>Maung Lu Yay – Blessing in Burma 20

>

မင်္ဂလာနှင့် နိုင်ငံရေး ၂၀
မောင်လူရေး
ဇန်န၀ါရီ ၄၊ ၂၀၁၁
 
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူးသိတတ်စေတာ ကတညုတာမင်္ဂလာ။
တစုံတယောက်၏ ကျေးဇူးကြွေးကို သိရှိသည်မှာ မင်္ဂလာရှိသည်ဟု ဆိုလတည်း။
ကျွန်ုပ်တို့ဘဝတလျောက်၌ မိဘ၊ ဆရာ၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေတို့မှစ၍ ကျေးဇူးရှင်များကား များပြားလှ ဘိတောင်း။ ဤမင်္ဂလာက ကျွန်ုပ်တို့ကို သူတို့၏ ကျေးဇူးကြွေးကို ပြန်ပေးဖို့ အထူးသတိပေးလေသည်။
ကောင်းမှုကောင်းရာလုပ်ငန်းများကို အမှတ်ရခြင်းသည်ပင် ကျေးဇူးသိခြင်းကတညုတာဟု သူတော်ကောင်း ပညာရှိကြီးများက ဆိုမိန့်သည်။ အဘဲ့ကြောင့်ဟူမူ ကောင်းမှုကောင်းရာလုပ်ငန်းဟူသည် သက်ရှိသတ္တဝါများကို ကောင်းကျိုးကိုသာ ဖြစ်စေတတ်သောကြောင့်တည်း။
ယခုအခါ ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်၏ ပျက်စီးယိုယွင်းနေသည့်ဖြစ်စဉ်ကြီးထဲတွင် အံ့သြတုန်လှုပ်စွာ အသက်ရှင်နေထိုင်နေကြရပါသည်။ ကျွန်ုပ်တို့သည် သဘာဝတရားကြီးကို စော်ကားချင်တိုင်း စော်ကားခဲ့ကြ သည်။
ဇာတ်တော်တစ်ခု၌ ဘုရားလောင်းကုန်သည်က သစ်ပင်တစ်ပင်ကို ခုတ်ဖြတ်ရန်အားထုတ်နေကြသော သူ၏ နောက်လိုက်တို့ကို –
“အို မိတ်ဆွေတို့ – သူ၏ အရိပ်အောက်ထိုင်၍ ဖြစ်စေ၊ အိပ်စက်၍ ဖြစ်စေ၊ ခိုဝင်နားနေဖူးပါက ထိုသူသည် ၎င်းသစ်ပင်၏ အကိုင်းအခက်တို့ကို မချိုးမဖျက်သင့်ပါ။ ထိုသစ်ပင်သည် ခိုဝင်နားနေဖူးသူကို ကျေးဇူးပြုခဲ့သော ကြောင့် ထိုသစ်ပင်ကို ခုတ်ဖြတ်ချိုးဖျက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။
ဤဇာတ်တော်ကို ထောက်ရှုကြည့်လျှင် ရှေးကပုဂ္ဂိုလ်များသည် သဘာဝပတ်ဝန်းကျင်ကို သာမာန်အသိဖြင့် မဟုတ်ဘဲ ကျေးဇူးရှင်အနေဖြင့်ပင် စောင့်ရှောက်ခဲ့ကြခြင်းကို သိနိုင်ပေသည်။ ယနေ့သစ်မုဆိုးများကတော့ ရှေး က မခုတ်ဘဲ စောင့်ရှောက်သူများ၏ ကျေးဇူးကို အောက်မှမေ့မိပါလေစ။ သူတို့သည် ကမ္ဘာမြေပေါ်က စက်ဆုပ် ရွံရှာဖွယ်အကောင်းဆုံးလူမသားများဆိုသည်ကိုရော သိမှ သိပါလေစ။
မြတ်စွာဘုရားရှင်က လောကမှာ တွေ့ကြုံရန်ခဲယဉ်းသော လူနှစ်မျိုးရှိသည်ဟု ဟောကြားခဲ့သည်-
(၁) အကူအညီကိုဖြစ်စေ၊ အခြားပစ္စည်းဝတ္ထုတစုံတရာကိုဖြစ်စေ၊ ဖေါ်ရွေရက်ရောစွာ ရှေးဦးစတင်ကျေးဇူးပြုသူ။
(၂) ကိုယ့်ကို တိုက်ရိုက်ကျေးဇူးပြုခဲ့၊ ကိုယ့်ကို တိုက်ရိုက်ဦးတည်ပြုလုပ်သည်မဟုတ်သော်လည်း ကိုယ် ရယူခံ စားခဲ့သော ကျေးဇူးတရားကို သိရှိနားလည်သူတို့ဖြစ်သည်။
ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်လိုပါက ကျေးဇူးပြုသူကို သိရုံတင်မကဘဲ ကိုယ်ကိုယ်တိုင် ကျေးဇူးပြုသူ တစ်ယောက်ဖြစ်အောင် ကြိုးစား နေထိုင်သင့်ကြောင်း ဘုရားစသော သူတော်ကောင်းများက ဆုံးမကြပါသည်။
၂၀၁၀ မြန်မာ့နိုင်ငံရေးမျက်နှာစာ၌ အသက်ပါပါ အချက်ပါပါတက်ကာ တက်ကာပြောဆိုနေကြသော တိုင်းချစ် ပြည်ချစ်နိုင်ငံရေးသမားများ တရားဝင်ပေါ်ပေါက်လာကြပေပြီ။ မနေ့တနေ့ကထိ နိုင်ငံရေးသည် မှောင်ခိုပစ္စည်း ဖြစ်၏။ မြွေပွေးဖြစ်၏။ ထိလျှင် ပေါက်သတ်ခံရနိုင်သည်။ လူသတ်မှု၊ မုဒိမ်းမှုတို့ထက် အပြစ်ကြီး၏။ နှစ်အရာ အထောင် ထောင်တန်းကျနိုင်၏။ နိုင်ငံရေးဆိုသဟာ ပြည်ဖျက်လုပ်ရပ်ဖြစ်သမို့ နိုင်ငံရေးသမားတို့၏ လုပ်ရပ်မှန် သမျှ ရပ်ကြည့်မနေအပ်၍ တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်လိုက်ရပါသည်ဆိုသည့် ဂိုဏ်းတော် သားများကို ဦးဆောင်ကြသူတို့ပင်လျှင် ယနေ့တော့ ပြည်သူအတွက် အသက်နှင်းပြီး နိုင်ငံ့အရေးကို အသားကုန်ဗျင်းတော့မည်ဟု သံကုန်ဟစ်နေကြပေပြီ။ နိုင်ငံရေးမှ မလုပ်ရလျှင်မနေ သေရပါတော့မည်ဟု ဆိုနေကြပေပြီ။ အံ့ဖွယ်အခါတော် ကာလမွန်ကြီးပါပေ။
သို့သော် ယင်းတို့ ဘဇာ့အရေးလုပ်လေခဲ့သနည်းဟု မေးမိငြားအံ့- နိုင်ငံရေးတော့ နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး (အမျိုးသမီးနိုင်ငံရေးလည်းရှိအုံးမည် ဟု ကတ်တတ်တတ်မတွေးပါနှင့်) ဟု မျက်လုံးမျက်ဆံ ပြူးပြူးကြီးနှင့် ဖြေပေလိမ့်မည်။
မနေ့တနေ့လေးက အမျိုးသားနိုင်ငံရေးသည် မြင့်မြတ်၏ဟု အဓိပ္ပါယ်ဖွင့်၏။ မှန်၏၊ အမျိုးသားနိုင်ငံရေးကြောင့် မြင့်သောတိုက်တာကြီးများပိုင်ဆိုင်၍ မြတ်သောစည်းစိမ်ကို ခံစားစံစား နေရပေပြီ။ ပါတီနိုင်ငံရေးကား စုပ်ပဲ့သည်ဟု ဆိုလေသည်။ အရိုးအရင်းလောက်သာ စုပ်ရမည် ဖြစ်သောကြောင့် ပဲ့သည်ဟုဆိုလေသလား၊ မသိပေ။
ယနေ့ နိုင်ငံတော်ကို ယင်းတို့ အသားကုန်ချစ်ခွင့်ကြီးရအောင် ဘယ်သူတွေက ကျေးဇူးပြုလိုက်သနည်း။ သိဘို့ကောင်းလှ၏။ မဟုတ်လျှင် မင်္ဂလာကန်း၍ အစဉ်အလာတွေ ဟန်းတော့မည်။
နိုင်ငံကို ချစ်ကြသူမှန်သမျှ၊ နိုင်ငံ့အရေး တွေးပူသူမှန်သမျှ၊ နိုင်ငံကောင်းစားရေး လိုလားသူမှန်သမျှ၊ တရားမျှတမှုကို တောင်းဆိုသူမှန်သမျှ၊ လူ့အခွင့်အရေးကို တောင်းဆိုသူမှန်သမျှနည်းမျိုးစုံနှင့် ညှင်းပမ်းနှိပ်စက် ဖမ်းဆီးထောင်ချ သတ်ဖြတ်ကြသူများနှင့် အညှင်းခံ၊ အနှိပ်စက်ခံ၊ အဖမ်းဆီးခံ၊ အထောင်ချခံ၊ အသတ်ဖြတ်ခံကြရသူများသည် ယင်းတို့၏ ကျေးဇူးရှင်များ ဖြစ်ကြတော့၏။ သို့သော် ကျေးဇူးရှင်အစစ်ကို ထပ်မံပိုင်းခြားကြည့်လျှင်-
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးထွက်ပေါက်မဟုတ်သေး။ ပြစ်မှုလျော်ကြေးဟုလည်း ဆိုနိုင်သည်။ သို့မဟုတ် ပြစ်မှုများ၏ ထွက်ရပ်လမ်းဟုလည်း ဆိုနိုင်သည်။ သို့ဆိုပါက-
ယနေ့ရောက်ရှိနေသော မြန်မာ့နိုင်ငံ့ရေးအခြေအနေ၏ကျေးဇူးရှင်သည် ပြစ်မှုအကျူးလွန်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းကျဝိညာဉ်များနှင့် ယင်းတို့၏မိသားစုဝင်များ၊ မိတ်ဆွေများသာ ဖြစ်ကြောင်းပါခင်ဗျား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts