>Ferry explodes while smuggling ship fuels between 2 ships

>

ရေလည်ခေါင်တွင် လောင်စာဆီ ရောင်းဝယ်ရာမှ ရန်ကုန်မြစ်တွင်း ပေါက်ကွဲမှုဖြစ်

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၃၊ ၂၀၀၉

ရန်ကုန်၊ သြဂုတ် ၃ – ယနေ့မနက်က ရန်ကုန်မြစ်အတွင်း အစိုးရပိုင် သင်္ဘောတစ်စီးနှင့် ပုဂ္ဂလိကပိုင် စက်လှေတစ်စီး စက်သုံးဆီ အရောင်းအ၀ယ် ပြုလုပ်ရာမှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူသုံးဦး သေဆုံးခဲ့သည်။

မနက် လေးနာရီခန့်က ရန်ကုန်မြစ် ရေလယ် ဘော်ယာတစ်ခုတွင် ချည်နှောင်ထားသည့် ဓါတ်ဆီ ဂါလံ တစ်သိန်း တင်ဆောင်ထားသော မြန်မာ့ရေနံနှင့် ဓါတုဗေဒလုပ်ငန်းပိုင် တွန်းသင်္ဘော နှင့် တွဲရေယာဉ်တစ်စီး နှင့် ရန်ကုန်-မော်ကျွန်း ပြေးဆွဲသော ပုဂ္ဂလိကပိုင် သစ်သားခွံစက်လှေ တစ်စီး စက်သုံးဆီ အရောင်းအ၀ယ် ပြုလုပ်နေစဉ် စက်လှေပေါ်တွင် တင်ဆောင်ထားသော ဆီတိုင်ကီများမှ စတင်ပေါက်ကွဲခြင်း ဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မိနစ်ပိုင်းအကြာတွင် စက်လှေမှာ နစ်မြုပ်သွားပြီး တွန်းသင်္ဘောသို့ မီးကူးစက် လောင်ကျွမ်းခဲ့သည်။ ထို့နောက် ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး မနက် ခြောက်နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု သိရသည်။

ဖြစ်ပွားသည့်နေရာမှာ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်ဆုံရာ သန်လျက်စွန်း မြစ်ဆုံ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ အိမ်တွေတောင် တုန်သွားတယ်။ မြစ်ဘက်ကို ထွက်ကြည့်တော့ ရေထဲမှာမီးပုံကြီးဖြစ်နေတာတွေ့ရတယ်” ဟု သန်လျက်စွန်း အနီးတွင် နေထိုင်သော အဖြစ်အပျက်ကို ကိုယ်တိုင် တွေ့ကြုံခဲ့သည့် အစိုးရ ၀န်ထမ်းတစ်ဦးက ပြောသည်။

အစိုးရသင်္ဘောပေါ်တွင် ၀န်ထမ်း ခြောက်ဦးနှင့် ပုဂ္ဂလိက စက်လှေပေါ်တွင် ၁၂ ဦးပါရှိသည့်အနက် သုံးဦးကို အလောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ရှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီး သို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရပြီး ကျန်ခုနစ်ဦးမှာ ပျောက်ဆုံးနေသည်ဟုသိရသည်။

စက်လှေမှ စက်မောင်းထားသောကြောင့် ၀ါယာလျှော့ဖြစ်ရာမှ ဓါတ်ဆီတိုင်ကီများသို့ မီးကူးစက်ကာ ပေါက်ကွဲခြင်း ဖြစ်နိုင်သည်ဟု သိရပြီး အသေးစိတ်ကို အာဏာပိုင်အဖွဲ့များက စုံစမ်းနေဆဲဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts