>Letters from Michigan – 47

>

မစ်ရှီဂန်မှပေးသောစာ (၄၇)
အောင်ဝေး
ဒီဇင်ဘာ ၂၉၊ ၂၀၁၀reuters photo

“—ပြည်တွင်းမှာ ပြည်သူအများစု ခံစားနေရတဲ့ ဒုက္ခဟာ ကျနော်တို့ ဒုက္ခပါပဲ။
ကျနော်တို့လည်း
ဒီဒုက္ခကို ခံစားရပါတယ်။ အမိတိုင်းပြည်ရဲ့ ဒုက္ခထဲမှာပဲ ကျနော်တို့ ရပ်တည် ရှင်သန်နေကြပါရဲ့—”

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဒီရက်တွေကတော့ မိုးကြီး တစ်မ ရွာချလိုက်လို့ လောကကြီး သန့်စင်သွားသလိုပါပဲ။ စိတ်ထဲလည်း ရှင်းသလို ဖြစ်ပြီး၊ အပျော်ကို ခံစားရပါတယ်။ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ ပျော်စရာ အလွမ်းဓာတ်ကလေး ကူးစက်လာပါရဲ့ဗျာ။

ကိုဒေါင်းရေ – – ဒီအချိန်မှာ ခင်ဗျားတို့လည်း ပျော်ရွှင် တက်ကြွနေကြမယ် ဆိုတာ ကျနော် တွေးကြည့်လို့ရပါတယ်။ ခင်ဗျားတို့နဲ့အတူ အပျော်တွေကို မျှဝေခံစားချင်ပေမဲ့၊ အခြေအနေက မပေးတော့လည်း အဝေးကပဲ ခင်ဗျားတို့ပျော်သလို လိုက်ပျော်ကြည့်ရတာပါ။ ခင်ဗျားတို့နဲ့အတူ တက်ကြွရှင်သန်လာတဲ့ ခွန်အားသစ်တွေနဲ့ သမိုင်းစာမျက်နှာသစ်တွေကို ဖွင့်ချင်တာပဲပေါ့ဗျာ။ ဒါပေမဲ့ လူက အဝေးရောက်နေတော့ အတွေးပဲ ရောက်နိုင်တော့တယ် ကိုဒေါင်းရေ။

ရှယ်လီရဲ့ ကဗျာတစ်ပိုဒ် ကိုဒေါင်းကြီးလည်း မှတ်မိဦးမှာပါ။ “ငါတို့ရဲ့အသန့်စင်ဆုံး ရယ်မောသံဟာ၊ ဒုက္ခတစ်ခုခု ပြွမ်းနေတတ်တယ်။ ငါတို့ရဲ့ အကောင်းဆုံးတေးတွေ ဆိုတာ၊ အဆွေးဆုံး အတွေးကို ပြောပြတဲ့ တေးတွေပေါ့” ဆိုတာလေ။

ကိုဒေါင်းရေ – – ရှယ်လီ ရေးသလိုပါပဲ၊ တကယ်တော့လည်း ခင်ဗျားတို့ ကျနော်တို့ အခုချိန်မှာ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာလို့ ပျော်ကြရပေမဲ့၊ တစ်ချိန်တည်းမှာလည်း တစ်ဖက်က စစ်အာဏာရှင် စနစ်ဆိုးရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကျနော်တို့ ပြည်သူတွေ ခါးစည်းခံနေကြရဆဲပဲ မဟုတ်လား။

ကျနော်တို့ မလွတ်မြောက်သေးဘူး။ ဆရာဦးဝင်းတင် ပြောသလို တိုင်းပြည်တစ်ခုလုံးကို ထောင်အုတ်ရိုး တံတိုင်း ခတ်ပြီး လူမဆန်အောင် အုပ်ချုပ် ဗိုလ်ကျနေတဲ့ မင်းဆိုးမင်းညစ် ဖက်ဆစ်တွေရဲ့ လက်အောက်မှာ ဒုက္ခက ရှယ်လီ့ကဗျာထဲကလိုတော့ တစ်ခုတလေ မကဘူးပေါ့ဗျာ နော်။

ဒီလို ဒုက္ခပင်လယ်ဝေထဲမှာ ကျနော်တို့ပြည်သူတွေ ရပ်တည် ရှင်သန် ရုန်းကန်နေကြရတာပါ။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဒုက္ခပင်လယ်ဝေကို ရင်ဆိုင် ဖြတ်သန်း ကျော်လွှားနေရတာပါ။ ကျနော်တို့ဟာ ဒုက္ခရောက်နေတဲ့ တိုင်းပြည်ကလူတွေပါ။ အနီးကလူ၊ အဝေးကလူ၊ အတူတူပါ။

အဝေးရောက်နေတဲ့ ကျနော်တို့မှာ ကိုယ့်တိုင်းပြည်ရဲ့ ဒုက္ခကလွဲလို့ တခြား ဘာဒုက္ခမှ မရှိပါဘူး။ ပြည်တွင်းမှာ ပြည်သူအများစု ခံစားနေရတဲ့ ဒုက္ခဟာ ကျနော်တို့ ဒုက္ခပါပဲ။ ကျနော်တို့လည်း ဒီဒုက္ခကို ခံစားရပါတယ်။ အမိတိုင်းပြည်ရဲ့ ဒုက္ခထဲမှာပဲ ကျနော်တို့ ရပ်တည် ရှင်သန်နေကြပါရဲ့။

သူ့မြေမှာ သူ့ဝေဒနာ ဘယ်လောက်ကြီးကြီး၊ ကိုယ့်ရေ ကိုယ့်မြေက ဝေဒနာလောက် ဘယ်အရာမှ အရေးမကြီးဘူး ကိုဒေါင်းရေ။ ဒါ အဝေးရောက်တွေရဲ့ စိတ်ထားပါ။ အခြေအနေ အရ အဝေး ရောက်နေရပေမဲ့၊ သူတို့နှလုံးသားတွေက ဧရာဝတီမြစ်ကြီး တိုင်းပြည်အပေါ် သစ္စာရှိရှိ စီးဆင်းနေသလို၊ သူတို့လည်း စီးဆင်းနေကြပါရဲ့။

ဒီအချိန်မှာ အဝေးရောက်နေတဲ့ နှလုံးသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါပဲ။ တိုင်းပြည်လွတ်လပ်ရေးပါပဲ။ စစ်ကျွန်ဘ၀က လွတ်မြောက်ရေးပါပဲ။ သူတို့နှလုံးသားဟာ မျှော်လင့်ချက်နဲ့ လျှံနေတာပါပဲ။

ကိုဒေါင်းရေ – – ကျနော်တို့လည်း အဝေးကနေ ခင်ဗျားတို့ငိုရင် ငိုသလို ငိုရတာပါပဲ။ ခင်ဗျားတို့ တက်ကြွရင် တက်ကြွသလို တက်ကြွကြတာပါပဲ။ ခင်ဗျားတို့လိုတော့ ဖက်ဆစ်သံဖနောင့် အောက်ကနေ၊ စစ်အာဏာရှင်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး တည့်တည့် ရင်မဆိုင်နိုင်တာကိုတော့ အားနာတယ် ကိုဒေါင်းရေ။

ဒီမှာ အကြောင်း အမျိုးမျိုးကြောင့် အဝေး ရောက်လာကြတယ်။ အများစုဟာ ၁၉၈၈ -ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစကတည်းက အဝေး ရောက်ခဲ့ကြရတာပါ။ သူတို့ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားတွေ များပါတယ်။

ပထမတော့ သူတို့ လွတ်မြောက်နယ်မြေကို ရောက်လာခဲ့ကြတယ်။ လွတ်မြောက်နယ်မြေမှာ စစ်အာဏာရှင်စနစ်ကို ပြန်တိုက်ဖို့ သူတို့နိုင်တဲ့ဝန်ကို သူတို့ ဆက်ထမ်းခဲ့ကြတယ်။ လွတ်မြောက်နယ်မြေဟာ တော်လှန်ရေးနယ်မြေပါ ကိုဒေါင်း။ ကံ့ကော်တော မဟုတ်ပါဘူး။ သစ်ပုပ်ပင်နဲ့ ဂျပ်ဆင် မရှိဘူး။ အင်းလျားရေပြင် မသိဘူး။ သူတို့ဘ၀က အရမ်းကို ကြမ်းတမ်း ခက်ထန်ခဲ့တာပါ။

နောက်ဆုံးတော့ မအောင်မြင်သေးတဲ့ တော်လှန်ရေးတွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့အတိုင်း၊ သူတို့ တတိယနိုင်ငံ အသီးသီးကို ရောက်ရှိ ခိုလှုံကြရတယ်လေ။ အခုဆိုရင် သူတို့ အိမ်မပြန်နိုင်တာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ ကိုဒေါင်း။

ဒီနှစ်ပေါင်း(၂၀)ကျော် အတွင်းမှာ သူတို့ ကြီးပြင်း ရင့်သန်လာခဲ့ကြတယ်။ သူများရေ၊ သူများမြေမှာ သူတို့ဘ၀ကို ကြံ့ကြံ့ခံ ခိုင်ခိုင် ရပ်နိုင်ခဲ့ကြတယ်။ သူတို့ဘ၀ကို မောင်းနှင်နေတဲ့ အဓိက အင်အားကတော့ အိမ်လွမ်းစိတ်ပါပဲဗျာ။ အိမ်လွမ်းစိတ်ဟာ အမှန်တရားပါ။ ဒီအမှန်တရားနဲ့ သူတို့ အဝေးရောက်တွေ ပန်းတိုင်ကို ချီတက်နေကြတာပါ။

တိုင်းပြည်ကိုချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ရတက်မအေးတဲ့စိတ်၊ တိုင်းပြည်ကို လွတ်မြောက်စေချင်တဲ့ စိတ်၊ လူမျိုးကို ကောင်းစားစေချင်တဲ့စိတ်၊ တိုးတက် ကျယ်ပြန့်တဲ့ အမျိုးသားစိတ်၊ စည်းလုံး မြဲမြံတဲ့ ပြည်ထောင်စုစိတ်၊ ဒီစိတ်တွေနဲ့ သူတို့ ရေခြားမြေခြားမှာ ဒူးမထောက် လက်မမြှောက် ဘ၀ကို အရှုံး မပေးဘဲ ရပ်တည် ရှင်သန်နိုင်အောင် ကြိုးစားနေကြတာပါ ကိုဒေါင်း။ စစ်အာဏာရှင် စနစ်ဆိုးကြီးရဲ့ အောက်မှာတော့ ဇာတ်က နာပြီးရင်း နာနေတုန်းပါ ကိုဒေါင်း။

အထူးသဖြင့်တော့ နှစ်ပေါင်း (၂၀) ကျော် အိမ်မပြန်နိုင်ကြသေးတဲ့ အဝေးရောက်တွေရဲ့ ခွပ်ဒေါင်းအလံဟာ ဘယ်တုန်းကမှ မလဲခဲ့သေးပါဘူး။ လှေခွက်ချည်းကျန်၊ အလံ မလှဲစတမ်း စိတ်ဓာတ်နဲ့ ကိုဒေါင်းရေ၊ အဝေးရောက်တွေလည်း ကမ္ဘာအနှံ့မှာ။ ခွပ်းဒေါင်းအလံတွေလည်း ကမ္ဘာ အနှံ့မှာ။

မကြာသေးခင်တုန်းကတော့၊ ညီငယ် ကဗျာဆရာ မီးဒုတ်က “အဝေးက ဥသြတွေ တွန်ရုံနဲ့ နွေဦးက ရောက်မလာဘူး” လို့ ကဗျာထဲ ထည့်ရေးလိုက်တော့ ကျနော် အတော့်ကိုပဲ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ကျနော့်မှာ ဆန္ဒတစ်ခုပဲ ရှိပါတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ အဝေးရောက်တွေ အားလုံး ညီညီညွတ်ညွတ် စုစုစည်းစည်းနဲ့ မမှိတ်မသုန် လိုက်ပါနိုင်ဖို့ပါပဲ။ ဒီလိုဆိုရင်တော့ နွေဦး ရောက်လာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ကိုဒေါင်း။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဒီဇင်ဘာ ၆ – ၂၀၁၀။


[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts