ရသဆောင်းပါးစုံ

နှစ်ဆယ့်တနှစ်တာမလေးရှားမှာနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း – အပိုင်း (၁)

မောင်လူဝေး
ဒီဇင်ဘာ ၂၁၊ ၂၀၁၂
 ကျနော်လည်း မလေးရှားအစိုးရနှင့်မြန်မာအစိုးရကြားမြေဇာပင်ဖြစ်ရရှာ အုန်းမည့် မြန်မာအမျိုးသမီးလေးများဘ၀.. ဆောင်းပါးလေးကိုအပိုင်း (၁) (၂) ရေးပြီးတဲ့နောက်ဆုံး မှာ မှတ်ချက်လေးပေးခဲ့ပါတယ်၊ မလေးရှားရောက်မြန်မာအလုပ်သမားများဘ၀ ဆိုတဲ့ ဆောင်းပါးလေးတွေ ကိုဆက်ရေးမယ်လို မှတ်ချက်ပေးခဲ့ပေမဲ့ ..တော်တော်နဲ့ မရေးနိုင်ဘူး၊ မရေးနိုင်ဆို ပြည်တွင်းမှာ လှိုင်သာယာစက်မှုဇုံ ဖက်မှာ မြန်မာအလုပ် သမားများ လုပ်ခလစာတိုပေးရေး၊ အလုပ်သမား အခွင့်ရေးပေးရေးတို့ကို တောင်းဆိုတဲ့ ဆန္ဒထုတ်ဖေါ်ကြတဲ့သတင်းတွေက တမဟုတ်ချင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတဲ့အတွက် စိတ်က အဲဒီဖက်ကိုပြေးသွားပြီး နိုင်ငံသားအလုပ်သမားတဦး ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များဆိုတဲ့ ဆောင်းပါး အပိုင်း (၁)  (၂) နောက် … လေဘာရုံးဘာလဲ အလုပ်သမားဝန်ကြီးဘယ်လဲ..? အစရှိတဲ့ ဆောင်းပါးတွေရေးလိုက်၊မိုးမခ၀က်ဆိုက်ဒ်ကို ပို့လိုက်၊

တခါအင်တာနက်ကနေ ကိုယ့်တိုင်းပြည်ကသတင်းတွေကို ညဖက် အချိန်ပြည့်ရှာဖတ်လိုက်နဲ့၊  စာမရေးဖြစ်တာ နဲနဲကြာပြီမို့ လက်ရှိဒီဆောင်းပါးကိုတော့ ရေးမှဖြစ်မယ်ဆိုပြီး တညလုံးထိုင်စဉ်းစားပြီး ရေးလိုက်တာ….မနက်ကျတော့ အလုပ်ကမဆင်းနိုင်တော့ဘူး၊ နောက်ပြီးအိပ်ရေးပျက်ပြီး ဖျားနေတာနဲ့ သုံးလေးရက်လောက် အလုပ်မဆင်းနိုင်တော့ အလုပ်ရှင်တရုတ်သူဌေးက ကျနော့်ကိုဖုန်းဆက်တယ်။

မလေးရှားအခေါ် ..boss .ကဖုန်းခေါ်တယ်ပေါ့ …

ကျနော်လည်း hello..လို့ ပြန်ထူးလိုက်ရုံပဲရှိသေးတယ်။

ကျနော့်ကို ဖုန်းထဲကနေ တခါတည်းပြောတယ်.. you no need to come to work … တဲ့။

ကျနော်လည်းပြန်ပြောလိုက်တယ်..   good… i appreciate .လို့  … ဆိုတော့ ကျနော်လည်း အလုပ်ပြုတ်ရော။

တခါတည်းတရုတ်သူဌေးကို ကျနော်လည်းထပ်မေးတယ် ငါ့လစာလာယူမယ်.. ဆိုတော့ လကုန်မှ ပေးမယ်ပြောတယ်၊

ကျနော်ကလည်းထပ်ပြောတယ် ။

“မင်းပေးထားတဲ့အိမ်မှာ ငါနေတာမဟုတ်ဘူး၊ ငါ့ဘာသာ အိမ်ဌားနေရတာ၊ အိမ်လခမပေးရင် အိမ်ရှင်နဲ့ ငါ ပြဿနာဖြစ်မယ်၊ မင်းတို့ တရုတ်တွေအကြောင်းလည်း မင်းအသိပဲ၊ ပိုက်ဆံနဲ့ ပတ်သတ်ရင် မိဘအရင်းတောင် မင်းတို့က ရတာမဟုတ်ဘူး၊ ငါ့မှာအိမ်လခ ပေးဖို့ ပိုက်ဆံမရှိဘူး။ မနက်ဖြန်လာယူမယ် … ”

လို့ ကျနော်လည်းခပ်ပြတ်ပြတ်ပြောလိုက်ပြီးဖုန်းချပစ်လိုက်တယ်

မနက်ဖြန်ရောက်တော့ ခပ်တည်တည်နဲ့ စက်ရုံကိုသွားလိုက်တယ်။ သူဌေးတော့မတွေ့ဘူး။ ကျနော်နဲ့အလုပ်အတူလုပ်နေတဲ့ မြန်မာတယောက်ကို ကျနော့်လုပ်ခ လစာကို ကျနော်အလုပ်ဆင်းတဲ့ time card လေးနဲ့အတူ စာအိတ်လေးထဲထည့်ထားပြီး ပေးထားခဲ့တယ်။

time card. ဆိုတာလေးကိုလည်း ရှင်းပြအုန်းမယ်။ ကျနော်တို့အလုပ်ဆင်းရင်time card ထိုးရတယ်။ စက်လေးထဲကို အဲဒီကဒ်လေး ထိုးထည့် လိုက်..အ၀င်၊ အထွက် မှတ်တာပေါ့ဗျာ။ မနက် ၈ နာရီအလုပ်ဆင်းရတယ်၊ နောက်ကျရင် အဲဒီစက်လေးက မှင်ကအနက်မဟုတ်တော့ဘဲ အနီရောင်ဖြစ်သွားတယ်၊ အဲဒီလိုအလုပ်သမားအပေါ်မှာ လုပ်ငန်းရှင်တရုတ်သူဌေးက အတိအကျ ကို ကိုင်ထားတာ…အဲဒီ time card မှာ နောက်ကျလို့ မှင်နီတာတွေ့ရင် တရုတ်သူဌေးကခေါ်ပြီး ဆူတော့ပူတော့တာ။

ကျနော်ကလည်းပြန်ပြောတယ်။

“မင်းတို့ညနေငါတို့အလုပ်ဆင်းချိန်မှာလည်း တခါတလေ ပစ္စည်းတွေရောက်လို့ ပစ္စည်းတွေကုန်အောင် ချနေရတဲ့အခါ ငါတို့အိမ်အပြန်ခုလိုပဲ  ငါးမိနစ် ဆယ်မိနစ်နောက်ကျတာပဲ..ဒါမျိုးကျတော့ မင်းတို့ပါးစပ်တွေပိတ်နေတယ်။ တခါတရံ ငါတို့နောက်ကျတဲ့ ၂မိနစ် ၃မိနစ်လောက်ကိုလည်း မင်းတို့အဲလိုပြောနေရင် ငါတို့အလုပ်သိမ်းချိန်မှာလည်း အတိအကျပြန်မယ်၊ တကယ်လို့ မင်းတို့ပစ္စည်းတွေ ရောက်လာတဲ့အချိန် ငါတို့အလုပ်ပြီးလို့  ပြန်မဲ့အချိန်နဲ့ကြုံနေရင် နာက်ရက်မှ ပစ္စည်းတွေချပေးမယ်။ ဘယ်လိုလည်း သဘောတူလားလို့.? ”

ကျနော်က မေးလိုက်တော့ တရုတ်သူဌေးလည်း ပါးစပ်ပိတ်နေတော့တယ်။

ကျနော်သိတယ်၊ မလေးရှားတရုတ်တွေက ပြောတတ်ဆိုတတ်၊ နားလည်နေရင် ..သိပ်မကြိုက်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူတို့လုပ်ချင်သလိုသိပ်ပြီးတော့ လုပ်လို့မရတော့လို့ပဲ။နောက်ပြီး ကျနော့်မိတ်ဆွေ မလေးတရုတ်တယောက်ကလည်း ပြောဖူးတယ်၊ တရုတ်သူဌေးတွေက ကျွမ်းကျင်တဲ့ သူ.. တတ်သိနား လည်တဲ့သူကို လိုချင်တယ်ဆိုတာ..စကားအဖြစ်ပြောတာတဲ့..တကယ်တန်းကျတော့ ဘာမှမသိရင်၊နားမလည်ရင်ပိုကြိုက်တယ်လို့ ကျနော့်ကိုပြောဖူးတယ်၊ အဲဒီတရုတ်လည်း မကြာဖူး.. အလုပ်ပြောင်းတာပဲ၊…ကျနော့်လုပ်ခလစာကို ကျနော့်ကို တိုက်ရိုက်မပေးဘူးဆိုကတဲက .. ကျနော်သဘောပေါက်ပါတယ်။

တရုတ်သူဌေး က ကျနော်နဲ့မျက်နှာချင်း မဆိုင်ချင်လို့ ပါ….ဘာပဲဖြစ်ဖြစ်လေ..ကျနော့်လစာကို ရခဲ့ပြီဖြစ်တဲ့အတွက်..ဒီလနဲ့ နောက်လ အတွက်တော့ နဲနဲအဆင်ပြေတာပေါ့။ ဒါနဲ့ ကျနော်လည်း အလုပ်မရှိတော့ အားတာနဲ့  မလေးရှားရောက် မြန်မာအလုပ်သမားများဘ၀ ..ဆိုတဲ့ ဆောင်းပါးလေးရေးရအုံးမယ်ဆိုတာ ပြန်အမှတ်ရပြီးရေးလိုက်တာပဲ.။

ကျနော်နေတဲ့ အိမ်နဲ့မျက်နှာချင်းဆိုင်ဖက်မှာ ကျနော့်အိမ်ရှေ့နဲ့ ခပ်လှမ်းလှမ်း ၀ါးသုံးပြန်လောက်မှာ တရုတ်စားသောက်ဆိုင်တဆိုင်ရှိတယ်..အဲဒီဆိုင်မှာကျနော်တို့ ညတိုင်းရေနွေးကြမ်းသောက်..လက် ဖက် ရည် သောက်နဲ့ ..အမြဲတမ်းအားပေးတဲ့ဆိုင်ဆိုတော့ ထိုင်ရတာအဆင်ပြေပါတယ်။

အဲဒီမှာညတိုင်းနီးပါးလောက်ထိုင်ဖြစ်ကြရင်း ကျနော့်ညီလိုခင်ရတဲ့အညာဖက်က အညာသားလေးတယောက်ရှိတယ်၊ သူကလည်းအင်မတန်သိချင်၊တတ်ချင်တဲ့ကောင်လေးဆိုတော့ သူမေးတာတွေကိုဒိုင်ခံရှင်းပြ၊ေ ပြောပြနဲ့ ဒီကောင်လေးလည်း ခုတော့ သူ့ အလုပ်ရှင်သူဌေးက နဲနဲအလျှော့ပေးလိုက်တယ်။အရင်ကဆို ဒီကောင်လေးအလုပ်က တလမှာ တလလုံး အလုပ်လုပ်ရတယ်၊ တရက်မှ နားရက်မရှိဘူး၊ အရင်ကတော့ မနက် ၃း ၃၀လောက်ထပြီး အလုပ်လုပ်ရတယ်.။ ပြီးတဲ့အချိန်က ညနေ ၄း ၃၀လောက်မှပြီးတယ်၊။ တနင်္ဂနွေနေ့ ၊ အများသူငါ အလုပ်ပိတ်ရက်လည်းမနားရဘူး၊ gazette holiday (သမိုင်းဝင်အစိုးရရုံးပိတ်ရက် )လည်း မနားရဘူး၊ အလုပ်သမားအခွင့်အရေးတွေ၊ မလေးရှားရဲ့အလုပ်သမားဥပဒေတွေအကြောင်းတွေကို.. ကျနော်လည်း ကျနော်လေ့လာထားသလောက် ပြောပြတော့ ကောင်လေးက တဖြည်းဖြည်းသဘောပေါက်လာပြီး တရုတ်သူဌေးကို ဥပဒေကြောင်းအရ အချက်အလက်နဲ့(meeting)  မှာပြောတာ.. ခုတော့ ဒီကောင်လေး လည်း အလုပ်ချိန် မနက် ၈ နာရီဆင်းဖြစ်ပြီး တနင်္ဂနွေနေ့ဆိုရင် နားရက်ရလာတယ်။ တပါတ်ကို တရက် နားရက်ရ လာတော့တာပေါ့လေ။

ကျနော်ကလည်း ဒီကောင်လေးကို ညီလေးအရင်းတယောက်လို ချစ်ခင်တော့ အနေအထိုင်၊ အ၀တ်အစား ၀တ်တာကအစ၊  စကားပြောတာအဆုံးပေါ့.. သင်ပေးထားတယ်။ ကောင်လေးက အစစအရာရာပြောင်းလဲလာတာကို သူ့အလုပ်ရှင်သူဌေးက ရိပ်မိတယ်၊ သူ့အလုပ်မှာလည်း တခြားဗမာအလုပ်သမား လေးယောက်လောက် ရှိသေးတယ်၊ အဲဒီကောင်တွေကတော့ ဘာမှမသင်ဘူး၊ သိလည်းမသိချင်ဘူး၊ သူတို့ကတော့ မနက်လင်း အလုပ်လုပ်လိုက်၊ အလုပ်ပြီးရင် အရက်ကလေးသောက်လိုက်၊ အပျင်းပြေ ဖဲ ရိုက်လိုက်နဲ့၊  မလေးစကားလည်းဘာမှ ဟုတ်တိပတ်တိမသိဘူး၊ အင်္ဂလိပ်လိုတော့ . .ဝေးရော့ပဲ…. ဆိုတော့၊ ကျနော့်ကောင်လေးနဲ့ အဲဒီလေးယောက်နဲ့တော့ တခြားစီပဲလေ၊ခံယူချက်ချင်း၊  ယုံကြည်ချက်ချင်းမတူကြဘူးကိုး။

ကျနော်ကောင်လေးက ကွန်ပြူတာကို ကျနော့်ဆီက သင်တယ်၊အခြေခံပေါ့လေ၊ ပြီးတော့ ငွေလေးစုပြီး လက်တော့ပ်လေး  ( laptop ) .. တလုံးဝယ်လိုက်တော့ …ဟော … အခုတော့ အရင်လို အချိန်ပြည့်အလုပ်ကြမ်းသမား မဟုတ်တော့ပဲ .. ကွန်ပြူ တာလေးနဲ့ ရုံးခန်းထဲမှာ စာရင်းရေးရတယ်၊ ပစ္စည်းစာရင်းတွေကို ကွန်ပြူတာနဲ့ ရေးပြီးမှတ်ရတယ်၊  လစာကိုလည်း သူဌေးက တိုးပေးလိုက် တယ်.. တိုးပေးလိုက်တာက အကောင်းတိုပေးလိုက်တာ မဟုတ်ဘူး၊ ဒီကောင်လေးက အလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမားဥပဒေတွေအကြောင်းကို အရင်နဲ့စာရင် သိတတ်နားလည်လာတော့ ၊တနင်္ဂနွေ အလုပ်ပိတ်ရက်တင်မဟုတ်ဘူး၊ gazette holiday..( သမိုင်းဝင်ရုံးပိတ်ရက် )တွေ ပါ.. နားရက်.( သို့ ).လုပ်ခလစာ သုံးဆတွေ ထပ်တောင်းလာတော့မှာသိလို့ ..သူ့အလုပ်ရှင်သူဌေးက သူ့ကို ကြိတ်ပြီးလစာတိုးပေးလိုက်တယ်၊ ဒါပေမဲ့လည်း ဒီကောင်လေးက တောက်မဲ့မီးခဲတရဲရဲ လို့ ပဲ ပြောရမလားပဲ၊ လုပ်ငန်းရှင်ဖြစ်ချင်တယ် တဲ့။

တရုတ်တွေဆီမှာ အလုပ်သမားအဖြစ်နဲ့ မလုပ်ချင်တော့ဘူး၊ ဒီနှစ်ကုန်ရင် သူက အလုပ်ထွက်မယ် ၊ ပြီးတော့ လုပ်ငန်းတခုကို လုပ်မယ်တဲ့…။  ကျနော်ကလည်း သဘောတူတယ်၊ အေး.ကောင်းတယ်..အားပေးတယ်.လုပ်ကွ.. …။ ချမ်းသာတာကောင်းတယ်လို့ … ကျနော်လည်းပြော လိုက်တယ်။

ကောင်လေးကသူ့ မြန်မာပြည်တုန်းက ဆိုင်ကယ်လည်း မမောင်းတတ်ဘူး၊ ကားလည်း မမောင်းတတ်ဘူး၊  ကောင်လေးက ကျနော့်ကိုသင်ပေးပါဆိုလို့ ကျနော်လည်း သင်ပေးလိုက်တာ ခုတော့ မလေးရှားမှာ ဆိုင်ကယ်တွေမောင်း၊ ကားတွေလည်းမောင်းတတ်နေပြီ။ အမှန်အတိုင်းပြောရရင် အဲလိုလူငယ်လေးတွေကို ကျနော် မြေတောင်မြှောက်ပေးရတာ ကျေနပ်တယ်။

သူကပြောသေးတယ်။ coolie is must becoming coolie , coolie is not becoming rich man ..တဲ့။ သူက ကျနော့်ကို အဲလိုပြောတော့ ကျနော် တော်တော်သဘောကျတယ်၊ ဟုတ်တယ်လေ. အလုပ်သမားဟာ အလုပ်သမားပဲဖြစ်လာမှာပေါ့၊ အလုပ်သမားဟာ လူချမ်းသာတော့ ဘယ်ဖြစ်ပါ့မလဲ..  အဲ. .ဖြစ်ချင်ရင်တော့ အလုပ်သမားဘ၀မှာကတည်းက အလုပ်လုပ်ရင်း  ပညာဆည်းပူးပေါ့၊ ပညာဆည်းပူးရင်းလည်း  အလုပ်လုပ်ပေါ့၊ မလေးရှားမှာ လျှပ်စစ်မီးမှန်တယ်၊ကွန်ပြူတာတွေ လွယ်လင့်တကူ ၀ယ်လို့ရတယ်၊ အင်တာနက်လိုင်းကိုလည်း မြန်မာပြည်မှာလို  ဘာအတွက် သုံးတာလဲ.ဟိုမေး သည်မေး ဘာမှအစစ်ခံစရာမလိုဘူး၊

ဒီတော့ ကိုယ့်တိုင်းပြည်မှာ မှန်မှန်မပေးနိုင်တဲ့ လျှပ်စစ်မီးနဲ့သုံးမှရတဲ့ ကွန်ပြူတာသင်တာ၊ တတ်ထားတာ ကောင်းတာပေါ့၊

အလုပ်သမားအတွေးမျိုးမတွေးနဲ့.. လုပ်ငန်းရှင်အတွေးမျိုး.. လုပ်ငန်းရှင်အနေအထိုင်မျိုး.. လုပ်ငန်းရှင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သိ တတ်၊နားလည်ရမဲ့ အတွေးအခေါ်တွေ၊ သင်ယူလို့ရတဲ့ပညာတွေကိုေ လ့လာကျိုးစားထားရင်တော့ အလုပ်သမားဘ၀ က လွတ်နိုင်ပါတယ်လို့. . ပြောလိုက်ဘူးပါတယ်။

● ကျနော် ဗမာပြည်ကပြေးလာပြီ..

ကျနော်မလေးရှားကို ၁၉၉၀ ရွေးကောက်ပွဲမဲပေးပြီးတော့ ထွက်လာတာပဲ။ အထဲမှာလည်း နေလို့က သိပ်အဆင်မပြေတော့ဘူး၊

သိပါတယ်..’’ ထောက်’’(ထောက်လှမ်းရေး)တွေကလည်း ကျနော့်အိမ်ကို လာမေးကုန်ပြီ၊ ထောက်လှမ်းရေးသတင်းပေးများကလည်း ကျနော့်အိမ်နားမှာ ၀ဲဝဲနေတယ်၊ကျနော့်သူငယ်ချင်းတယောက် (ယခုအမေရိကန်တွင်နေထိုင်သူ)ကိုတော့ ကျနော့်ရှေ့တင်ဆွဲသွားပြီ။.

သူ အထဲရောက်သွားပြီးနောက် ၁၉၈၉ အာဇာနည်နေ့ချီတက်ပွဲမှာ ကျနော်လည်းပါတယ်။ စုရပ်က အခုအန်အယ်ဒီရုံးချုပ်ရှေ့မှာပေါ့။ အစက အန်တီစုကိုယ်တိုင် လူထုနဲ့ ချီတက်မယ်ပေါ့။ ၁၈.ရက်နေ့ ညတညလုံး အန်တီစုတို့ လူကြီးတွေနဲ့ ချီတက်ဖို့ကို အကြိတ်အနယ် တိုင်ပင်ကြတယ် ပြောတယ်။ နောက်တော့ အန်တီစုကပြောလိုက်တယ်၊ကိုယ့်အိမ်ကနေပဲ အာဇာနည်ကြီးတွေကို အရိုအသေပြု.. အလေးပြုပါလို့ ပြောတယ် လို့ပြောပါတယ်။

အဲဒီအချိန်က ဘဘဦးတင်ဦးက ရုံးအဆောက်အဦးအတွင်းထဲကနေ ခေါင်းဆောင်တွေကိုပြောပြနေတာကို မြင်နေရတယ်။ ကျောင်းသားတွေရော၊လှုပ်ရှားတက်ကြွတဲ့ လူငယ်တွေရော လူအုပ်ကတော်တော်များတယ် ၊နောက်…. အားလုံး ဆက်ပြီး ချီတက်မယ်လို့ ခေါင်းဆောင်ပိုင်းကပြောတယ်။အားလုံးကလည်း ချီတက်မယ်ဆိုပြီး ဆုံးဖြတ်ပြီး ချီတက်ကြတာ။ .ရွှေတိဂုံအရှေ့ဖက်မုဒ် မှာစစ်တပ်က တန်းစီပြီးစောင့်နေပြီ၊ တီအီးစစ်ကားတွေရော..လက်နက်အပြည့်အစုံ.သေနတ်ထိပ်မှာလည်း ဘက်နက်ဂ် တွေနဲ့.၊ကျနော်တို့ လူအုပ်စုတွေအားလုံးကလည်း ဆက်ပြီးချီတက်ကြတယ်၊ စစ်တပ်ကလည်း လူစုခွဲဖို့ အသံချဲ့စက်နဲ့အော်နေရင်း သူတို့ကလည်း  ကျနော်တို့လူအုပ်ဖက်ကို တိုးလာပြီ၊ ကျနော်တို့ကလည်းဆက်ချီတက်ရင်း ရှေ့ဆုံးက ကျောင်းသားအုပ်စုထဲက ခေါင်းဆောင်က. ပန်းချီပန်းပုကျောင်းရှေ့နားက မကျီးပင်အောက်နားလည်း ရောက်ရော.ကျနော်တို့ရှေ့ဆက်သွားလို့ မဖြစ်တော့တဲ့အတွက်. .. ဒီမှာတင်ပဲ လွမ်းသူ့ပန်းခွေတွေကိုချပြီး.. အာဇာနည်တွေကိုဂုဏ်ပြုမယ်လို့ ပြောပြီး ပန်းခွေတွေလည်းချပြီး အလေးပြုတုန်းမှာပဲ စစ်ခွေးတွေကပြေးလာပြီး ကိုက်တော့တာပဲ။

အားလုံးလည်းဝရုန်းသုံးကားပေါ့ဗျာ။ အားလုံးပြေးသူပြေးကြ၊ ဒဏ်ရာရတဲ့သူတွေနဲ့ ၊သွေးထွက်သံယိုတွေပေါ့။ ကျနော်လည်း အတော်ခံလိုက်ရတာ၊ဒါပေမဲ့ဘုန်းကြီးကျောင်းထဲကို ၀င်ပြေးရင်းနဲ့ လွတ်သွားခဲ့တယ်၊ ဘုန်းဘုန်းတွေကတော့ … ”တောက်” တခေါက်ခေါက်နဲ့ မိန်းကလေး၊ ယောင်္ကျားလေး အားလုံးကို ကျောင်းထဲကိုသွင်းပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးထည့်ပေးတာ။ အားလုံး လုပ်ပေးကြတာကို ခုထိ ကျနော်မြင်ယောင်နေသေးတယ်။

နောက်အဲဒီကစပြီးအန်တီစုကိုလည်း ဆူပူမှု့ဖြစ်အောင်လှုံ့ဆော်တယ်၊ဘာညာဆိုပြီးထိမ်းသိမ်းလိုက်တာပဲ။ အဲဒီချီတက်ပွဲကနေ. ကျနော် လည်းအိမ်ပြန်ရောက်တော့ အခြေအနေက မကောင်းတော့ဘူးဆိုတာကို သိတယ်၊သူငယ်ချင်းတွေကလည်းသတိပေးနေကြပြီဆိုတော့ကျနော်လည်းနယ်မှာရှိတဲ့ကျနော့်အမျိုးတွေဆီကိုရောက်သွားတယ်၊ နယ်မှာလည်းကျနော်အခါအခွင့်ရရင်ရသလိုခါကြီးရက်ကြီးတွေမှာ စာတွေဖြန့် တာတွေလုပ်တာပဲ၊နောက်တော့ ၁၉၉၀ .မှာ အထွေထွေရွေးကောက်ပွဲလုပ်တော့ ရန်ကုန်အိမ်ပြန်ရောက်လာပြီး အန်အယ် ဒီအောင်နိုင်ရေးကို တဖက်တလမ်းကနေလုပ်တာပဲ၊ဒါပေမဲ့ကျနော်က ပါတီမ၀င်ဘူး၊ အဲဒီနောက်မှာတဖြည်းဖြည်းအခြေအနေကဆိုးသထက်ဆိုးလာတော့ ..ကျနော်လည်း ..လစ်တာပဲ. ကောင်းတယ်ဆိုပြီး ပြည်ပကို  မြ၀တီကနေ မဲဆောက်၊မဲဆောက်မှာ သုံးရက်လောက်နေလိုက်သေးတယ်၊ ..နောက် .သူငယ်ချင်းတွေနဲ့ အတူ မလေးဖက်ကိုရောက်လာတယ်..ကျနော်တို့ခေတ်က မလေးထဲကို ထိုင်းကနေ လူပွဲစားကို ပိုက်ဆံပေးပြီး ခိုးဝင်လာရတာ၊ ညဖက်တွေမှာ ချောင်းကူး၊ မြောင်းကူးနဲ့၊ ထိုင်းနယ်စပ် ဆွန်ဂိုင်းဂလုပ်နဲ့ မလေးနယ်စပ်ကိုတာဘာဒူးမြို့ ကြားထဲမှာချောင်းတခုရှိတယ်၊ အဲဒီချောင်းကို လူပွဲစားတွေနဲ့ ညဖက် ၂ နာရီလောက်ကြီးကို ခိုးဖြတ်ရတယ်၊အဲဒီချောင်းကို ဖြတ်တာလဲပြောရအုန်းမယ်၊ချောင်းရဲ့အကျဉ်းဆုံးနေရာ မလေးဖက်ကမ်းကိုပွဲစားတွေက စက်လှေနဲ့ညနေမိုးချုပ်ချုပ်လောက်ကတဲက ကြိုးတန်းပြီးချည်ထားခဲ့တာ၊ ကြိုးတစကို ဆွန်ဂိုင်းဂလုပ်ဖက်ကကမ်းစပ်နားမှာမမှောင်ခင်တော့ရေထဲမှာမြှုပ်ထားလိုက်ပြီးကြိုးစကိုတနေရာဖွက်ပြီးချည်ထားတယ်၊ကျနော်တို့သွားမဲ့ညဖက် ၂နာရီလောက်မှာလူတွေအုပ်စုလိုက်ဆင်းလာပြီးအဲဒီကြိုးကိုလက်ကနေကိုင်ထားရင်းအဲဒီချောင်းကိုကူးရတာပဲ၊ချောင်းက ရေက လည်ပင်းလောက်ရောက်လိုက်၊ရင်ညွန့်လောက်ရောက်လိုက်၊တခါတခါ ရေထဲကချိုင့်တွေထဲဆင်းမိရင်းပါးစပ်လောက်ထိရောက်လိုက်နဲ့၊မလေးဖက်ကမ်းရာဘာတောထဲကိုရောက်အောင်ကူးသွားရတာပဲ။

အဲဒီကတဆင့် ရာဘာတောတွေထဲကို မြွေမကြောက်..ကင်းမကြောက်..ရင်ညွန့်လောက်ရှိတဲ့ ကိုင်းပင်တွေထဲကနေ ဖြတ်လာရတာ၊ မှောင်မဲနေလို့ ဘာမှလည်းမမြင်ရဘူး၊ နားတွေလည်းအူနေပြီး ထမင်းတွေလည်း ငတ်တယ်၊အဲဒီရာဘာတောထဲမှာ တညအိပ်ရသေးတယ်၊အခြေအနေမကောင်းလို့..သို့မဟုတ်..မလေးဖက်ကလူနဲ့မချိပ်မိသေးလို့ လို့ပြောတာပဲ၊ တောထဲမှာစကားကျယ်ကျယ်ပြောလို့မရဘူး၊ ကုပ်နေရတာ၊အဲဒီအခါထမင်းကတော့ဥပုတ်ဒ် စောင့်ရတာပေါ့၊ နောက်အဲဒီကနေဘူတာကိုအစုလိုက်တွေသွားရတယ်၊လက်မှတ်ကမလေးဖက်ကလူကကြိုဝယ်ထားပြီးသား.ရထားလာတော့ ရထားစီးပေါ့။ရထားပေါ်မှာလည်းစကားလုံးဝမပြောရဘူး၊ပွဲစားကကျွေးရင်စားရတယ်၊မကျွေးရင်ငတ်တယ်၊နောက်တော့..ကေအယ်..kualalumpur. ကိုရောက်ပေါ့…နောက်ပွဲစားကအလုပ်ထည့်ပေးတယ်၊ အဲဒီအချိန်တုန်းက မလေးရှားမှာ ဗမာလူမျိုးက ခုလောက်မရှိဘူး၊ အလုပ်တွေကလည်းတနေ့မှ မလေးရင်းဂစ်. ၁၆ရင်းဂစ်ပဲပေးတာ၊..အဲဒီတုန်းက မလေးရှားက မလေးလူမျိုးရော၊ မလေးရှားတရုတ်ရော၊ မလေးအိန္ဒိယလူမျိုးတွေရော..ဗမာနိုင်ငံသားဆိုတာကို သိပ်မသိကြသေးဘူး၊ ဘယ်ကလာလဲ..လို့ ကျနော့်တို့ကိုမေးရင်  i come from burma.. လို့ ပြောရင် ..သူတို့မသိဘူး၊ ဘားမားဆိုတာကို သူတို့မကြားဖူးဘူးဗျ ၊  အဲဒီကာလက မလေးတရုတ်တွေအများစုက အင်္ဂလိပ်စကားကို broken တောင် မပြောနိုင်ကြသေးဘူး၊  မလေးရဲတွေကလည်း ကျနော်တို့ကို မလေးလူမျိုးပဲ ထင်နေတာ.. မလေးလူမျိုးကိုကြည့်ချင်ရင်  ဗမာလူမျိုးကို သာ ကြည့်လိုက်..အတူတူပဲ..အရပ်အမောင်း၊ အသားအရေ..အကုန်တူတယ်. မလေးလူမျိုးတွေကလည်းအိမ်မှာနေရင် ကျနော်တို့လိုပဲ လုံချည်ဝတ်တယ်..အဲဒီလုံချည်ကို သူတို့ကဘယ်လိုဝတ်သလဲဆိုရင်ကျနော်တို့ ဗမာဘုန်းကြီးတွေ သင်းပိုင်ဝတ်သလို ရှေ့ပိုင်းကခေါက်ပြီးဝတ်ကြတယ်၊ င်္အကျီကိုလည်း ကျနော်တို့ဗမာတွေလိုပဲ ၀တ်တယ်၊ ထမင်းစားတော့လည်း ကျနော်တို့ဗမာတွေလိုပဲ လက်နဲ့ပဲ လက်ဆေးပြီးထမင်းစားတယ်၊ မလေးတရုတ်တွေကတော့ ဇွန်း ခရင်းနဲ့..သို့.. တူ တွေနဲ့ စားကြတယ်၊ နယ်မြေအလိုက်မလေးရဲတွေက ပတ္တရောင်လှည့်တဲ့အခါ မီးတန်းကားပေါ့.( .ကားခေါင်မိုးပေါ်မှာမီးတန်းပါတဲ့ကား.. ) တချို့တော့လည်း ဆိုင်ကယ်တွေနဲ့ နှစ်စီးသုံးစီးလောက် အုပ်စုလိုက် လှည့်တယ်၊တခါကတော့ ကျနော်ကလည်း အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာကိုယ့်ပတ်ဝန်းကျင်နားကို ရှောက်သွားကြည့်တယ်၊ စားသောက်ဆိုင်ဆိုင်းဘုတ်တွေ၊အလုပ်ကုမ္မဏီ ဆိုင်းဘုတ်တွေကို တွေ့တော့ လိုက်ဖတ်ကြည့်တာပေါ့လေ၊  သူတို့ဆိုင်းဘုတ်တွေကလည်း အင်္ဂလိပ်အက္ခရာနဲ့ရေးထားတာ..ဒါပေမဲ့ ..ကျနော်နားမလည်ဘူးဖြစ်နေတယ်..( ဥပမာ)..ဆိုပါတော့..အင်္ဂလိပ်လို. restaurant..ဟာ..ဗမာလိုတော့ စားသောက်ဆိုင်ပေါ့.. ဒါပေမဲ့ ကျနော်တွေ့နေရတဲ့ အင်္ဂလိပ်စာက ..restoran. ဖြစ်နေတယ်။

ကျနော်တို့နားလည်တာက အင်္ဂလိပ်လိုပြောတတ်ရင် ဘယ်နိုင်ငံဖြစ်ဖြစ်ရတယ်လို့ပဲထင်နေတာကိုး၊သူတို့မိခင်ဘာသာစကားရှိတာကိုကျနော်တို့နားမလည်ဘူး၊မသိခဲ့ဘူး၊ထိုင်းလည်းအဲလိုပဲ၊ဒါပေမဲ့ထိုင်းက ထိုင်းအက္ခရာနဲ့ရေးထားတာဆိုတော့ရှင်းတယ်လေ၊ မလေးရှားနိုင်ငံကမိခင်ဘာသာစာကတော့မလေးအက္ခရာတွေနဲ့ရှိမယ်လို့ပဲနားလည်ထားတာဆိုတော့၊စားသောက်ဆိုင်တွေ၊ကုမ္မဏီဆိုင်းဘုတ်တွေလိုက်ကြည့်ပြီးလိုက်ဖတ်ရင်းနဲ့ ကျနော်လည်း ဇဝေဇ၀ါဖြစ်နေတယ်၊..ငါ…များအင်္ဂလိပ်စာလုံးပေါင်း မှားနေသလားပေါ့.. မေးရအောင်ကလည်း အဲဒီကာလက ဗမာက ကျနော်နေတဲ့နားမှာ သိပ်မရှိဘူး၊ ရှိတဲ့ဗမာတွေကလည်း တဦးနဲ့ တဦး မခေါ်မပြောကြဘူး၊ ဘာဖြစ်လို့ဆိုတော့ အဲဒီကာလက ခိုးဝင်လာကြတာဆိုတော့  “ ရဲ “ မသိစေချင်တာလဲပါတယ်၊ ဗမာလိုတွေပြောရင် “ ရဲ” ကသိမယ်၊ ဒါကြောင့် အဲဒီကာလက ဗမာအချင်းချင်းလည်း စကားမပြောကြဘူး၊ အဲဒီတုန်းက ဗမာလူမျိုးဆိုလို့ မလေးမှာ..ရန်ကုန်ကလူတွေလောက်နဲ့ မွန်လူမျိုးတွေလောက်ပဲ ရှိကြတာ၊ မွန်တွေကလည်း တောသူတောင်သားမွန်တွေများပါတယ်၊အတန်းပညာသိပ်မရှိကြဘူး၊ တချို့ ဗမာစကားကိုတောင် ကောင်းကောင်းမပြောတတ်ကြဘူး၊

တချို့ကတော့ ဗမာနဲ့ စကားမပြောချင်တာလည်းပါတယ်၊ သူတို့ကလည်း “မွန်” လူမျိုး ဆိုပေမဲ့ ..ဒီကတရုတ်တွေ..ဒီမလေးနိုင်ငံသားများက မေးရင် ထိုင်းလူမျိုးလို့ပြောထားတာ..အဲဒီမွန်တွေက ထိုင်းမှာအနေကြာပြီးမှ မလေးကိုလာကြတာဆိုတော့ဒီမှာသူတို့ ထိုင်းလူမျိုးပါလို့ပြောထားတတ်တယ်၊ ဒီတော့ သူတို့ကိုလည်း ထိုင်းပဲ ထင်တာပေါ့။ ကျနော်လည်း စောစောပြောတဲ့ ဆိုင်းဘုတ်တွေက အင်္ဂလိပ်စာလုံးနဲ့တော့ရေးတယ်၊အသံထွက်က တမျိုးကြီးဖြစ်နေတာပေါ့လေ၊ နောက်.တော်တော်ကြာမှ မလေးလိုရေးထားတာဆိုတာသိရတာ၊ မလေးစကား ဟာလည်း A .to.Z အင်္ဂလိပ်အက္ခရာ သုံးပြီး မလေးအသံထွက်တာဆိုတာကို နောင်များတော်တော်ကြာမှ သိခဲ့ရတာပါ၊ အဲဒီကာလက မလေးရှားဝန်ကြီးချုပ်က ဒေါက်တာမဟာသီယာမိုဟာမက်ဖြစ်ပြီး…ဒု ၀န်ကြီးချုပ်ကတော့ အခု အတိုက်အခံပါတီ.P K R.ကခေါင်းဆောင်. .အန်န၀ါအီဘရာဟင် ပါပဲ၊…နိုင်ငံခြားရေးဝန်ကြီးကတော့အဲဒီကာလတုန်းက ..ဗမာပြည်ကို ၁၉၉၇ခုနှစ်မှာ အာစီယံထဲကိုဆွဲသွင်းဖို့ ၀န်ကြီးချုပ်ဖြစ်သူ မဟာသီ ရဲ့အစီအစဉ်နဲ့ ဗမာပြည်ကို လွန်းပြန်ခဏခဏသွားနေတဲ့ အက်ဒ်ဗ်ဒူလာဘာဒါဝီ ပဲဖြစ်တယ်.( နောင်တချိန်မှာဝန်ကြီးချုပ်မဟာသီအနားယူတော့ .မဟာသီကိုယ်တိုင်ဝန်ကြီးချုပ်အဖြစ်တင်ပေးခဲ့ပြီး..များမကြာမှီပဲ.. မဟာသီ နဲ့ ရန်ဖက်ဖြစ်ခဲ့သူ )တို့ဖြစ်ပါတယ်။

အဲဒီတုန်းက မလေးငွေဈေးက ယူအက်စ် တဒေါ်လာကို မလေးရှားရင်းဂစ်.၂. ၅၀ ဆင့် ပဲ ဖြစ်ပါတယ်၊ အဲဒီကာလဆီတုန်းက ကေအယ်ကိုသွားရင်. ၆၀ဆင့် ပဲပေးရပြီး မီနီဘတ်စ်ကား ပန်းနုရောင်လေးတွေပြေးဆွဲကြပါတယ်၊ လက်ဖက်ရည်တခွက်ကိုလည်း ၆၀ ဆင့်.၊..ပလာတာ..မလေးမှာတော့ ရိုတီ ခေါ်ပါတယ်၊အဲဒီရိုတီကလည်း ၅၀ ဆင့် ပဲရှိပြီး ကြက်ဥတလုံးကို  ၁၀ဆင့် ၁၅ ဆင့်ပဲ ရှိပါတယ်၊ ထိုကာလက အိမ်ကိုငွေလွှဲရင် မြန်မာငွေ .တသောင်း..နှစ်သောင်းပေါ့၊ သုံးသောင်းလောက်ငွေလွှဲနိုင်တဲ့သူများကတော့ မာန ကြီးတခွဲသားနဲ့ ပါပဲ၊ အဲဒီတုန်းက မလေး တရင်းဂစ်ကို မြန်မာလို၂၅ ကျပ်နဲ့..တခါတရံ.၂၈.၃၀ကျပ်အများဆုံးပဲ ငွေဈေးပေါက်ပါတယ်၊ အဲဒီကာလက ကျနော်တို့ဗမာလူမျိုးတွေဟာ ၀တ်တာစားတာကအစ မလေးနဲ့တူတဲ့သူက မလေးလိုလိုက်ပြီး ၀တ်စားဆင်ယင်ကြသလို ၊ အသားဖြူတဲ့သူ တရုတ်နဲ့တူသူကတော့ တရုတ်စတိုင်လိုက်ပြီး ၀တ်စားဆင်ယင်ကြပါတယ်၊ ဘာဖြစ်လို့အဲလို တူတဲ့စတိုင်တွေ လိုက်ဝတ်ကြသလဲ ဆိုရင် အဲဒီတုန်းက ရဲ ကိုယ် တိုင်က.. မလေးလား ..? ဗမာလူမျိုးလားကို မခွဲ တတ်ပါဘူး၊ ဗမာကလည်း မလေးလို ၀တ်စားထားပြီး ဗမာစကားမပြောရင် လုံးဝ မလေးပါပဲ…ထိုစဉ်ကာလကရဲတွေလည်းမျက်စီလည်ပြီးမလေးအစစ်ကိုဗမာထင်ပြီးပါစ့်စပိုစ့်ဆို ပြီး တောင်းလို့တောင်း၊တကဲ့မလေးအစစ်တွေကတော့လူကြားသူကြားမှာသူတို့ကိုရဲကစစ်လား ဆေးလားလုပ်တဲ့အတွက်ဒေါသတွေထွက်ပြီး ပြန်အော်တဲ့အတွက် ..ရဲ ကလည်းရှက်ပြီး.မလေးလို(.မအဖ်ကန်ဆာရာ)…ဆောရီး .. ဆိုပြီးတောင်းပန်ပြီးလှည့်ပြေးတော့တာပါပဲ။

ထိုကာလများဆီတုန်းက မလေးလိုတတ်ရင်အရာရာအဆင်ပြေသလို..အင်္ဂလိပ်ပြောတတ်ရင်တော့ အရမ်းကိုအထင်ကြီးပါတယ်၊အဲဒီတုန်းက လုပ်ငန်းရှင်တရုတ်သူဌေး အယောက်တရာ မှာ( ၆၀ ) လောက်က အင်္ဂလိပ်လိုစကားကောင်းကောင်းမပြောတတ်ပါဘူး။ အဲဒီတုန်းက တရုတ်တွေက ကျနော်တို့ဆီကနေ အင်္ဂလိပ်စာကို အလုပ်ခိုင်းရင်းနဲ့ ပြန်သင်ယူသွားပါတယ်၊ အင်္ဂလိပ်လိုကျနော်တို့ကပြောတာကို တရုတ်သူဌေးတွေနားမလည်ရင် စာလုံးပေါင်းပြရပါတယ်၊ အဲဒီစာလုံးပေါင်းကို သူတို့ကမှတ်ထားပြီးတော့ အင်္ဂလိပ်-တရုတ် ဒစ်ရှင်နရီ ကို ပြန်လှန်ပြီး စာလုံးပေါင်းအဓိပ္ပါယ်ပြန်ရှာကြပါတယ်၊ ကျနော်တို့ကိုလည်း မလေးတရုတ်တွေတော်တော်အထင်ကြီးပါတယ်၊ လေးလဲလေးစားကြပါတယ်၊ အလုပ်သမားတဦး .အထူးသဖြင့် ကျနော်တို့ဗမာတွေကို  အလုပ်သမားအခွင့်အရေးအပြည့်နီးပါးပေးပါတယ်၊ နေစရာပေးတယ်၊ရေခဲသေတ္တာ၊ပန်ကာ၊ဂစ်မီးဖို၊ ဂစ်အိုး၊ မွေ့ယာ၊ ခေါင်းအုန်း၊အစရှိသဖြင့်ပေးပြီးနေမကောင်းတဲ့အခါ ကုမ္မဏီက အကောင့်ဖွင့်ပေးထားတဲ့ ဆေးခန်းကို သွားပြရပါတယ်၊ ဆေးခန်းကို ပိုက်ဆံပေးစရာမလိုပါဘူး၊ ကုမ္မဏီကလုပ်ပေးထားတဲ့ ကဒ်လေးသာပြလိုက်ရင်ပြီးပါပြီ၊ ဆရာဝန်ရဲ့ဆေးထောက်ခံချက်နဲ့ ဆရာဝန်ခွင့်ပြုပေးထားတဲ့ရက်အထိ ..သက်သက်သာသာ အနားယူခွင့်ရှိပါတယ်။

အဲဒီကာလက မြန်မာပြည်ဟာ ဘယ်နားမှာရှိမှန်းမသိလို့ အတော့် ကို ရှင်းပြရသေးတယ်၊ ရှင်းပြပေမဲ့လည်း မသိတဲ့သူကများပါတယ်၊ ထိုင်းကိုတော့ သူတို့သိကြပါတယ်၊ ထိုင်းနိုင်ငံရဲ့ တဖက်ကလို့ ပြောပြလို့ ..အင်း ..အော် ..လို့သာ ပြောပေမဲ့ တော်တော်များများဟာ မသိကြဘူး။

အဲဒီကာလက အဖြစ်အပျက်တွေကို ကျနော်ပြန်စဉ်းစားတိုင်း ပြုံးနေမိတော့တယ်၊ ဘာလို့လည်းဆိုတော့ ဗမာဆိုလို့ လက်ချိုးရေလို့ ရတဲ့ အချိန်ပါ၊ တခါတရံ ကွာလာလမ်ပူ မြို့ထဲမှာ မိန်းကလေးတွေကို မလေးတရုတ်မ ထင်ပြီးနောက်ကနေ ကျနော့်သူငယ်ချင်းများက ပေါက်ကရစကားတွေနဲ့ ဗမာလိုပြောပါတယ်၊

အဲလိုမိန်းကလေးတွေနောက်ကနေ ပေါက်ကရစကားတွေနဲ့ ပြောနေပေမဲ့..ထိုမိန်းကလေးများကဘာမှပြန်မပြောပါ၊..အဲလိုစကားပြန်မ ပြောတော့ မလေးတရုတ်မ လို့ပဲ ထင်နေပြီးနောက်ကနေ ကပ်ပြီး ပေါက်ကရစကားတွေထပ် ပြောရင်းနဲ့ အဲဒီမိန်းကလေးတသိုက်ဟာ ယခု MYDIN…ယခင်က MATROJAYA. ကုန်တိုက်.ဘေးနားက ဒေါင့်ချိုးနားလည်းရောက်… ဘတ်စကားပေါ်တက်ခါလဲနီးရော ..ဗမာလို ကျနော်တို့ကို ပစ်ပစ်နှစ်နှစ် ဆဲသွားပါတော့တယ်၊ အဲဒီအခါမှ ကျနော့်သူငယ်ချင်းတွေ ဗမာမ တွေမှန်းသိပြီး ရှက်ကိုးရှက်ကန်းဖြင့် တချိုးထဲ သုတ်ခြေ တင်ပါတော့တယ်၊ အဲဒီတုန်းက ဗမာမတွေဟာ အသားဖြူသူများကမလေးတရုတ်မ စတိုင်ဝတ်စားထားရင် လုံးဝ ဗမာလား..? မလေးတရုတ်မလား..? ဘယ်လိုမှ ခွဲ လို့ မရဘူး၊အဲဒီကာလတွေက မလေးရဲတွေက ပါစ်စပိုစ့် မရှိရင် ..နောက်ပါမစ်မရှိရင် ဖမ်းပါတယ်၊ ငွေတောင်းပါတယ်၊ ငွေမပေးနိုင်ရင် camp. လို့ခေါ်တဲ့ နိုင်ငံခြားသားများထိမ်းသိမ်းထားတဲ့နေရာ၊ ထိုင်း camp နဲ့လုံးဝမတူပါဘူး။ တနည်းအားဖြင့်…ထောင် ..ပါပဲ …အဲဒီကိုပို့လိုက်ကြလို့ပါ၊ အဲဒီထဲရောက်ခဲ့ရင်တော့ ..ငွေမလိုက်နိုင်သူများ တော်တော်နဲ့ ပြန်မထွက်နိုင်တော့ပါဘူး၊ ငွေလိုက်နိုင်တဲ့သူဖြစ်ဖြစ်၊ အချိန်စေ့လို့ပဲဖြစ်ဖြစ်၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်တော့မယ်ဆိုရင် ရဲ..ကားတွေနဲတင်လာတဲ့.့ လွတ်ရက်စေ့သူများ၊ ငွေပေးနိုင်သူများ၊ ကို ထိုင်းနယ်စပ်ကိုမလေးအခေါ်.. buang… ဗွမ်း..  သွားလွှတ်ပါတယ်၊ ထိုင်းနယ်စပ်က လူကုန်ကူးသူ ပွဲစားများကတော့  ရာဘာတောထဲက ကြိုစောင့်နေပါတယ်၊ မလေးရဲတွေနဲ့ အချိန်းအချက်လုပ်ထားသူတွေပါ၊ နယ်စပ်ရာဘာတောထဲမှာ မလေးရဲတွေလွှတ်လိုက်တဲ့သူတွေကို ကြိုစောင့်နေတဲ့ လူပွဲစားများကသူတို့ အိမ်၊ ထိုင်းဖက်ခြမ်းကဆွန်ဂိုင်းဂလုပ်(ထ် ) ဖက်ကိုခေါ်သွားပါတယ်၊

ထမင်းမစားရသေးရင် ထမင်းကျွေးပါတယ်၊ပြီးတာနဲ့ မေးပါတော့တယ်၊ ကွာလာလမ်ပူ မှာဘယ်သူရှိသလဲ? အကို၊ မောင်နှမ၊ အသိမိတ်ဆွေရင်း၊ ရှိသလားမေးပါတယ်၊ရှိတယ်ဆိုရင် ဖုန်းဆက်ပြီး မလေးကိုပြန်တက်လာဖို့အတွက်ငွေတင်ပို့ပေးဖို့ ပြောခိုင်းပါတယ်၊ ငွေကို ပွဲစားလူကုန်ကူးသူတွေက သူတို့ ထိုင်းဘဏ်အကောင့်ထဲကို အရင်အထည့်ခိုင်းပါတယ်၊ ငွေရောက်ပြီးဆိုမှ အဲဒီလူကို မလေးထဲကိုပွဲစား သို့.. “ ရဲ” တွေနဲ့ ပြန်ချိပ်ပြီး ပြန်တင်ပါတယ်၊ ထိုင်းနယ်စပ်မြို့ ဆွန်ဂိုင်းဂလုပ်( ထ် )ကနေ ကွာလာလမ်ပူအရောက်ကို မလေးငွေအဲဒီကာလက တထောင်ကျော်ပေးရပါတယ်။

တချို့သူများကျတော့လည်းအရမ်းကို သနားဖို့ကောင်းပါတယ်၊ ပိုက်ဆံတင်ပေးမဲ့သူကလည်းမရှိ၊ ဆိုရင်တော့ အဲဒီထိုင်း ဆွန်ဂိုင်းဂလုပ်( ထ် )ကလူကုန်ကူးသူလူပွဲစားများကတော့အဲဒီလူကိုငါးဖမ်းစက်လှေကိုအပြီးရောင်းစားလိုက်ကြပါတော့တယ်၊

တချို့ကျတော့လည်း နဲနဲလူစိတ်ရှိတဲ့လူပွဲစားများကတော့ သူတို့ နယ်စပ်မြို့လေးထဲတင်အလုပ်သွင်းပေးပြီး အလုပ်ခိုင်းပါတယ်၊ အလုပ်လုပ်ခနဲ့မလေးထဲကို ပြန်တင်မဲ့ကုန်ကျစားရိတ်ကိုရပြီဆိုတဲ့အခါကြတော့မှမလေးထဲကို ပြန်တင်ပေးကြပါတယ်၊ အများစုကတော့ ငါးဖမ်းစက်လှေကို အပြီးေ၇ာင်းစားလိုက်တာပါပဲ။..အဲလိုနဲ့ဘ၀ ပျက်သွားရတဲ့သူတွေ အများကြီးပါ။

အဲဒီအချိန်ကာလတုန်းကတော့ မလေးရှားကို ရန်ကုန်အသိုင်းအ၀န်းနဲ့ မြို့နေလူတန်းစား ပညာတတ်လူငယ်တွေပဲလာကြတာများပါတယ်။ ဒါကြောင့် အဲဒီအချိန်အခါက ဗမာတွေဟာ မလေးနဲ့တူတဲ့သူက မလေးလိုဝတ်စားကြသလို၊ မလေးတရုတ်နဲ့တူတဲ့သူကလည်း မလေးတရုတ်မတွေလို ၀တ်စားကြရခြင်းပဲ ဖြစ်ပါတယ်၊ မိန်းကလေးတွေဆို တချို့ဆို ဘ၀ တွေပျက်သွားကြတာဒုနဲ့ဒေးပါပဲ။

အဲဒီဆွန်ဂိုင်းဂလုပ်(ထ် ) လို့ ကျနော်ပြောတဲ့နေရာက မြေပုံအရဆိုရင်ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မြို့လေးပါ၊ အများစုက ထိုင်းနိုင်ငံသား အစ္စလာန် ကိုးကွယ်ကြသူများပါတယ်၊ နောက်..မလေးစကားလည်းပြောပါတယ်၊ မလေးနိုင်ငံကတော့ ထိုနယ်စပ်မြို့လေးက အစ္စလာန်ကိုးကွယ်ပြီး မလေးစကားလည်းပြောတဲ့ထိုင်းနိုင်ငံသားထိုသူများကို မလေးအနွယ်လို့သတ်မှတ်ထားတာပါ၊

အဲဒီနေရာဟာ ခဏခဏ ဗုံးပေါက်တာတွေ..သေနတ်နဲ့ ပစ်သတ်ခံရတာတွေခုချိန်ထိဖြစ်ပွားနေဆဲပါ၊ ဒုစရိုက်နယ်မြေလို့တောင်ပြောလို့ရပါတယ်၊ မူးယစ်ဆေးဝါးလည်း ပေါပါတယ်၊ မလေးနိုင်ငံထဲမှာ ရဲအဖမ်းခံရပြီးလို့ ရှင်းလို့မရရင်တော့ ..camp ထဲေ၇ာက်..တဖန် camp ထဲကနေ နယ်စပ်ကို ခေါ်သွားပြီးပြန်လွှတ်ပေးတဲ့အချိန်မှာရုပ်ရည်ချောမောတဲ့ဗမာမိန်းကလေးတွေခဗျာ… ဘ၀ပျက်ကြရတာများပါတယ်၊ အဲဒီကာလက ရုပ်ရည်ချောမောတဲ့ဗမာမိန်းကလေးတွေကို မလေးရဲတွေကလည်း ဖမ်းမိလို့ငွေမပေးနိုင်ရင်  ပတ္တရောင်ကားထဲတင်မုဒိမ်းကျင့်ပါတော့တယ်၊ တခါကဆိုရင် ဗမာလင်မယားစုံတွဲ တတွဲပါ၊ အလုပ်ကပြန်လာရင်းလမ်းမှာ ပတ္တရောင်လှည့်တဲ့ မီးတန်းကားနဲ့ တိုး ပြီး ရဲစစ်တဲ့အခါမှာ ပါမစ်မရှိတာကြောင့် ရဲကလင်မယားနှစ်ယောက်စလုံးကို ဖမ်းပြီးကားပေါ်တင်ခေါ်သွားပါတယ်၊ ကားထဲမှာ ပိုက်ဆံဘယ်လောက်ပါလဲ မေးပါတယ်၊ အဲဒီလင်မယားမှာ ပိုက်ဆံပါသော်လည်း ရဲတောင်းသလောက်မပါကြပါဘူး၊ ကောင်မလေးကချောချောလှလှလေးဆိုတော့ ရဲကပိုက်ဆံ ပိုတောင်းတာပါ၊ မပေးနိုင်မှန်းသိလို့ ပိုတောင်းတာဖြစ်ပါတယ်.မပေးနိုင်တော့ ယောင်္ကျားဖြစ်တဲ့ကောင်လေးကို အဆောက်အဦးအပျက်ကြီးထဲကိုခေါ်သွားပြီး လက်ကို လက်ထိပ်ခတ်ထားပြီး ရဲတယောက်စောင့်နေပြီး ကျန်တဲ့ရဲ တယောက်က ပတ္တရောင်လှည့်တဲ့ကားပေါ်တင်မုဒိမ်းကျင့်ပါတော့တယ်၊ ပြီးတော့မှ ယေင်္ကျားကိုလက်ထိပ်ခတ်ပြီးစောင့်နေတဲ့ ရဲ နဲ့ လူချင်းလဲပြီးနောက် ရဲတယောက်က ထပ်ပြီး မုဒိမ်းကျင့်ပါတယ်။

နှစ်ယောက်စလုံးပြီးပြီ ဆိုတော့မှ အဲဒီလင်မယားကို ကားထဲပြန်ထည့်ပြီး  သူတို့ စဖမ်းခဲ့တဲနေရာကို ပြန်လာချပေးခဲ့ပါတယ်၊ အဲဒီအချိန်ဟာ မှောင်နေပါပြီ၊ အဲဒီ ဗမာလင်မယားအလုပ်ကပြန်လာတဲ့အချိန်ဟာ ညဖက် ၉နာရီပါ၊ OT..အချိန်ပိုဆင်းခဲ့လို့  အိမ်ပြန်နောက်ကျနေတာပါပဲ၊ ဒီလိုမျိုးအဖြစ်ဆိုးများနဲ့ ကြေကွဲစရာ ကျနော်တို့ဘ၀တွေကို အဲဒီကာလတွေက ရုန်းကန်ကြရင်း၊ တချို့လည်း  ဘ၀တွေပျက်ကြ၊အရှက်တကွဲ အကျိုးနဲ အဖြစ်ဆိုးတွေနဲ့ ဘ၀တွေ နိဂုံးချုပ်သွားပါတော့တယ်။.

● မှတ်ချက်
နှစ်ဆယ့်တနှစ်တာမလေးရှားမှာ..နှင့်..  ယနေ့ မြန်မာအလုပ်သမားများဘ၀ထိ.. ဤဆောင်းပါးကို အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါ့မယ်လို့ လေးစားစွာဖြင့် အသိပေးပါရစေ။

ကျနော်မောင်လူဝေးပါ။
E.MAIL.mgluuway@gmail.com
kualalumpur. malaysia.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “နှစ်ဆယ့်တနှစ်တာမလေးရှားမှာနှင့် မြန်မာအလုပ်သမားများဘ၀အကြောင်း – အပိုင်း (၁)
  1. ကျနော်အရမ်းကျေးဇူးတင်ပါတယ်…….ကိုယ့်နိုင်ငံသားတွေရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုတင်ပြတဲ့အတွက် စာရေးသူကို ကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်..ဆက်လည်းရေးသားပါလို့ အားပေးချင်ပါတယ်

    1. ကျွန်တော်လဲ အခုလောလောဆယ် မလေးမှာ နေပါတယ်။ အလုပ်ရှင်တွေရဲ့ မတရား တာတွေကို သိပါတယ်။ ဒါပေမယ့် ဘယ်သူက ကူညီနိုင်လို့လဲ။ သံရုံး ကလဲ ဘာမှလုပ်မပေး အားကိုးစရာ အခုထိ မရှိသေးပါ။ အကိုရော သိလား ဘယ်အဖွဲ့ အစည်းတွေက ကူညီနိုင်လဲလို့ ။သိရင် ပြောပါဦး။

      1. ကျနော်လည်းစာဖတ်ပရိတ်သတ်ပါပဲ၊ သံရုံးကအရင်ကလိုမဟုတ်ပဲ ပြောင်းလဲနေတယ်လို့တော့ကြားမိပါတယ်၊ ဒါပေမဲ့ အလုပ်သမားတယောက်ဟာ အလုပ်သမားတယောက်ရဲ့အခွင့်အရေးဟာဘာလဲဆိုတာတော့သိဖို့တော့လိုအပ်ပါလိမ့်မယ်၊ ဆိုတော့ ပိုပြီးပြည့်ပြည့်စုံစုံသိချင်ရင် စာရေးသူက အီးမေးလ်လိပ်စာလေးပေးထားတာတွေ့ပါတယ်၊ ဆက်သွယ်ကြည့်ပါ၊ သူကတော့ပိုပြီးပြည့်ပြည့်စုံစုံပြောပြကူညီနိုင်မယ်လို့ထင်ပါတယ်၊ ကျနော်လည်း လက်ရှိ မလေးမှာပါပဲ ..ကျနော်တော့တို့အလုပ်ကအရင်ကတော့ တလလုံးအပြည့်ဆင်းရပါတယ်၊ကျနော်တို့သူငယ်ချင်းတွေစုပြီးသူဌေးကိုပြောဆိုညှိနှိုင်းတဲ့အတွက် အခုတော့ တနင်္ဂနွေနားရက်ရလာပါပြီ၊အရင်တုန်းကတော့ ဘာနေ့ပဲဖြစ်ဖြစ်တရက်မှကို အနားမရပဲ အလုပ်လုပ်ရပါတယ်၊..ကျနော်လည်းကျနော်စာရေးပြီးဆရာကိုလူဝေးကိုပြောပြဘူးပါတယ်၊ဂျီတော့ကနေလဲ စကားပြောဖူးပါတယ်၊ အဲဒီနောက်မှာတော့ အရင်ကမနားရတဲ့တနင်္ဂနွေနားရက်တော့ အခု ရလာပါပြီဗျ..

  2. ကောင်းတယ်ကိုလူဝေး။ဆက်ရေးပါ။မလေးမှာနေဖူးတယ်။ခုနောက်ပိုင်းဇာတ်လမ်းတွေရေးယင်ပိုကောင်းမယ်။ကျေးဇူး

  3. I was in K.L. at 1988. I ,have lost the way to get out of the Railway Station,so, I have asked the sweeper Indian lady,and she replied me in English .Malaya,was also British Colony,and my grand father’s time even in 1930-40,the middle class,can speak English fluently. My father had been several times to Malay for trading, in 1950-60’s, and he spoke in English,there,because,he cannot speak Malay.May be Malay Chinese,speak Singlish,because Singapore,is also one of the big town,in Malaya,at that time.May be their accent,are in correct,for those who are not leaned. But, Thailand was not good in English,at that time,but, now a days,even Thai younger Generation can speaks fluently,now. I means the Students,not the workers.Although,Burmese middle and high class,who have learned in Mission school,can speak good English before,but, After General Ne Win’s regime,took the power and start to prohibited ,not to learn English,at first stage, our middle generation,becomes Bad in English till now. Many Graduates from 1975 to 2005,round about,are useless in English. Even some Doctors,Engineers,at that time,cannot speaks fluently.Today,that is the bad results of our Generations,who are lack of English ,met with many difficulties in Abroad,at their works,because, they cannot communicates. Burma, was the best accent in English,in the region,of our time. So, now a days, people who can earn good living,lets their children in ILBC,Crane,or similar International school,so, these,coming up youngster will speaks good again in the future and is a must language,because,still it is number one International Communication language of the World.

  4. Very good real history..appreciate it..yes.our burmese’s life are very difficult…Ko luu way..Please explain about more details about life in malaysia…thank you so much..

  5. Last 3 -4 years,i have read,that Burmese Film group went to Malaysia,and side actress “Chaw Yadanar”,say crazy words that Malay people,does’nt understand her English.Funny nearly everybody in Malay can spear English very well,because it is a must to learn in every school.My friend Malay Chinese family,even 4, years old child repeat my answer my question.The children in Malay,Singapore speaks very well now.

  6. Under the military rule, we all become IDP (Internally Displaced Person) or EDP (Externally Displaced Person) and had to sacrifice our lives very painfully. EDP is like us who have to leave our home, our family and work in foreign countries in the hope of earning those penny which we cannot get locally in the consequence of wrong management by the junta. Imagine why more than 1 million of those our fellow Myanmese have to stay and work outside our own country until now. Why our motherland cannot feed enough her own children? All these questions are to be answered by our generals who are now gentlemen in Hlut Daw (Parliament).

Comments are closed.