>Questions for Suu – RFA Programs

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၀)
မေးခွန်းမေးသူ။ ။ မနိုင်ခြူးဝေ (နော်ဝေနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသူတဦး)
Q: အမေစု မင်္ဂလာပါရှင်။ သမီးကနိုင်ငံရေးကို အရမ်းစိတ်ဝင်စားတဲ့ လူတယောက်ပါ။ သမီးရဲ့ အဖိုးတွေ၊ ဦးလေးတွေ၊ မိဘတွေကအစ နိုင်ငံရေးအကျဉ်းသားတွေပါရှင့်။ သမီးတို့ ဒီနော်ဝေးနိုင်ငံမှာ မြန်မာ့အရေးကို စည်းရုံးရေးတွေကို အမြဲတမ်းလုပ်နေကြပါတယ်ရှင့်။ သမီးမေးချင်တာ တခုကတော့ ဒီ နော်ဝေးနိုင်ငံ၊ နိုင်ငံသူ သားတွေကိုပေါ့နော်၊ မြန်မာအရေးကို ပိုမိုစိတ်ဝင်စားလာအောင် သမီးတို့ ဘယ်လိုပုံစံမျိုးနဲ့ အောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းများရှိရင် အမေစု သမီးကို ပြောပြစေချင်ပါတယ်ရှင်။ အမေစုကျန်းမာပါစေလို့ ဆုတောင်း ပါတယ်ရှင်။
A: မိသားစုဝင် အများအပြား နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ခဲ့ရတဲ့ သမီးကို အမေက အများကြီး စာနာပါတယ်။ ဒီလို အခြေအနေ ကြားထဲကနေပြီးတော့၊ နိုင်ငံရပ်ခြားမှာ အမေတို့ မြန်မာနိုင်ငံရေးအတွက် ဆက်လက်ပြီးတော့ လှုပ်ရှားနေတာကိုလဲ သိပ်ပြီးတော့ ဂုဏ်ယူပါတယ်။ သမီးတို့ ဒီလိုပဲ ဆက်ပြီးတော့ လုပ်နိုင်ပါစေလို့လဲ ဆုတောင်းပါတယ်။ နော်ဝေးနိုင်ငံသူ နိုင်ငံသားတွေက မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားလာအောင်၊ ဘယ်လိုလုပ်ရမလဲလို့ သမီးက မေးတဲ့အခါမှာလေ နော်ဝေးနိုင်ငံသူ နိုင်ငံသားတွေက၊ အမေတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေးခဲ့တာ ကြာပါပြီ။ ပိုပြီးတော့ စိတ်ဝင်စားအောင်လို့ ဆိုတာဟာ သမီးတို့လူငယ် အချင်းချင်း ဆက်သွယ်ပြီးတော့ လုပ်လို့ရှိရင် ပိုပြီးတော့ ထိရောက်မယ်လို့ အမေထင်မိပါတယ်။ နော်ဝေးလူငယ်တွေဟာ အမေတို့နိုင်ငံမှာ အခြေအနေတွေဘယ်လိုရှိတယ်၊ ဘယ်လို အမေတို့ရဲ့ပြည်သူတွေဟာ ဒုက္ခခံစားနေရတယ်ဆိုတာ သိလို့ရှိလို့ရှိရင် စာနာတဲ့စိတ်တွေနဲ့ ပိုပြီးတော့ ကူညီချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ အမေထင်မိပါတယ်။ ဒါကြောင့်မို့လို့ သမီး ကြိုးစားကြည့်ပါ။ သမီးတို့ လူငယ်အချင်းချင်း နားလည်အောင်လို့ လုပ်ပါ။ အဲဒီကနေမှတဆင့် တနိုင်ငံလုံးမှာ ဒီ မြန်မာပြည်အတွက် လုပ်ပေးချင်တဲ့စိတ်တွေ ပြန့်ပွားသွားအောင်လို့ ကြိုးစားပါလို့ အမေက တိုက်တွန်းချင်ပါတယ်။ သမီးတို့လဲ အားလုံး ကျန်းမာ ချမ်းသာအောင်လို့ နေကြပါလို့ ဆုတောင်းမေတ္တာပို့ပါတယ်နော်။
မေးခွန်းမေးသူ။ ။ ဒေါ်မော်လီ (ကနေဒါနိုင်ငံနေ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနဲ့ အခွင့်အရေးများဆိုင်ရာအဖွဲ့ WRWAB နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC တို့၏အဖွဲ့ဝင်)
Q: လေးစားတန်ဘိုးထားရပါသော ဒေါ်အောင်ဆန်းစုကြည်ရှင့်၊ မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်ရှိနေတဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးလုပ်ငန်းစဉ်တွေ အတွက် စဉ်းစားတဲ့အခါမှာ အဲဒီစဉ်းစားမှုအားက အင်မတန်နည်းနေတာကို တွေ့ရတယ်။ ကျမဆိုလိုတာက ကျမတို့ နိုင်ငံမှာ တိုင်းရင်းသားရဲ့ အရေးကို ထည့်သွင်းစဉ်းစားမှုပြုသလိုမျိုး အမျိုးသမီးတွေရဲ့ အရေးကိုလဲ ထည့်သွင်း စဉ်းစားလာနိုင်ဖို့ကို ဘယ်လိုမျိုးလုပ်ရမလဲ။ နောက်တခုက တိုင်းပြည်ပြန်လည်ထူထောင်တဲ့ နေရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးဖြစ်စဉ်တွေမှာ ထည့်သွင်းစဉ်းစားလာအောင် ကျမတို့ ဘယ်လို လုပ်ရမလဲဆိုတာကို သိချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
A: ဒေါ်မော်လီပြောသလိုပဲ အမျိုးသမီးတွေရဲ့ ကဏ္ဍကို အာရုံစိုက်သင့်သလောက် မစိုက်ဘူးဆိုတာ မှန်ပါတယ်။ ကျမတို့ နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးတွေက အင်မတန်မှ နည်းပါးနေတဲ့အခါမှာ ဒါတွေနဲ့ လုံးပမ်းနေရလို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အာရုံစိုက်သင့်သလောက် မစိုက်တာဖြစ်တယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့်လဲ ကျမတို့ရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးတွေဟာ တနေ့ထက်တနေ့ ပိုပြီးတော့ပါဝင်လာပါတယ်။ ကျမတို့ အကျဉ်းထောင်တွေထဲမှာ ဆိုလို့ရှိရင် နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေတဲ့ အမျိုးသမီးပေါင်း လေးရာကျော်ရှိပါတယ်။ ဒါဟာ ကျမတို့ အမျိုးသမီးတွေ ဘယ်လောက် တက်တက်ကြွကြွ ပါဝင်သလဲဆိုတာကို ပြတာပါ။ ဒီလို တက်တက်ကြွကြွပါဝင်ခြင်း အားဖြင့်ကို၊ ကျမတို့ရဲ့ နေရာကို၊ ကျမတို့ရဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို၊ လူတွေကနေပြီးတော့ လျစ်လျူရှုလို့မရတဲ့ အခြေအနေတခု ဖြစ်လာမှာပါ။ အဲဒီတော့ ဒေါ်မော်လီတို့ကလဲ တက်တက်ကြွကြွ နိုင်ငံရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ လူ့အခွင့်အရေးအတွက် တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးခြင်းအားဖြင့် ကျမတို့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ပိုပြီးတော့ ထင်ပေါ်အောင်လို့ လုပ်ပေးနိုင်မယ်လို့ ကျမထင်ပါတယ်။
မေးခွန်းမေးသူ။ ။ ကိုအိုတူး (ထိုင်း)
Q: အန်တီစုအနေနဲ့ ကျနော်တို့ဒီ ထိုင်းနိုင်ငံမှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ လူငယ်တွေအပေါ်မှာ၊ တလေးတစားတန်ဘိုးထားပြီး စကားပြောတာ ကျနော့်အနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ ဒီဘက်မှာရောက်နေတဲ့ လူငယ်တွေ အနေနဲ့ပေါ့နော် မြန်မာပြည်မှာ ပြန်ပြီးတော့ အလုပ်လုပ်ပေးချင်ပါတယ်။ အဲဒီ အပေါ်မှာ ဒေါ်စုအနေနဲ့ ဟို တိကျတဲ့လမ်းညွှန်မှုတခုကို ကျနော်တို့ လိုချင်ပါတယ်ပေါ့နော်။ လူငယ်တွေအနေနဲ့ ဘာများ၊ ဟို ဘယ်လိုမျိုးပြင်ဆင်ပြီးတော့ ပြန်လာရမလဲပေါ့နော်။၊
A: ကိုယ်ဘယ်နေရာ ဘယ်အခြေအနေမှာပဲ ရောက်နေနေ ကိုယ့်ရဲ့အရည်အသွေးတွေ မြင့်မားအောင်လို့ ကြိုးစားပါ။ ဒီအရည်အသွေးတွေနဲ့ တနေ့ တချိန် တခါမှာ ဒီကိုယ့်ရဲ့ နိုင်ငံကိုပြန်ပြီးတော့ အကျိုးပြုနိုင်မှာဆိုတာကို အန်တီလုံးဝ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ သားတို့အနေနဲ့ စိတ်ဓါတ်မကျပါနဲ့။ ကြိုးစားကြပါ။ တနေ့ တချိန် တခါမှာ ဒီနိုင်ငံကို ပြန်လာပြီးတော့ ဒီနိုင်ငံရဲ့ အဆင့်အတန်း ပိုမိုပြီးတော့ မြင့်မားလာအောင်လို့ လုပ်ပေးရမယ်ဆိုတဲ့ ဇွဲသတ္တိတွေနဲ့ ဆက်လက်ပြီးတော့ ရှင်သန်နေကြပါလို့ အန်တီ့အနေနဲ့ တိုက်တွန်းချင်ပါတယ်။
မေးခွန်းမေးသူ။ ။ ကိုထိုက်မင်း (ဖင်လန်)
Q: အမေစုကျန်းမာပါစေ။ ကျနော် ၈၅မှာ မွေးပါတယ်။ ၈၅ နောက်ပိုင်း ကျနော့်လို မျိုးဆက်သစ်တွေဟာ ပညာရေးမှာ ချို့တဲ့ကြပြီး အစစ အရာရာ အဆင်မပြေကြပါဘူး။ ဒီတော့ နိုင်ငံရေးဘက်လှုပ်ရှားနိုင်သူတွေ နည်းတာကို တွေ့ရပြီး၊ စားဝတ်နေရေး အဆင်ပြေအောင်သာ လုပ်ဆောင်ကြရတာ တွေ့ပါတယ်။ မေးခွန်းမေးချင်တာက ကျနော်တို့လို မျိုးဆက်သစ်တွေအတွက် ပြည်တွင်းမှာ ပညာရေးအစီအစဉ်တွေ ပြုလုပ်ပေးနိုင်မယ်ဆိုရင် ပြည်ပက ဘယ်လိုထောက်ပံ့ပေးတာတွေ အမေတို့ လိုအပ်မလဲဆိုတာ သိချင်ပါတယ်။ ပြည်ပရောက်နေတာ ဆယ်နှစ်ကျော်ပါပြီအမေ။ ဖင်လန်မှာရောက်နေတဲ့ တိုင်းရင်းသားတချို့က ဒီမိုကရေစီရရင်တောင် မြန်မာပြည်မပြန်ချင်ကြဘူးလို့ ဆိုပါတယ်။ အမိမြေကိုမပြန်ဘဲ တိုင်းတပါးမှာ အခြေချမယ်ဆိုတဲ့ သူတွေကို အမေ ဘာများပြောချင်ပါသလဲ။ ကျေးဇူးတင်ပါတယ်။
A: သားက ကိုယ်တိုင် ပညာရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ပြည်တွင်းက လူငယ်တွေရဲ့ ပညာရေးကို ပံ့ပိုးပေးချင်တယ်ဆိုတဲ့ စိတ်ဓါတ်ကို အမေ အများကြီး လေးလဲလေးစားတယ်။ ဒီလိုစိတ်ဓါတ်တွေရှိ တာကိုလဲ ဝမ်းသာပါတယ်။ အမေတို့အနေနဲ့ ဆက်သွယ်ပြီးတော့ ဘယ်လိုကူညီမှုတွေ ပေးနိုင်မယ်ဆိုတာကို အသိပေးပါမယ်။ တခါ တချိန်တည်းမှာပဲ မြန်မာပြည်ကိုတောင်မှ ပြန်မလာချင်တော့ဘူးဆိုတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ ဆိုရင် ကိုယ့်ကို ခိုလှုံမှုပေးထားတဲ့ တိုင်းပြည်အပေါ်မှာ သစ္စာထားတာ၊ ကျေးဇူးတရားထားတာ ဒါတွေကမှန်ပါတယ်။ ဒါပေမယ့်လဲ ကိုယ့်ရဲ့ အမိနိုင်ငံကိုတော့ မမေ့သင့်ဘူးလို့ အမေတို့ထင်ပါတယ်။ ကိုယ်အခုရောက်နေတဲ့ နိုင်ငံပေါ်မှာ သစ္စာထားသလို အမိနိုင်ငံပေါ်မှာလဲ သစ္စာထားနိုင်မယ်ဆိုလို့ရှိရင် အင်မတန်မှ ကောင်းတဲ့စိတ်ဓါတ်ပါ။ အင်မတန်မှ မွန်မြတ်တဲ့အနေအထား ဖြစ်မယ်လို့ အမေက ပြောချင်ပါတယ်။
မေးခွန်းမေးသူ။ ။ ကိုကျော်စစ်နိုင် (အမေရိကန်တွင် နိုင်ငံရေးနှင့်လူမှုရေးပညာသင်ကြားနေသူ ကျောင်းသားတဦးဖြစ်ပြီး၊
ဒေါက်တာဆလိုင်းထွန်းသန်း၏မြေးတော်စပ်သူ)
Q: ကျနော့်အနေနဲ့ မြန်မာပြည်အရေးတွေကို လေ့လာတဲ့အခါမှာ တရုတ်နိုင်ငံရဲ့ ဒီ ဒေသတွင်း သြဇာအာဏာ လွှမ်းမိုးမှုဟာ ကြီးမားလာတာကို ကျနော်တို့တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ယခုလက်ရှိ စစ်အစိုးရနဲ့ တရုတ်တို့ ဆက်ဆံရေးမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုဟာ မြန်မာပြည်ကို ဒုတိယတိဘက်ဖြစ်မယ့်ပုံကို တာစူနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဒီလိုကိစ္စမျိုး မဖြစ်ပွားအောင် ကျနော်တို့ ပြည်သူ လူငယ်တွေ အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ လှုပ်ရှားသင့်ပါသလဲလို့ အန်တီစု ဘယ်လိုစဉ်းစားထားသလဲ ဆိုတာ ကျနော်တို့ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
A: မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အိမ်နီးချင်းများဖြစ်သလို၊ လွတ်လပ်ရေး ရစဉ်ကာလကနေ စပြီးတော့ အိမ်နီးချင်းကောင်းများဖြစ်ခဲ့ပါတယ်။ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနေခဲ့ပါတယ်။ အခုအချိန်မှာကျတော့ တရုတ်နိုင်ငံဟာ သြဇာအာဏာ အများကြီး ကြီးသွားပြီးတော့ အန်တီတို့နိုင်ငံက နေပြီးတော့ အင်အားနည်းတဲ့ နိုင်ငံ၊ စီးပွားရေးအရ မတိုးတက်တဲ့ နိုင်ငံ၊ ဖြစ်လာတဲ့ အခါကျတော့ ဒီနိုင်ငံ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ရှေ့ဆက်ပြီးတော့ ဘယ်လိုများ ဖြစ်မလဲ ဆိုပြီးတော့ စိုးရိမ်ပူပန်မှုတွေဖြစ်လာပါတယ်။ တကယ်တော့ ကောင်းတဲ့မိတ်ဆွေများ ဆိုတာဟာ တန်းတူညီတူရေးအပေါ်မှာ အခြေခံပြီးတော့ ပေါင်းသင်းရမှာပါ။ အဲသလိုဖြစ်ဖို့ အန်တီတို့နိုင်ငံရဲ့ အခြေအနေကို ပိုပြီးတိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ အကောင်းဆုံးနည်းပါပဲ။ တခြားနိုင်ငံကို အပြစ်မရှာနေဘဲနဲ့၊ တခြားနိုင်ငံကို လက်ညိုးထိုးမနေဘဲနဲ့ အန်တီတို့ နိုင်ငံမှာ ဘာအားနည်းချက်တွေရှိသလဲ၊ ဒီအားနည်းချက်တွေကို ပပျောက်အောင်လုပ်ပြီးတော့ အန်တီတို့ဟာ တန်းတူညီတူ အိမ်နီးနားချင်းကောင်း၊ မိတ်ဆွေကောင်းများဖြစ်အောင်လို့ နေဖို့ ကြိုးစားသွားရမယ်လို့ အန်တီထင်ပါတယ်။
မေးခွန်းမေးသူ။ ။ ကိုစတီဗင် (ဆွီဒင်)
Q: အမေဒေါ်စုကို ကျနော်မေးချင်တာက ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ရာဇာလီနဲ့ သော်လည်းကောင်း၊ မစ္စတာ ဂန်ဘာရီနဲ့သော်လည်းကောင်း၊ စစ်အစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ကြည်နဲ့ သော်လည်းကောင်း၊ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြတယ်။ ဒီလိုဆွေးနွေးခဲ့တဲ့အခါမှာ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို ကျနော်တို့ ပြည်သူတွေအနေနဲ့ သိချင်ပါတယ်။ အထူးသဖြင့် ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ကြည် အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်၊ ဘာဖြစ်လို့ ဆွေးနွေးမှု မအောင်မြင်တာလဲ ဆိုတာကို ကျနော် အမေ ဒေါ်စုကို မေးချင်ပါတယ်။
A: အမေ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့ကိစ္စတွေဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး တိုးတက်အောင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေတဲ့ သဘောပါပဲ။ ဦးအောင်ကြည်နဲ့ ဆွေးနွေးတာတွေကတော့ အမှန်ပြောရလို့ ရှိရင် သိပ်ပြီးတော့ ထူးထူးထွေထွေ အရေးပါတဲ့ကိစ္စတွေ မပါပါဘူး။ ပြည်သူလူထု အများစု သိသင့်တဲ့ ကိစ္စတွေဆိုလို့ရှိရင် အမေ တယောက်တည်း ဆွေးနွေးပြီးတော့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုကို အသိပေးမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဦးအောင်ကြည် နဲ့ ဆွေးနွေးတဲ့ ကိစ္စတွေဟာ သိပ်ပြီးတော့ နက်နက်နဲနဲ မရှိတာကြောင့်လဲ ဆွေးနွေးပွဲတွေဟာ ဆက်ပြီးတော့ မဖြစ်ခဲ့တာလို့ အမေထင်ပါတယ်။ ဒါပေမယ့် အရင်တုန်းက မဖြစ်ခဲ့လို့ နောင်လဲ မဖြစ်ဘူးလို့တော့ မပြောနိုင်ပါဘူး။ ဖြစ်ဖို့ပဲ အမေတို့ကနေပြီးတော့ ဆက်ပြီးတော့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ ပြည်သူတွေအတွက် အဓိက ကျတဲ့ ကိစ္စတွေ ဆိုလို့ရှိလို့ရှိရင် ဘယ်တော့မှ အမေတယောက်တည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်အရ လုပ်မှာ မဟုတ်ပါဘူးဆိုတာလဲ သားတို့ကို အသိပေးပါရစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts