>My Acedamy Sein – From MRTV to KRTV –

>

KRTV, KRT , KRTV4  သို့ ဖတ်စာ။
မိုင်အကယ်ဒမီစိန်
ဇန်န၀ါရီ ၁၉ ၊ ၂၀၁၁
မြန်မာ့ရုပ်မြင်သံကြားက အမည်များကို K for Korear။ KR for Koreaလို့ ပြောင်းပြီးတော့ KRTV, KRTV4, KRTလို့ ပြောင်းခေါ်လိုက်ပါတော့လား။ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီ မဟုတ်တော့ပါဘူး။ M for Military လို့ အစတုန်းက ရေးဖူးသား။ အခုတော့ စစ်တပ်တောင် မဟုတ်တော့ဘဲ။ ကိုရီးယားရုပ်မြင်သံကြားဘ၀ ပြောင်းသွားပါပြီ။
ဘာကြောင့်လဲ ဆိုတာတော့ အထူးရှင်းမနေတော့ဘူးခင်ဗျ။ လက်ညောင်းလို့ပါ။
        အော်… ကိုရီးယားကားများ ပြလှချည် အောက်မေ့နေတယ်။ ကိုရီးယားကားထဲက စစ်မှုထမ်းကားတွေ ပြလှချည့် အောက်မေ့နေတယ်။ လက်စသတ်တော့ မြန်မာပြည်ကသူတွေကို စစ်မူထမ်းခိုင်းမလို့ အားကျအောင် ပြနေတာကိုးခင်ဗျ။
မင်းသားမင်းသမီးလေးတွေ လှလှချောချောလေးတွေ စစ်မူထမ်းအ၀တ်အစားလေးတွေ ၀တ်ပြ သရုပ်ဆောင်ပြနေတာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ။ အမယ်လေးဗျား။ အခုမှ အိမ်ပေါ်တက်ပြီး ဂုတ်က ဆွဲချတော့မှ ရိပ်မိတော့တယ်။ ဒီ ဥပဒေပြဌာန်းကြောင်းကို ဘီဘီစီတို့ ဗီအိုအေတို့ကနေ စ သိလာရတာပါ။ ဒီတော့ ဒါကို ၀မ်းသာအားရ အားကျမခံ ကြိုဆိုလိုက်ကြမယ် ဆိုရင်တော့ စစ်အစိုးရရဲ့ လက်ထဲ တိုးဝင်ဖို့သာ ရှိပေတော့တယ်။
ဒါကိုလက်တို့ပြီး စစ်မူထမ်းဖို့ ပျော်နေကြမှာပဲလို့ စစ်အစိုးရက ထင်နေပုံရပါတယ်။ ကိုယ့်ကိုယ်ကို ကိုရီးယားမင်းသား မင်းသမီးလေးတွေလို မြင်ယောင်ပြီး ဟုတ်ပြီပေါ့လေ။ တော်ပါပေတယ် … စစ်အစိုးရရေလို့သာ ပြောပါတော့မယ်။
ဒါတွေသာ ကြည့်မထားမိရင် နည်းနည်းတော့ တုန်လှူပ်သွားကြမယ့် အခြေအနေပါ။ သို့သော် ကိုရီးယားကားများထဲမှာ တွေ့တွေ့ နေတော့လည်း… မျက်စိယဉ် နားယဉ်ပြီး …အင်း … မိုက်တယ်ကွ ပေါ့ခင်ဗျ။
ကိုရီးယားကားများကို ၀ါဒဖြန့်ဖို့ အသုံးချနေတယ် ဆိုတာ ရှင်းပါတယ်။ အဲဒီအတွက် ရည်ရွယ်ပြနေတယ် ဆိုသော်လည်း သူတို့ရဲ့အနုပညာကိုတော့ မြန်မာပရိသတ်များက အားပေးနှစ်ခြိုက် နေကြပါတယ်။
မြန်မာမင်းသားမင်းသမီးများ ရိုက်တဲ့မြန်မာကားများ ဗီဒီယိုများကို မကြိုက်ကြတော့ဘူး။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။
အနုပညာမပါတော့လို့ ပါပဲ။ သူတို့ရဲ့ မျက်နှာအမူအယာများကို ကြည့်လိုက်တိုင်းမှာ ဇာတ်လမ်းအပေါ်မှာ နှစ်ဝင်မှု၊ စီးဆင်းမှု ဘာမှ မရှိတော့ဘဲနဲ့ သူတို့ရဲ့ အခန်းကို ဟန်လုပ်ပြီး သရုပ်ဆောင်နေကြတာများ ဖြစ်သွားလို့ပဲ ဖြစ်ပါတယ်။ ဟန်က များနေတယ် ခင်ဗျ။ စကားလုံးများမှာလည်း အသက်မရှိတော့ဘူး။ အံ့သြတာ ငိုတာ ရယ်တာများ ဟန်တွေများနေလို့ စိတ်ညစ်ရပါတယ်။
ကိုရီးယားကားများ ကျတော့ ကလေးသရုပ်ဆောင်က အစ ခံစားချက်အပြည့်နဲ့ လိုပဲ။ အဲသည်လို ကွာကုန်ပါပြီ။ တော်တော်လေးကို ကျဆင်းသွားတဲ့ အခြေအနေပါ။ နောက်တချက်ကတော့ ပရိသတ်အားပေးမှုပါပဲ။  ပရိသတ်ရဲ့ အားပေးမှုကို ကိုရီးယားကားများ အပြည့်အ၀ ရပါတယ်။
ပရိသတ် အားမပေးတော့တာ မြန်မာကားများ ဖြစ်သွားပါတယ်။ ဒီတော့ ယခုခေတ်ရဲ့ နိုင်ငံရေးတော့ မသိပေမယ့် ရုပ်ရှင်ဗီဒီယိုအရေးအခင်းမှာတော့ ပရိသတ်ရဲ့အခန်းကဏ္ဍဆိုတဲ့ ပေတံနဲ့ တိုင်းတာလိုက်ရင် ထင်ရှားစွာ အဖြပေါ်နေပါပြီ။ ပရိသတ်ကို ညာလို့ မရဘူး ခင်ဗျ။
အဲသည်လိုပဲ နိုင်ငံရေးမှာလည်း အဖြေတခု ပေါ်လာဖို့ တော့ လိုပါတယ်။ (ပရိသတ်ကို ညာလို့ မရဘူး ခင်ဗျ)
ကိုရီးယားမင်းသား မင်းသမီးများက မြန်မာ့ရုပ်မြင်သံကြားမှာ ကြီးမားကျယ်ပြန့်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ကပြနေကြတဲ့အချိန်မှာတော့ မြန်မာမင်းသား မင်းသမီးများဘ၀၊ မြန်မာအဆိုတော်များဘ၀ကတော့ ကြော်ငြာများ၊ ပရက်ဇင်တာများ၊ ကုန်ပစ္စည်းကြော်ငြာများအဖြစ်နဲ့ ရုပ်မြင်သံကြားများမှာ အားဖြည့် ပါဝင်နေကြပါတယ်။
အဲ … မထူးပါဘူး။ သတင်းပါ ကြေညာခိုင်းလိုက်ရင် ကောင်းမယ်။ ဒါဆို သတင်းကြည့်တဲ့ ပရိသတ်တွေ တိုးလာမှာ ခင်ဗျ။ မင်္ဂလာဆောင်တာ အိမ်သာတက်တာတွေ ရုပ်မြင်မှာ တင်နေတဲ့ တိုင်းပြည်ဆိုတော့ သိပ်လည်း မထူးတော့ပါဘူး။ မြန်မာသရုပ်ဆောင်တွေ လွှတ်တော်ထဲသာ ပို့ပြီး သီချင်းဆိုခိုင်း၊ ရတုပိုဒ်စုံတွေ ဖတ်ခိုင်းလိုက်ပါ ခင်ဗျား။
မြန်မာပြည် လူဦးရေ သန်းပေါင်း ၃၈ သန်း ရှိပေမယ့် ပရိသတ် ၃၇ သန်း မရှိတဲ့ အကယ်ဒမီပေးပွဲကြီးလည်း မကြာခင် ပြီးမြောက် အောင်မြင်ပါတော့မယ် ခင်ဗျား။
အဲ … ပွဲမတက်ရတဲ့ ၃၇သန်းခင်ဗျာမှာလည်း ရုပ်မြင်သံကြားကနေ သွယ်ဝိုက်သောနည်းနဲ့ အားပေးနေကြကြောင်းပါ … …
(သရုပ်ဖော် – အကယ်ဒမီပွဲ ဖိတ်စာ မိတ္တူပါ။ ဟို ကိုရီးယားက မင်းသားလေး (မြောက်ကိုရီးယားပြောတာဟဲ့) ကို ဖိတ်တဲ့ ဖိတ်စာကို စာတိုက်က ခိုးပြီး မိုးမခမှာ တင်ပြလိုက်တာပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts