>Maung Yit – Burmese Regime’s Draft Law – testing water to burmese

>

အာဏာရှင်တို့ရဲ့ သွေးတိုးစမ်းမှုများထဲက တခု – စစ်မှုထမ်းဥပဒေ
မောင်ရစ်
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
စစ်အစိုးရက နိုဝင်ဘာလဆန်း ပထမပတ်မှာကတည်းက မြန်မာတွေ စစ်မှုထမ်း မနေရ ဥပဒေကို သတ်မှတ်ခဲ့တယ်။ ပြီးမှ ရွေးကောက်ပွဲ ကျင်းပတယ်။ ကြံ့ကြံ့ဖန်ဖန် မိန်းမတွေပါ စစ်တပ်က ဆင့်ခေါ်တယ်။ စစ်သား စစ်သမီးပေါ့။ အမေရိကန်မှာ စစ်သမီးတွေ ရှိပေမယ့် သူတို့သဘောနဲ့ ၀င်ကြတာပါ။ အသက် ၁၈ နှစ်ကနေ ၂၆ နှစ် အထိ အမျိုးသားတွေပဲ တိုင်းပြည်လိုအပ်ရင် စစ်မှုထမ်းပါ့မယ်လို့ ဆင့်ခေါ်ခွင့် မှတ်ပုံတင်ရတယ်။ Selective Service ဆိုလား ပြောတယ်။ သာမန် စစ်တပ်ထဲ အမှုထမ်းချင်ရင်တော့ ကိုယ့်သဘောပဲ၊ ကျားမ မရွေးဘူး။ အသက် ၄၀ အောက် ဖြစ်ရင် ပြီးရော ဆိုလား။
မြန်မာစစ်အာဏာရှင်တွေကတော့ ကျားက ၄၅၊ မ ဆို ၃၅ နှစ် အထိ စစ်မှုမထမ်းမနေရ ဆင့်ခေါ်ခွင့် ရှိတယ်။ မှတ်ပုံတင်ရမယ်။ ဘာညာနဲ့ ဥပဒေပြဌာန်းလိုက်တော့ အစကတည်းက လူထုတင်မြှောက်ထားတဲ့ အစိုးရမှ မဟုတ်တာပဲ၊ သူ့ဖာသာသူ လူသတ်ပြီး အာဏာသိမ်းထားတဲ့ စစ်အစိုးရက လူတွေကို ဆင့်ပြီး ငါတို့ကိုယ်စား မင်းတို့အချင်းချင်း ပြန်သတ်ခိုင်းရင်လည်း သတ်ရမယ်လို့ ခေါ်ပြီး အနိုင်ကျင့်သလိုဖြစ်နေတယ်။
စစ်အစိုးရဟာ မြန်မာပြည်သူလူထုကို ဦးကျိုးသည်ထက် ကျူိးပြီး မော်မကြည့်ရဲအောင်ကို ဖိနှိပ်ပစ်နေတာပဲ။ ငါ့ကို ဆရာခေါ်ဦး၊ ပြီးရင် ငါ့မိန်းမ ထမိန်လည်း လျှော်သွား၊ ငါ့မြေး ပါထားတဲ့ အီးတွေပါ ကျူံးလို့ ခိုင်းလိုက်တဲ့ သဘော ဖြစ်နေတယ်။ မြန်မာပြည်သူတွေကို ဘယ်လောက် ငါတို့ ဖိထားနိုင်သလဲဆိုတာကို သွေးတိုးစမ်းကြည့်တာလဲ ဖြစ်နိုင်ပါတယ်။
မြန်မာပြည်က အာဏာရှင်တွေက အားအားရှိ လူတွေကို နှိပ်စက်ဖို့ ဦးချိုးဖို့ သွေးတိုးစမ်းဥပဒေတွေ ပြဋ္ဌာန်းလေ့ရှိတယ်။ သွေးတိုးစမ်းလို့ အောင်မြင်သွားရင် အတည်ဖြစ်တော့တာပဲ။ လူတွေမှာ အချုပ်အနှောင်တွေ တိုးသည်ထက် တိုးတာပေါ့။
ဥပမာ – မဆလခေတ်မှာ စာပေစိစစ်ရေးကို အကောင်အထည်ဖော်လိုက်တာ အတည်ဖြစ်သွားတော့ ဒါနဲ့ပဲ လူတွေ ဒုက္ခရောက်ရတယ်။ အမှောင် ကျရတယ်။ ပြီးတော့ သန်းကောင်စာရင်းတိုင်တာ၊ သန်းကောင်စာရင်းစစ်တာ လုပ်လိုက်တော့ ဘယ်မြန်မာပြည်သားမှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ညကြီးအချိန်မတော် ကိုယ့်ခြင်ထောင်ထဲ လူဝင်နှိုက်တာကို ခေါင်းငုံ့ ခံနေရတာ ခုထိပဲ။
ဒါကြောင့် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ကြက်ခေါင်းဆိပ် မခံ ပြန်တိုက်ရတာ။ အာဏာရှင်တွေရဲ့ သွေးတိုးစမ်းတာ၊ စော်ကားတာတွေကို လက်သင့်ကို မခံတာ။ ကမ္ဘာမှာ တရုတ်တွေ၊ ကုလားတွေ၊ ကပ္ဗလီတွေဆိုတာ အစော်ကားခံရလွန်းလို့ ပြန်ပြီး အလစ်မပေးဘဲ တိုက်နေတာတွေဟာ ဒဏ္ဍာရီပုံပြင်တွေလိုတောင် ဖြစ်နေပြီ။
အဲသလိုမျိုး အာဏာရှင်တွေက သွေးတိုးစမ်းတာတွေကို လူတွေက လက်မခံလို့ တိုးလို့တန်းလန်း ဥပဒေ အူကြောင်ကြားတွေ အများကြီး ရှိတယ်။ အဲဒါတွေက တခါတလေ ထ ထပြီး ဒုက္ခပေးတာက လွဲလို့ ခုနင်ကတွေလို လူတွေကို နေ့စဉ် ဦးချိုးနေတာတော့ မရှိတော့ဘူး။
မှတ်မိသလောက ပြောရရင် – ၁၉၈၈ မတိုင်ခင်ကလေးမှာ ဦးနေ၀င်း မဆလအစိုးရက ကျူရှင်ဥပဒေ ပြဋ္ဌာန်းဖူးတယ်။ ကျူရှင်တွေ ခေတ်စားလွန်းပြီး အစိုးရကျောင်းတွေ လူမလေးစားလို့ ဆိုလား၊ ကျူရှင်ဆရာတွေ အောင်မြင်တာကို မကြည့်စိမ့်လို့လား မသိဘူး။ ကျူရှင်တွေက စာသင်ခန်းတခု လူ ၅၀ ထက် မပိုရဘူး ဆိုလား၊ တလကို ငွေ ၁၀ ပဲ ယူရမယ် ဆိုလား။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကျူရှင်ဥပဒေပြဌာန်းတယ်။ ထောင်ဒဏ် ၃ နှစ် ဆိုလား ကျနော်က ဆိုလားတွေချည်း ရေးနေတာက အတိအကျအသေးစိတ်တွေကို ပြောချင်တာထက် အာဏာရှင်တွေ လုပ်တတ်တာတွေ ကို ပြန်ပြောချင်တာ အဓိကမို့လို့ပါ။ ပိုသိသူများ ၀င်ထောက်ပေး၊ ကျေးဇူးတင်ပါသည်၊ ကြိုဆိုပါ၏။
အဲသလို လုပ်လိုက်လို့ ကျူရှင်တွေ ဈေးကွက်ပျက်ကုန်တယ်။ မြေပေါ်ကျူရှင်တွေကနေ မြေအောက်ကျူရှင်တွေ ဖြစ်ကုန်တယ်။ စာသင်ခန်းတွေ ခန်းမကြီးတွေနဲ့ ကျောင်းသားတွေ ရာချီပြီး ဈေးချိုတဲ့ ကျူရှင်တွေ ပျောက်ကုန်ပြီးတော့ နီးစပ်ရာ လက်တို့ပြီး ကျိတ်သင် ကျိတ်တက်ရတဲ့ “၀ိုင်း” ကျူရှင်တွေ ပေါ်လာတယ်။ ကျူရှုင်တွေ ယူဂျီဖြစ်ကုန်တော့ မှောင်ခိုဈေးက ပိုကြီးတာပေါ့။ နောက်ပြီးတော့ ဘော်ဒါဆောင်ဈေးကွက်ကြီးတွေ  ဖြစ်ကုန်တော့ အလယ်တန်း၊ အခြေခံ လူတန်းစား ပညာရေးကနေ အထက်တန်းစားနဲ့ ကြေးရည်တတ် ပညာရေး ဖြစ်သွားတာပဲ အဖတ်တင်တယ်။ မဆလလည်း ဘာမှ ဆက်မလုပ်တော့ပါဘူး။ သည်လိုပဲ အသာလေး နောက်ဆုတ်သွားတယ်။ အမြင်ကတ်သူတွေ ကျူရှင်ဆရာတွေ ဖမ်းချင်ရင်တော့ အဲသည်ကျူရှင်ဥပဒေ ထုတ် ထုတ်သုံးတယ်လေ။ ဥပမာ အစိုးရကျောင်းက ဆရာတွေ အပြင်မှာ ကျူရှင်ပြရင် ဖမ်းပြီး ထောင်ချတာမျိုး။
နောက်တခုကတော့ သက္ကရာဇ် ၂၀၀၀ မှာ ပေါ်လာဖူးတဲ့ အလုပ်သမားဥပဒေ (ဆိုလား)။ နိုင်ငံခြားကို မြန်မာတွေ အလွန်ထွက်ပြီး အလုပ်သွားလုပ်၊ ပတ်စ်ပို့တွေ အလွန်လျှောက်ကုန်ကြတော့၊ အလုပ်ခန့်စာ (အတု) မှာက လစာလေးက ရာဂဏန်းလောက် ပြကြတာ မဟုတ်လား။ သူတို့ စစ်အစိုးရက ရွှေဥာဏ်တော်စူးရောက်ပြီး နိုင်ငံခြားငွေကို လည်ပင်းညှစ်တဲ့ အနေနဲ့ အဲသည်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ အခွန်ငွေကို ၁၀%  နိုင်ငံခြားငွေနဲ့ ဆောင်ရမယ်။ ပြီးတော့ တိုင်းပြည်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုကို လုပ်ကျွေးဖို့ ပိုက်ဆံ အနည်းဆုံး ၅၀% နိုင်ငံခြားငွေ ပြန်သွင်းရမယ် တဲ့။ မဆလခေတ်က သဘောင်္သားတွေကို ကုမ္မဏီက အစိုးရနိုင်ငံခြားဘဏ်မှာ သဘောင်္သားလစာ  ငွေသွင်းပေးထားရသလိုမျိုး သူတို့က ဆင်ကြံ ကြံတာပေါ့ဗျာ။
တခါတည်း ပြည်ပရောက် မြန်မာတွေ အာရှနိုင်ငံသွား မြန်မာတွေ အချင်းချင်းကြား ပွက်လောရိုက်လိုက်တာမှ။ ထိုင်း၊ မလေးရှား၊ စင်္ကာပူက တရားဝင် အခွန်ဆောင် သက်တမ်းတိုးနေသူတွေက အစိုးရရဲ့ လည်ပင်းညှစ်တာကို မခံမရပ်နိုင် အတော် ဖြစ်လိုက်ကြသေးတယ်။ မြန်မာသံရုံးက တောင်းသလောက် တလကို ၅၀၊ ၁၀၀ စသည်ဖြင့် အခွန်ဆောင်ရတယ်။ ပြီးတော့ ၅၀% ကိုလည်း နိုင်ငံခြားငွေ အစိုးရဘဏ်ထဲ ပြန်ထည့်ထားရဦးမယ် ဆိုတော့ ဘာပြောကောင်းမလဲ။ ဘာမှ ပြောမကောင်းဘူး၊ ပွက်လိုက်ကြတာ။ စစ်အစိုးရရဲ့ အဲသည် အလုပ်သမားဥပဒေက ၂၀၀၀ မတ်လောက်မှာ ပြန် ဖျက်သိမ်းလိုက်တယ် ကြားတာပဲ။
စစ်အစိုးရက သူတို့အာဏာသိမ်းခါစမှာ သပိတ်မှောက်ထားတဲ့ ၀န်ထမ်းတွေကို ရာဇသံပေးပြီး ရုံးပြန်တက်ဖို့ ဆင့်ခေါ်တယ်။ တချို့က အဲသည်ကတည်းက အလုပ်က ထွက်ကြတာပဲ။ သို့သော် အတော်များများ ရုံးပြန်တက်တော့ စစ်တပ်အာဏာသိမ်းတာက အောင်မြင်သွားတယ် ဆိုကြပါစို့။ သူတို့ သြဇာညောင်းတယ်ပေါ့ဗျာ။ အဲသည်မှာ ခေါင်းငုံပြီး ရုံးပြန်လာတဲ့ ၀န်ထမ်းတွေကို အပေါ်ကနေ ထပ်ချိုးတဲ့အနေနဲ့ မေးခွန်း ၆၀ ဆိုလား၊ ၃၀ ဆိုလား ၀န်ထမ်းတွေကို ဖြေခိုင်းတယ်လေ။ ဆန္ဒပြတုန်းက ပါသလား၊ ကွန်မြူနစ်တွေ သွေးထိုးတာကို သိသလား။ မင်းမဲ့စရိုက်တွေ ဖြစ်လာတာကို လက်ခံသလား၊ ဘာညာနဲ့ အတော် တဖက်သတ် ရန်စတဲ့ မေးခွန်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို နှိပ်တာပဲ။ အဲသည်မှာ မခံနိုင်သူ ၀န်ထမ်းတွေက အမှန်အတိုင်း စောဒကတက်ကြတော့ – အဲသည်လူတွေကို ”ထုတ်” ဆိုပြီး ရှင်းလိုက်သေးတာပဲ။
ပြောချင်တာက အခု စစ်မှုထမ်း ဥပဒေဆိုတာ တကယ်တမ်းက ဘာရယ်လို့ မဟုတ်ပါဘူး၊ သူတို့တတွေက ပြည်သူတွေကို စော်ကားချင်တိုင်း စော်ကားလို့ရတယ်။ ငါတို့က မင်းတို့ကို ဟိုအကောင်က ဟိုဟာကို နိုင်သလိုမျိုး နိုင်တယ်ဆိုတာကို တမင် ပြတဲ့အနေနဲ့ လုပ်ပြတာပါ။ ဘာရယ်လို့ မဟုတ်ပါဘူး။ ဘောလုံးကွင်းထဲ ဆင့်ခေါ်ပြီး ကြွေးကြော်သံတွေ အော်ခိုင်း၊ နေပူလှမ်းတိုင်း ခံတယ် ဆိုတော့ ပြည်သူတွေ ၀န်ထမ်းတွေ ဆရာတွေ ကျောင်းသားတွေကို ဆင့်ဆိုပြီးတော့ ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲတွေ ခဏ ခဏ လုပ်ဘူးသေးတယ် မဟုတ်လား။ နောက် ၂၀၀၇ သံဃာတွေကို သူတို့ သတ်ပြီးမှ ပြည်သူတွေကို အလကားနေ အလကား မစုခိုင်းရဲတော့တာလေ။ တော်ကြာ ၀ုန်းဆိုပြီး ပေါက်ကွဲမှာ သူတို့ ကြောက်ပါတယ်။
စစ်မှုထမ်းဥပဒေလို့ ထုတ်ပြန်လိုက်ရင် တကယ်တမ်း အကောင်အထည်မဖော်ခင်မှာတင်ပဲ လူတွေကော နိုင်ငံတကာမှာက အာရုံတွေ နောက်ပြီး ဦးနှောက်တွေ စားကုန်ကြပြီလေ။ ပြောလိုက် ဆိုလိုက် ဆွေးနွေးလိုက်ဖြစ်ပြီး လူတွေ သွေးတိုး၊ နှလုံး ရောဂါတွေ ဖြစ်အောင် သူတို့ဖက်က ပယောဂ သွင်းလိုက်တာ ပထမအဆင့်ကတော့ အောင်မြင်ပါပေရဲ့။
လူတွေက သူတို့ဖြစ်စေချင်သလို မဖြစ်ပဲ၊ ဒါကို တခဲနက် ဆန့်ကျင် ကန့်ကွက်တာ၊ ပြန်စိန်ခေါ်တာတွေနဲ့ ပြန်တုန့်ပြန်လာရင် သူတို့တတွေက ပြန်ပြီး ၀ပ်သွားမှာပါ။ အသာလေး ရှောချပြီး မသိဘာသာ နေလိုက်ဦးမှာ။
အာဏာသိမ်းထားတဲ့ အစိုးရက ဘာကိစ္စနဲ့ စစ်မှုထမ်းခိုင်းချင်ရတာလဲ။ သူတို့ပဲ တိုင်းပြည်အတွက် အကုန်လုံး တတ်နိုင် လုပ်နိုင်၊ သတ်နိုင် ဖြတ်နိုင်ပါတယ် ဆိုပြီး လူသတ်ပြီး တိုင်းရင်းသားတွေ ရွာတွေကို မီးရှို့ပြီး အာဏာသိမ်းထားတာ။ သူတို့ မတတ်နိုင် မလုပ်နိုင်တော့ရင် စစ်မှုထမ်းတွေ ထပ်ရှာနေစရာ မလိုဘူးလေ၊ အရှုံးပေးလိုက်ဖို့သာ ရှိတယ် ထင်တာပဲ။
ကျနော်တို့ သည်တိုင်းပြည်ကြီးကို ငြိမ်းချမ်းအောင် မလုပ်နိုင်ဘူး။ ထပ်ပြီးတော့ စစ်သားတွေလည်း ခေါ်မနေတော့ပါဘူး။ ပြည်သူတွေကို အပ်ပါတယ်။ ပထမဦးဆုံး စစ်မှန်ပြီး တရားမျှတတဲ့ ၁၉ ၉ ၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီတွေ၊ ခေါင်းဆောင်တွေကို လွှဲပါတယ်။ ဆက်လုပ်ကြပါ။ လိုတာရှိ ခိုင်းပါ။ လုပ်ပေးပါမယ် ဆို ပြီးပြီ။
သို့သော်လည်း စစ်အာဏာရှင်တွေမှာက ဘယ်လိုနည်းနဲ့မှ အဲသည်လို အမြင်ကျယ်တာ၊ စိတ်ကောင်းရှိတာတွေကို မျှော်လင့်လို့မရနိုင်တော့ သူတို့က သူတို့တတွေ လူထုကို ဆက်ပြီး ဖိနှိပ် ချုပ်ချယ်နိုင်သေးသလားကို သွေးတိုးစမ်းတဲ့ အနေနဲ့ ဒါမျိုးတွေ လုပ်ကြည့်တာပါပဲ။ ငါတို့က လွှတ်တော် အတုကြီးလည်း ဆောက်ထားပြီးပြီ။ ဒါကို လေးဘက်ထောက်ပြီး တက်မယ့်သူတွေလည်း ရှိနေပြီ။ ရွေးကောက်ပွဲတုန်းက ဟိုလိုလို ဒီလိုလို အသံတွေ ထွက်ခဲ့တဲ့ ပြည်သူလူထုကြီးကလည်း ငြိမ်နေတော့ အင်း … နည်းနည်းတော့ သူတို့ကို ပညာတော့ ပေးလိုက်ဦးမှပဲ။ လာလေရော့ စစ်မှုထမ်း ဥပဒေ … ကဲ ဒီတခါ နင်တို့ ၀ပ်နေရင် ငါတို့ ဂုတ်ပေါ် ဆက်ပြီး ခွစီးလိုက်ဦးမယ် ဆိုတဲ့ သဘောပါ။
ကဲ … ရုန်းလိုက်စမ်း ဖေ့သားကြီးရေ ဆိုလို့ကတော့
မောင်ရစ်တို့က တင်ပါ့ဘုရား ဆိုပြီး အနီးဆုံး စစ်သားစုဆောင်းရေးတပ်ကို ပြေးရုံပေါ့။
ဟုတ်လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts