>Burmese Lives – Ugly Sides – Book on overseas Burmese migrant workers

>

နှစ်သစ်ကူးမှာ ဖတ်စရာ – မြန်မာတို့၏ ဘ၀ခါးခါးများ
ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၂၊ ၂၀၁၁
အေးငြိမ်း (လေးမျက်နှာ) ၏ ဒုတိယမြောက်စာအုပ် “ဘ၀ခါးခါး” ထွက်ပါသည်။ ရွှေစာပေထုတ်လုပ်ရေး၊ ရန်ကုန်မှ ထုတ်ဝေပြီး စာအုပ်တန်ဖိုး ကျပ်၂၈၀၀ ဖြစ်သည်။ စင်ကာပူရောက် မြန်မာ ၁၆ဦးအား အင်တာဗျူးကာ သူတို့ ဘ၀များကိုမှတ်တမ်းတင်ထားပါသည်။ အမည်ရင်းများကို ထိုသူများ၏ ဂုဏ်သိက္ခာထောက်ထားသောအားဖြင့် လွှဲပြောင်းဖေါ်ပြထားပါသည်။ ဆရာအေးငြိမ်းသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာဘွဲ့ ၁၉၈၆တွင် ရရှိပြီး၊ စိုက်ပျိုးရေးသက္ကသိုလ် (ပျဉ်းမနား) စိုက်ပျိုးရေးအင်ဂျင်နီယာဆရာအဖြစ် ၁၉၉၈ အထိလုပ်ခဲ့ပြီး စင်ကာပူနိုင်ငံသို့လာရောက်လုပ်ကိုင်ခဲ့ရာ စာအုပ်ပြီးစီးချိန် ၂၀၀၉တွင် MOM Registered Workspace Safety & Health Officer အဖြစ်လုပ်ကိုင်နေသူဖြစ်ပါသည်။
၁။ ကိုမင်းမြတ်သူ (၃၂နှစ်) AGTI (Mech). Assistant Engineer- S$1800.  နမူနာအဖြစ် ရေတာရှည်၊ဆွာမြို့မှ ဖြစ်ပြီး မြန်မာပြည်တလွှားအလုပ်များလုပ်ကိုင်၊ ကျောင်းတက်ကာ ရန်ကုန်၊ ထိုင်း၊ မလေးရှား၊ ဘရူနိုင်းတို့တွင် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈တွင် စင်ကာပူရောက်ရှိကာ S Pass ဖြင့်အလုပ်ရရှိလုပ်ကိုင်နေသူဖြစ်သည်။ စံနမူနာအဖြစ် ပထမဆုံးစတင်ဖေါ်ပြထားသည်။
၂။ ကိုမင်းဇော်တိုး (၃၁နှစ်) ၀ိဇ္ဖာဘွဲ့ (မြန်မာစာ), Pipe Fitter – S$450. ရခိုင်၊ တောင်ကုတ်မှဖြစ်သည်။ အေးဂျင့်များဖြင့် ဒေါ်လာ၃၅၀၀ကျော်ပေးပြီး စင်ကာပူတွင် WP အလုပ်သမားအဖြစ်လုပ်ကိုင်နေပါသည်။ အေးဂျင့်များ နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေသူများအကြောင်းဖြစ်သည်။
၃။ ကိုသန်းငြိမ်းအောင် (၃၂နှစ်) ဆယ်တန်း၊ General worker – $450.  မုံရွာမြို့မှဖြစ်ပြီး မိမိကိုယ်ပိုင် စက်မှု၊လက်မှုလုပ်ငန်းကို လုပ်ကိုင်ရာမှ သိပ်အဆင်မပြေသဖြင့် စင်ကာပူသို့ အလုပ်လာလုပ်သူဖြစ်သည်။ အေးဆေးစွာနေပြီး အေးဂျင့်ဖိုးကျေ၊ ငွေစုဆောင်းပြီးမှ အပြီးပြန်မည်ရည်ရွယ်ချက်ရှိသည်။  မိမိအမည်၊နေရပ်မှန်ကို မိဘများ စိတ်မကောင်းဖြစ်မည်စိုး၍ မဖေါ်ပြရန် အင်တာဗျူးသူများထဲမှ တစ်ဦးတည်းသော တောင်းဆိုသူဖြစ်သည်။
၎။  မောင်လင်းအောင် (၂၄နှစ်) တတိယတန်း၊ ထားဝယ်မှဖြစ်သည်။ မိဘများမှာ ထိုင်းနိုင်ငံတွင် အလုပ်ခဲ့သူများဖြစ်ပြီး မြန်မာပြည်တွင်ပြန်လာနေထိုင်ကြပါသည်။ မူလက ဂျပန်သွားရန်ရည်ရွယ်သော်လည်း အေးဂျင့်ငွေမတတ်နိုင်သောကြောင့် မလေးရှားတွင်နေထိုင်က မိဘ၊ မောင်နှမများကို ထောက်ပံ့နေသူဖြစ်သည်။ မြန်မာပြည်တွင် အလုပ်မလုပ်ပဲ ကြက်တိုက်၊ဖဲရိုက်နေသော ဖခင်ကိုပင် မလေးရှားသို့ခေါ်ယူပြီး လစာ RM700 ဖြင့် အလုပ်ပေး၊ ကူညီနေသူဖြစ်သည်။ နောက်ဆုံး  ဂျဟိုးရေလက်ကြားကို ၂ နာရီခန့် ရေကူးပြီး စင်ကာပူသို့ တရားမ၀င်အလုပ်လာလုပ်သူဖြစ်သည်။ အလုပ်မရှိက  ရေကူးပြီး မလေးရှား မလေးရျားသို့ပြန်သွားသည်။ ၇ ကြိမ်ခန့် ရေကူးနည်းဖြင့် သွားချည်၊ ပြန်ချည်လုပ်ပြီးမှ စင်ကာပူရဲဖမ်းမိသွားပြီး ကြိမ်၎ချက်၊ထောင်ဒဏ်ဖြင့် မြန်မာပြည်ပြန်ရောက်သွားသည်။
၅။ မကေသီလွင် (၂၇နှစ်) BE (Civil).  QA Engineer – S$1500.  ၂၀၀၇ခုနှစ်တွင် မြန်မာပြည်မှ ဘွဲ့ရပြီး၊ စင်ကာပူတွင် S Pass တစ်လ ဒေါ်လာ ၆၀၀ ဖြင့် လာရောက်လုပ်ကိုင်သည်။ သူဌေး၏ ဖိုမ၊လူမှုရေးရှုပ်ထွေးမှုများအပြင် ရငွေဖြင့် မလုံလောက်မှုကြောင့် နောက်ဆုံး စင်ကာပူအစိုးရအလုပ်သမားဌာနသို့ တိုင်ကြားပြီးအလုပ်ပြောင်းခဲ့ရသည်။ အလုပ်သစ်တွင် ထိုက်တန်သောလစာငွေ ရရှိသည်။
၆။ နေလင်းသိန်း (၄၅နှစ်) BE (Civil), M.Sc (NTU – Singapore), Project Co-ordinator – ~S$5000. ၁၉၈၇တွင် ဘွဲ့ရပြီး မြန်မာပြည်တွင် ကန်ထရိုက်တိုက်များဆောက်ကာ လုပ်ငန်းအဆင်ပြေခဲ့သည်။ ၁၉၉၅ နောက်ပိုင်း ဆက်လက်လုပ်ရန်မဖြစ်နိုင်သောကြောင့် စင်္ကာပူသို့ ၂၀၀၀ခုနှစ်တွင် ရောက်လာခဲ့သည်။ Employment Pass, EP ဖြင့် လုပ်ကိုင်ရင်း စင်ကာပူအခြေချရန်ဆုံးဖြတ်ကာ မိသားစုခေါ်ခဲ့သည်။ ပီအာရရှိရန် NTU တွင် မာစတာဆက်တက်ခဲ့သည်။ စင်ကာပူအစိုးရပေါ်လစီပြောင်းပြီး မာစတာမရသူများကိုလည်း ပီအာပေးသောအချိန် ၂၀၀၄ တွင် ပီအာရရှိခဲ့ပြီး၊ ပိုမိုသင့်လျှော်သောအလုပ်သို့ ပြောင်းရွှေ့ကာ မိသားစုဖြင့် နေထိုင်လျှက်ရှိသည်။
၇။ မောင်ရွှေအောင် (၃၄နှစ်) AGTI (Mech). Office Assistant – S$450.  ၂၀၀၄တွင် မလေးရှား၌ ၃နှစ်အလုပ်လုပ်ခဲ့သည်။ မြန်မာပြည်ပြန်ပြီး အေးဂျင့်များဖြင့် စင်ကာပူအလုပ်စုံစမ်း၊ သင်တန်းတက်ခြင်းများလုပ်ခဲ့သည်။ မိတ်ဆွေတစ်ဦး အကူညီဖြင့် အေးဂျင့်မသုံးပဲ မိမိဖာသာ စင်ကာပူသို့ Visit Pass လာရောက်ကာ S Pass အလုပ်ရှာခဲ့သည်။ ဒေါ်လာ ၄၀၀၀ခန့် ကုန်ပြီး အလုပ်မရပဲ မြန်မာပြည်ပြန်ရသည်။ ထို့နောက် အေးဂျင့်ဖြင့် ဒေါ်လာ၃၅၀၀ခန့် အကုန်ခံကာ အလုပ်သမားအဖြစ် ၂၀၀၈တွင် ရောက်ရှိသည်။ လည်ဝယ်၊ ပြောတတ်ဆိုတတ်သောကြောင့် HR ရုံးအမှုထမ်းအဖြစ် အလွန်ချုပ်ချယ်သော အဖွားကြီးတစ်ဦးအောက်တွင် ကြမ်းတမ်းစွာပြောဆိုခံပြီး စိတ်ပျက်စွာလုပ်ကိုင်နေရသည်။
၈။ ၀င်းမျိုးဆန်း (၃၇နှစ်) BE (Mech), M.Sc (NUS) ၁၉၉၆တွင် ဘွဲ့ရပြီး အေးဂျင့်ဖြင့် ၁၉၉၇တွင် စင်ကာပူ WP တက်ကနီရှင်အဖြစ် ၂နှစ်လုပ်ကိုင်ခဲံသည်။ ထို့နောက် EP ဖြင့်ပြောင်းလဲကာ ၂နှစ်လုပ်ကိုင်ပြီးနောက်၊  ဂျင်နရီတာလျှပ်စစ်ထုတ်စက်များ ကုမ္မဏီတွင် လုပ်ကိုင်ခဲ့သည်။ သူငယ်ချင်း ၃ဦးဖြင့် အင်ဂျင်နီယာဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ခဲ့ရာ ၂နှစ်အတွင် မြန်မာအလုပ်သမား ၃၀ခန့်ကို ခန့်ထားနိုင်ခဲ့သည်။ မြန်မာများနှင့်လုပ်ကိုင်ရသော အားသာချက်၊ အားနည်းချက်များကို စိတ်ရင်းမှန်အလုပ်ရှင်တစ်ဦးအမြင်ဖြင့် အပြုသဘော တင်ပြသွားပါသည်။
၉။ မမျိုးသီတာ (၃၅နှစ်) B.Agri, M.Sc Business. M.Sc (NTU). မူလက မိဘများအလိုအတိုင်း စိုက်ပျိုးရေးတက္ကသိုလ်တက်ခဲ့သော်လည်း နောက်ပိုင်း ၀ါသနာပါသော ကွန်ပြူတာ၊ အိုင်တီလုပ်ငန်းများကို ပြောင်းလဲ၊ ပညာသင်ကာ စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ စင်ကာပူ တက္ကသိုလ်ပညာရေးစနစ်တွင် မြန်မာနိုင်ငံမှကျောင်းသာများအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ပြောပြထားသည်။
၁၀။ ကိုဖေအောင် (၄၆နှစ်)  Dip (Nursing), ၀ိဇ္ဖာဘွဲ့ (စိတ်ပညာ) အဝေးသင်။ Registered Nurse – S$1700. မော်လမြိုင် ဘလူကျွန်းမှဖြစ်သည်။ ၃နှစ်သူနာပြု ဒီပလိုမာအပြီး အကျဉ်းဦးစီးတွင် ၁၂နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၅တွင် စင်ကာပူသို့ အေးဂျင့်ဖြင့် Nursing Home သို့ လစာ S$450 ဖြင့် ထွက်လာခဲ့သည်။ စာမေးပွဲဖြေခွင့်မရပဲ နှစ်ပေါင်းများစွာ လစာနည်းပါးစွာ လုပ်ကိုင်ရသည်။ စာမေးပွဲအောင်ပြီး S Pass အဖြစ် စင်ကာပူပုဂ္ဂလိကဆေးရုံ Galan Eagle မှာအလုပ်ရသည်။ နောက်ဆုံး လစာပိုကောင်းသော စင်ကာပူအစိုးရ စိတ်ရောဂါကုဆေးရုံကြီးတွင် သူနာပြုအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ အရပ်ရှည်ပြီး စိတ်သဘောထားကောင်းလှသူဖြစ်ကာ သူနှင့်ကိုက်ညီသော သူနာပြုအဖြစ်၊ အချိန်တန်လျှင် ဘ၀အဆင်ပြေလာသည့် ဥပမာကောင်းတစ်ခုဖြစ်ပြီး သူ၏ အားပေးပြောဆိုချက်များမှာ အလွန်အားကျဖွယ်ဖြစ်သည်။
၁၁။ မတင်ဇာမော် (၂၄နှစ်)  ၁၀တန်းအောင်၊ SMU Singapore Management University student. ယခင်က ကျောင်းစရိတ်သိပ်မကုန်သော်လည်း ယခုအခါ စရိတ်ကြီးလာသော စင်ကာပူ ပညာရေးအကြောင်း ပြောပြထားသည်။ တက္ကသိုလ်ကျောင်းသားအဖြစ် ချေးငွေရရှိရေး။ စပွန်စာ၊ စကောလားရှစ်ပေးပုံ၊ စာသင်ကြားစနစ်၊ ကျောင်းသားများ၏ ယဉ်ကျေးမှု၊ စာကြိုးစားပုံများကို စံနမူနာအဖြစ်ရေးထားသည်။ နိုင်ငံခြားသားများအတွက် စရိတ်ကြီးသော စင်ကာပူတက္ကသိုလ်တစ်ခုမှ မြန်မာကျောင်းသူတစ်ဦးဘ၀ ဖြစ်သည်။
၁၂။ မခင်လေး၊ ပဲခူး။ တရုပ်မြန်မာအမျိုးသမီး၊ စင်ကာပူတွင် Nursing Assistant အလုပ်ဟု အေးဂျင့်ကပြောပြီး၊ သေချာမစုံစမ်းနိုင်ပဲ အိမ်စေ Maid အဖြစ် ၂၀၀၃တွင် ရောက်လာခဲ့သည်။ ရောက်ပြီး ရွေးစရာလမ်းမရှိသဖြင့် အဆင်ပြေအောင် လုပ်ရင်း အိမ်ရှင်တစ်ခုပြီးတစ်ခု၊ ပြောင်းခဲ့ရသည်။ အိမ်ရှင်၊ အေးဂျင့်များ၏ ညစ်ပတ်မှုများအကြောင်း၊ သဘောကောင်းသောအိမ်ရှင်အချို့ .. စသဖြင့် လုပ်ကိုင်ခဲ့သည်။ အိမ်စေအဖြစ် လုပ်ကိုင်ခဲ့သောကြောင့် ကျောင်းသား Student Pass အဖြစ် လျှောက်ထားရာ မရရှိခဲ့ပုံ။ စားသောက်ဆိုင်းတွင် အေးဂျင့်အားဖြင့် S Pass အလုပ်၊ ဟင်းသီးဟင်းရွက်ဆိုင် အလုပ်သမ S Pass စသဖြင့် လုပ်ခဲ့ရသည်။ ကူညီပေးတတ်သူ မခင်လေး နောက်ဆုံး မြန်မာမရှိသောအလုပ်ကို ပြောင်းလဲလုပ်ရသည်။
၁၃။ ကိုကျော်မင်းအောင် (၃၄နှစ်)  ၀ိဇ္ဖာဘွဲ့ (မြန်မာစာ)၊ Singapore NITEC, Dip (Mech).  Engineer – S$2000. အေးဂျင့်ဖြင့် တစ်နေ့ ၁၈ဒေါ်လာစား WP အလုပ်ဖြင့် ၁၉၉၉တွင် စင်ကာပူရောက်သည်။ ၂၀၀၀တွင် အချိန်ပိုင်း ကျောင်းစတတ်သည်။ ၂၀၀၈တွင် Poly Diploma ပြီးသွားပြီး ကုမဏ္ဍီက လစာငွေ S$2000 တိုးမြှင့်ကာ၊ ရာထူးလည်း ပြောင်းလဲပေးသည်။ မဆုတ်မနစ်၊ မှန်ကန်စွာကြိုးစားသူတစ်ဦး၏ အခက်အခဲကြားမှ အောင်မြင်မှုခရီးလမ်းဖြစ်သည်။
၁၄။ ကိုညီညီဝင်း (၂၃နှစ်). သိပ္ပံဘွဲ့ (ဓါတုဗေဒ)၊ General Worker – S$450. အေးဂျင့်များနှင့် လုံးလည်ရိုက်နေပြီး၊ စင်ကာပူသို့ ရောက်ရှိလာခြင်း။ အလုပ်သမားအိမ်ယာ (ဒိုမက်ထရီ) နေထိုင်၊ လုပ်ကိုင်ရသောဘ၀ဖြစ်သည်။ ကိုညီညီဝင်းက သူ့ဘ၀သည် ထူးမခြားလှသော အေးဂျင့်ခပင် မကြေသေးသည့် မြန်မာအလုပ်သမားဘ၀တစ်ခုသာဖြစ်သည်ဟု ဆိုသည်။
၁၅။ ကိုမိုးသက် (၂၉နှစ်)  ၀ိဇ္ဖာဘွဲ့ (သမိုင်း).  Seaman Boat supplier – S$700.  မလေးရှားသို့ ၂၀၀၅ခုနှစ် အေးဂျင့်အခ ၈သိန်းဖြင့် အလုပ်လုပ်ခဲ့သည်။ မလေးရှား၊ မိမိ၏စက်ရုံပစ္စည်းများကို ဓါးပြများ ကားနှင့်တိုက်ယူသွားပြီး အလုပ်သမားများထံမှလည်း လုယူသွားခြင်း ၂ကြိမ် ကြုံတွေ့ခဲ့သည်။ မြန်မာပြည်ပြန်ပြီး သင်္ဘောသားလုပ်ရန် အေးဂျင့်ငွေ ၃၅သိန်းဖြင့် ကြိုးစားရင်း နောက်ဆုံး စင်ကာပူမှ သင်္ဘောများထံ ပစ္စည်းပို့ပေးရသော Boat Man အလုပ်ရရှိခဲ့သည်။ သင်္ဘောသားများနှင့် ဆက်ဆံရသောကြောင့် သင်္ဘောသား တစ်စိတ်တဒေသကို ရေးထားသည်။ 
၁၆။ ကိုလှစိုး (၃၅နှစ်)  ၁၀တန်း၊ ကျပန်းအလုပ် General Worker.  စင်ကာပူကို အလုပ်လုပ်ရန်အတွက် ဒေားဂျင့်များနှင့် တွဲဖွင့်သည့် Welding, Pipe Fitting, Gas cutter စသည့်သင်တန်းများ၊ ကွန်ပြူတာ၊ အင်္ဂလိပ်စာ စသည့်သင်တန်းများ၊ အေးဂျင့်များစွာနှင့် တွေ့ဆုံ၊ အင်တာဗျူး၊ ကြိုတင်ငွေပေး .. ရန်ကုန်တွင်ကုန်ဆုံးရသော နှစ်နှင့်ချီသည့်ကာလများ အကြောင်းဖြစ်သည်။ နောက်ဆုံး စင်ကာပူရောက်ရှိခဲ့ပြီး အလုပ်လုပ်ရမှ အခြားနိုင်ငံအလုပ်သမားတစ်ဦးနှင့် ထိုးကြိတ်ရန်ဖြစ်ရာမှ ၂ဦးစလုံး အလုပ်ထုတ်၊ ပြည်တော်ပြန်ခဲ့ရသည်။ မြန်မာပြည် အေးဂျင့်မှ ကျပ်၁၁သိန်းဖြင့် ကာတာနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့သည်။ ယဉ်ကျေးမှုလုံးဝမတူညီပဲ အနှိမ်ခံဘ၀၊ လည်ပတ်စရာနေရာမရှိနှင့် အရင်းကျေပြီးနောက် စိတ်ပျက်ပြန်လာရသည်။
မှတ်ချက်။  ထူးမခြားလှသော ဘ၀ခါးခါးများဖြစ်ပါသည်။ သို့သော် ဘ၀အစုံ ၁၆ခုကို လူငယ်၊ လူလတ်၊ အမျိုးသား၊ အမျိုးသမီးများ၏ လက်တွေဘ၀အားလုံးကို တထိုင်တည်းသိနိုင်ပါသည်။ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု၏ အကျိုးဆက်ဖြစ်သော စင်ကာပူရောက်မြန်မာများ၏ ဘ၀ခါးခါးများကို နှုတ်တစ်ရာ စာတစ်ကြောင်း ဆိုသည့်အတိုင်း စာအုပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ထို့ကြောင့် စင်ကာပူရောက်မြန်မာအားလုံး အမှတ်တရ သိမ်းဆည်းထားသင့်သည်။
အသက် ၅၀ ကျော် ရှေ့ပြေး စီနီယာမြန်မာကြီးများကို စာအုပ်တစ်အုပ်ဖြင့် မှတ်တမ်းတင်ထားရန် ချန်ထားခဲ့ပုံရပါသည်။ မည်သို့ပင်ဖြစ်စေ ဤစာအုပ်ကို အသေအချာဖတ်မှတ်လေ့လာပြီး ကောင်းသောလုပ်ဆောင်ချက်များကို လက်တွေ့ကျင့် လိုက်နာမည့် အနာဂါတ်မြန်မာလူမျိုးများအတွက် အလွန်အကျိုးရှိသောစာအုပ်ငယ်ဖြစ်ပါသည်။
စာအုပ်များ စင်ကာပူဆိုင်များတွင် မကြာမီရောင်းချပါမည်။ အမှာစာများ ဆက်သွယ်ရန်
ဘ၀ခါးခါး [နိုင်ငံရပ်ခြား အတွေ့အကြုံများ]  280 pages
ရွှေစာပေထုတ်လုပ်ရေး၊ ထုတ်ဝေသူ၊ ဦးနေမျိုး၊ နေမျိုးစာပဒေသာ၊ စာပေခွင့်ပြုချက်အမှတ် ၄၀၀၂၇၉၀၃၁၀
အေးငြိမ်း (လေးမျက်နှာ) – ၉၇၃၀၃၀၂၇ (Mobile: +65 97303027)
(၂၈-ဒီဇင်ဘာ-၂၀၁၀)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts