>Remembering Tayar MinWai, 2009 – Aung Din published as e-book

>

ရွှေဘုန်းလူ (ကဗျာဆရာ တာရာမင်းဝေ) ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရစာစုများ ဖြန့်ချိ

မိုးမခ

သြဂုတ် ၄၊ ၂၀၀၉

၈၈ မျိုးဆက် ကျောင်းသားနဲ့ မြန်မာကဗျာဆရာတဦး ဖြစ်သူ ရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရအဖြစ် စာအုပ်တအုပ်ကို ၎င်း၏အကိုဖြစ်သူ အောင်ဒင် (ကဗျာဆရာ ဒတ္ထ)က စီစဉ်ထုတ်ဝေလိုက်ပါတယ်။

၈၈ အရေးတော်ပုံကာလ ရွှေဘုန်းလူအမည်နဲ့ ရေးသားခဲ့တဲ့ ထင်ရှားသော တော်လှန်ရေးကဗျာ ၄ ပုဒ်၊ ၁၉၉၄ နောက်ပိုင်း ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေအမည်နဲ့ ထင်ရှားတဲ့ ကဗျာ ၃ ပုဒ် အပါအ၀င်၊ အရေးတော်ပုံကာလက သူငယ်ချင်း မိတ်ဆွေများနဲ့ စာပေလောကက မိတ်ဆွေများက ၎င်းအမှတ်တရ ရေးသားကြတဲ့ ကဗျာများ၊ စာများဖြင့် ဖွဲ့စည်းထားပြီး အင်တာနက်နဲ့ အီးမေးများကတဆင့် အီးဘုတ်အဖြစ် အခမဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

ထို အင်တာနက်စာအုပ်ကို မိုးမခမီဒီယာက ထုတ်လုပ်ဖြန့်ချိပြီး ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေရန်လည်း အောင်ဒင်က စီစဉ်မယ်လို့ သိရပါတယ်။ အခမဲ့ဖြန့်ချိတာဖြစ်လို့ နှစ်သက်သူတိုင်းက မိမိသဘောဆန္ဒနဲ့ ဆက်လက်ဖြန့်ဝေပေးနိုင်ကြောင်း၊ မိမိအစီအစဉ်နဲ့ ပုံနှိပ်မျှဝေကြတာကိုလည်း မကန့်ကွက်ပါကြောင်း စီစဉ်သူ အောင်ဒင်က ပြောကြားပါတယ်။

ရွှေဘုန်းလူဟာ ၁၉၈၈ အရေးတော်ပုံကာလအတွင်း ဗကသများအဖွဲ့ချုပ်မှာ ဗဟိုကော်မီတီဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၀ က ၁၉၉၄ အထိ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် အကျဉ်းကျခံခဲ့ရပါတယ်။ ၁၉၉၄ မှစတင်ပြီး ကဗျာဆရာ တာရာမင်းဝေအဖြစ် စာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာတဦး ဖြစ်လာပါတယ်။ စာရေးဆရာမ မနော်ဟရီနှင့် အိမ်ထောင်ကျခဲ့ပြီး သား “ခေတ်နေ” ထွန်းကားခဲ့ပါတယ်။ ၂၀၀၇ သြဂုတ်လ ၅ ရက်နေ့မှာ ကွယ်လွန်ပါတယ်။

ယခုအချိန်မှာ အမေရိကန်ပြည်အခြေစိုက် ယူအက်စ်ကင်ပိန်းဖော်ဘားမားအဖွဲ့မှာ ဦးဆောင်သူတဦးအဖြစ် တာဝန်ယူပြီး မြန်မာပြည်ဒီမိုကရေစီရေးကိစ္စတွေ ဆောင်ရွက်နေသူ အောင်ဒင်က သူ့ညီအတွက် အခုလိုအမှတ်တရစာအုပ်ကလေး စီစဉ်ရတာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ အရေးတော်ပုံအတွင်းက ကျောင်းသားလူငယ်တွေရဲ့ လိပ်ပြာကို နိုးကြားတက်ကြွစေတဲ့ တော်လှန်တဲ့ကဗျာဆရာ၊ ပြီးတော့ စာပေစိစစ်ရေး စည်းအထပ်ထပ်ကြားကနေ ယနေ့ခေတ် လူငယ်တွေကို အနုပညာခံစားမှုလိပ်ပြာ လက်ဆင့်ကမ်းနိုင်ခဲ့တဲ့ ခေတ်ပေါ်ကဗျာဆရာတယောက်ရဲ့ အကြောင်းနဲ့ သူရဲ့စာတွေကို ပြည်တွင်း ပြည်ပက စာဖတ်သူ လူငယ်တွေ၊ မိတ်ဆွေတွေ၊ ပရိသတ်တွေ သိရှိစေနိုင်ဖို့ အားထုတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေဘုန်းလူ (တာရာမင်းဝေ) ကွယ်လွန်စဉ်က ၀ိုင်းဝန်းခဲ့ကြတဲ့ သူငယ်ချင်းများ (၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားခေါင်းဆောင်များ) ဟာ ခုချိန်မှာ ဝေးလံခေါင်းဖျားတဲ့ အကျဉ်းထောင်တွေမှာ မတရား ထောင်ဒဏ်များနဲ့ အချုပ်နှောင်ခံနေကြရတာမို့ ၀မ်းနည်းစရာလည်း ကောင်းလှပါတယ်လို့ ပြောကြားပါတယ်။

ဒီနေရာကနေ တာရာမင်းဝေ အင်တာနက်စာအုပ်ကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။

SCRIBD Account ရှိသူများ –

http://www.scribd.com/doc/18018035/TaYar-MinWai-Memorial-2009-Aung-Din-MoeMaKa

အင်တာနက် အများပိုင်စာမျက်နှာမှ တိုက်ရိုက်ရယူရန် –

http://sites.google.com/site/moemaka2008/pdf-files/TayaMinWai-2009-Memorial-Book.pdf?attredirects=0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts