူ .. အခုဆုံးပြီ။ ကွယ်လွန်ပြီ။ သူ့ကိုသတိရတယ်။ သူ့လိုလူငယ် ကျောင်းသားတွေ အနန္တ။ ဒီလို အာဇာနည် ခွပ်ဒေါင်းလူငယ်ကလေးတွေကို ကိုယ်စားပြုနေတဲ့ သူ့ဂုဏ်ကို စာရုပ်ပုံရေးရမယ်။

သုတအောင်

သူ့နာမည်က သုတအောင်
ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်တက်
၈၈ ခုနှစ် သည်ဘက်ကျတော့
သူပုန်တက္ကသိုလ်ပြောင်း
ခွပ်ဒေါင်းဘာသာယူခဲ့တယ်။

နောက် အင်းစိန်ထောင်အတွင်း
ကွင်းဆင်းလေ့လာ
ကျမ်းစာတင်သွင်း
သံခြေချင်းဆုရခဲ့တယ်။

ဗကသဥက္ကဋ္ဌ မင်းကိုနိုင်က
သံတိုင်ကြားက ဘွဲ့နှင်း
ကမ္ဘာမကြေသီချင်းနဲ့ဂုဏ်ပြုတယ်။

အမေ ဒေါ်အောင်ဆန်းစုကြည်က
ပီတိနဲ့ဝမ်းမြောက်
ရွှေခမောက်ဆောင်းပေးလိုက်တယ်။

ခုတော့
ထိန်ပင်သုသာန်ဆိုတဲ့နေရာမှာ
ခွပ်ဒေါင်းဘာသာမဟာသိပ္ပံ
ခွပ်ဒေါင်းအလံရ သုတအောင်လို့
ပြောင်မြောက်စွာမော်ကွန်းထိုးပြီး
မသေမျိုး အာဇာနည်
အုတ်ဂူကလေးတည်ခဲ့ပါတယ်။
သုတအောင်သို့ ( ၁၅၊ ၄၊ ၂၀၀၁)

၎။
လမိုက်ညတွေတိုင်း ကြယ်ပွင့်တွေတစုတရုံးနဲ့ သူ့ပခုံးအင်အားသုံးပြီး အလင်းရောင် ထွန်းတောက်အောင် လုပ်ကြတယ်။ နွေဦးရောက်တိုင်း ဥသြငှက်ကိုယ်ရောင်ဖျောက်ပြီး တတောလုံးညံအောင် တွန်သံပေး၊ တော်လှန်ရေးလုပ်ခဲ့တယ်။ သဲကန္တာရမြေမှာ နှိပ်စက်လေသမျှ ကန္တာရအပင်တွေ ၀ိုင်းပြီးခုခံကြတယ်။ လူထုအား၊ လူထုတရား။

တယောက်စွမ်းအား၊ မနိုင်ငြားလည်း
အများလူထု၊ အင်အားစုတို့
သူ့အားကိုယ့်အား၊ အသစ်ပွားလျက်
တားကြဆီးကြ၊ တည်ဆောက်ကြသော်
ညခင်းကပြို၊ လမင်းချိုလိမ့်
နုပျိုခွန်အား၊ တံခွန်လွှားသည်
ထူးခြားဒီရေပမာတည်း။

ဒီလို “လူထုဒီလှိုင်း” ကို ကဗျာနဲ့ မှတ်တမ်းတင်မိပါတယ်။ ။

တင်မိုး

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၇)၊ ဇွန် ၂၀၀၁



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts