>Maung Lu Yay – Blessing in Burma 19

>

 
မင်္ဂလာနှင့် နိုင်ငံရေး ( ၁၉ )
မောင်လူရေး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀
သန္တုဋ္ဌိမင်္ဂလာ=လောဘအပိုလိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ကျေနပ်လေဟု လင်္ကာက သင်ပါလတည်း။
ဤမင်္ဂလာသည် ကိုယ့်ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲခြင်း ကိုယ့်စွမ်းအင်ရှိသလောက်ကို ကျေနပ်လက်ခံခြင်းပင် ဖြစ်တော့ချေ၏။
အချို့သူများသည် မိမိတို့ရသမျှဖြင့် ရောင့်ရဲရမည်ဆိုပါက ထိုသူနှင့် ထိုသူ၏နိုင်ငံသည် သူများနောက်၌ ကျန်ရစ်လိမ့်မည်ဟု ဆိုတတ်ကြသည်။
ထိုဆိုမှုသည် သန္တဋ္ဌိကို အမှန်အဟုတ်မသိမှုသာ ဖြစ်ရချေတော့မည်။ သန္တုဋ္ဌိသည် သန္တောသမှ ပေါက်ဖွားလာ လေသည် ။ သန္တောသဟူသည် အမှန်သဘောလှဘိ၏။
ရှုလော့ အဆွေ-
ယထာလာဘ သန္တောသ=ရထိုက်သမျှ ကျေနပ်လက်ခံနိုင်ခြင်း။
ယထာဗလ သန္တောသ=ကိုယ့်အနေအထား၊ကိုယ့်အင်အားက ခွင့်ပြုသမျှ တရားနှင့်လျော်ညီစွာ  ကျေနပ်လက်ခံ နိုင်ခြင်း။
ယထာသာရုပ္ပ သန္တောသ=ကိုယ့်အာဏာ၊ ကိုယ့်ဓနနှင့် သင့်တော်လျော်ကန်ရုံ ကျေနပ်လက်ခံနိုင်ခြင်း။
ဤသန္တောသများသည် ကျွန်ုပ်တို့သည် ကိုယ့်အခြေအနေအတွင်း နေထိုင်ဖို့နှင့် ကိုယ့်ကျိုးအတွက် ကိုယ့်ကိုယ်စွမ်း ဉာဏ်စွမ်း၊ လူမှုရေးအင်အား၊ နိုင်ငံရေးအင်အားတို့ကို မှားမှားယွင်းယွင်းအသုံးချမှုကို ဟန့်တားနေသည်ကို တွေ့နိုင်ပါသည်။
မြတ်စွာဘုရားသည် လူတစ်ဦး၏ဘဝကို ခံစားမှုပိုင်းနှင့် ရင်းနှီးမှုပိုင်းဟူ၍ ခွဲသည်။ လေးပုံ ပုံလျှင် ခံစားမှုပိုင်းကို တစ်ပုံသာ သတ်မှတ်သည်။
ရင်းနှီးမြှုပ်နှံမှုအပိုင်း၌ ကိုယ်စွမ်းဉာဏ်စွမ်းကို သုံးဆမျှ သုံးစေချင်သည်။ ဤသို့ခံစားမှုပိုင်း၌ လျော့ချမှုကို သန္တုဋ္ဌိဟုဆိုသည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရေး ပြည်ရေးတို့၌ ရသလောက်သာဟု သတ်မှတ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းလျော့ချမှုသည် သန္တုဋ္ဌိ မဟုတ်။ ဆုပ်နစ်နုန့်နဲ့ခြင်းသာ ဖြစ်သည်။
ယနေ့ခေတ်စား တွင်ကျယ်နေသော Politics is the art of possible. နိုင်ငံရေးဆိုသဟာ ဖြစ်နိုင်ခြေကို လုပ်တာ၊ ဖြစ်နိုင်တာကို လုပ်တာဟူသည် သန္တုဋ္ဌိသဘောမဆောင်၊ ကိုယ့်စွမ်းကိုယ်စ လျော့ချမှု သဘော ဆောင်နေပေသည်။
ထိုသဘောမျိုးကို ပမာဒဟုဆိုလေသည်။
ပမာဒဟူသည် အညစ်အကြေးတည်း။ ကောင်းရာကောင်းကြောင်း၌ ဦးမတည်ဘဲ ဘယ်ကြားမှာ ဘယ်နှယ်နေနေ မျောလိုလည်းမျောပါစေဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ အကောင်း၌ အစုန်မရှိချေ၊ အဆန်သာတည်း။ အစုန်သည် မူလဘူတအခြေအနေ၌ မွေ့လျော်ပျော်ပိုက်ခြင်းသာတည်း။ သန္တုဋ္ဌိဓာတ်နှင့် ပညာတတ်ကြမှ တိုင်းပြည် ကောင်းစားပေတော့မည်။
ဆင်ခြင်ရှုပွားစရာ မဟာဇနကဇာတ်တော်ထဲမှ အခန်းတခန်းကို ဆရာကြီးဦးရွှေအောင်၏ အနှိုင်းမဲ့စာအုပ်မှ ကူးယူဖေါ်ပြလိုက်ပါသည်။ ကြည်ညိုဘိလော အဆွေ-
သမုဒ္ဒရာစောင့် မဏိမေခလာနတ်သမီးသည် သမုဒ္ဒရာပြင်၌ ကူးနေသော အလောင်းတော်မဟာဇနကမင်းသား ကိုမြင်၍ ဤသို့မေးမြန်း၏-
“ကမ်းမမြင်သော သမုဒ္ဒရာ၌ ဘာ့ကြောင့် အပင်ပန်းခံ၍ ကူးလေသနည်း”
ထိုအခါ အလောင်းတော်မဟာဇနကမင်းသားသည် မဏိမေခလာနတ်သမီးအား ဤသို့ပြန်ပြော၏-
“ကျွန်ုပ်သည် လူတို့၏တာဝန်နှင့် ဝီရိယ၏ အကျိုးအာနိသင်ကို ဆင်ခြင်၍ ကမ်းမမြင်နိုင်သော သမုဒ္ဒရာ၌ ဤကဲ့သို့ အပင်ပန်းခံ၍ ကူးခြင်းဖြစ်၏”
ထို့နောက် မင်းသားနှင့် မဏိမေခလာနတ်သမီးတို့သည် လုံ့လနှင့် ပတ်သက်၍ ဤသို့ အချီအချ ပြောကြပြန်၏-
နတ်သမီး     မင်းသား…သင်၏ လူ့ဝတ္တရားနှင့် ဝီရိယ၏အာနိသင်ဟူသည် ဤကမ်းမမြင်နိုင်သော သမုဒ္ဒရာ၌ သေခြင်းအကျိုးကိုသာ ဖြစ်စေနိုင်၏။ အခြားအကျိုးကို ဖြစ်စေနိုင်သည်မဟုတ်။ သေခြင်းအကျိုးကို ဖြစ်စေတတ် သောအကြောင်းတရားဟူသည် ကောင်းမြတ်သောသဘောရှိပါ၏လော။
မင်းသား –      နတ်သမီး…မိမိ၏ ရည်ရွယ်ချက်အတိုင်း ဖြစ်နိုင်ဖို့ အကြောင်းမရှိဟူ၍ ဆုံးဖြတ်ပြီး ကံကြမ္မာအတိုင်း ဖြစ်လိုရာဖြစ်စေတော့ဟူ၍ လည်စင်းပြီးခံလျှင် လူဖျင်းလူညံ့သာ ဖြစ်၏။ ထို့ကြောင့် လည်စင်းပြီးခံခြင်းသည် သေခြင်းအကျိုးကိုလည်း ရ၏။ လူဖျင်းလူညံ့ဖြစ်ရခြင်း အကျိုးကိုလည်း ရ၏။ ထို့ကြောင့် အကျိုးနှစ်မျိုးကို ရ၏။
အကျိုးသည် မိမိ၏ဆန္ဒနယ်နိမိတ်အလွန်၌ ရှိသည်လည်းရှိ၏။ ဆန္ဒနယ်နိမိတ်အတွင်း၌ ရှိသည်လည်းရှိ၏။ အကြောင်းသည် မိမိ၏ဆန္ဒနယ်နိမိတ်အတွင်း၌ ရှိ၏။ ထို့ကြောင့် မိမိ၏ဆန္ဒနယ်နိမိတ်အလွန်၌ရှိသော အကျိုးကို မတွယ်တာဘဲ မိမိ၏ဆန္ဒနယ်နိမိတ်အတွင်း၌ရှိသော အကြောင်းနှင့်အကျိုးကိုသာလေးစားစွာပြုရ၏။ လေးစားစွာပြုအပ်သော အကြောင်းတရားသည် မိမိ၏ ဝမ်းဗိုက်ထဲ၌ အကျိုးတရားကို သယ်ဆောင်ပြီးသားဖြစ်၏။
နတ်သမီး…သင်ကြည့်ပါလေ၊ ဝီရိယမဲ့သော သင်္ဘောသား ခုနှစ်ရာသည် သေကြကုန်ပြီ။ ဝီရိယရှိသော အကျွန်ုပ် သည် အသက်ရှင်လျက်ရှိ၏။ သင်နတ်သမီးကိုလည်း အနီးကပ်မြင်ရ၏။ ဤသည်မှာ ဝီရိယ၏လက်တွေ့အကျိုး မဟုတ်ပါလော။ သတ္တဝါတစ်ယောက်ဖြစ်ရခြင်းတွင် မျိုးနွယ်စု “ဉာတိ” တို့၏ ကျေးဇူးလည်းပါ၏။ နတ် “ဒေဝါ” တို့၏ ကျေးဇူးလည်းပါ၏။ ဗြဟ္မာ “ပိတာ” တို့၏ ကျေးဇူးလည်းပါ၏။ လုံ့လရှိသမျှအားထုတ်ခြင်းသည် ယင်းတို့အ ပေါ် ကျေးဇူးကြွေးကို ဆပ်နေခြင်းဖြစ်၏။ ထိုသို့ဆပ်ခြင်းအားဖြင့် ကြွေးကင်းသူ “အနဏ” ဖြစ်နိုင်ပါ၏။
ကျွန်ုပ်သည် အလုပ်၏ဆန္ဒလွန်အကျိုးကို မျှော်ကိုးခြင်းမပြုဘဲ ဆန္ဒတွင်း အလုပ်ကိုသာ ပြီးစီးအောင် စွမ်းအားရှိသလောက် အားထုတ်ခြင်းဖြစ်၏။
နတ်သမီး –       မင်းသား သင်၏စိတ်ထားကို နှစ်သက်ပါ၏။ ထို့ကြောင့် သင်လိုရာသို့ ကျွန်ုပ်ပို့ပေးမည်။
အခုအခါသမယ ရွေးကောက်ပွဲဆိုသည့်ကာလကြီး၌- ရှေးကတင်ကြိုပြောခဲ့ကြသော all လည်း inclu မ sive တော့။ free နှင့် fair လည်း ရှဲသွားလေပြီ။
သေခြင်းအကျိုးနှင့် လူဖျင်းလူညံ့ဖြစ်ခြင်းအကျိုးသာ ရလေတော့မည်။ ဖြစ်နိုင်ခြေလောက် စဉ်းစားတာကတော့ လူ့တာဝန် မဟုတ်တန်ရာပေ။
ဖြစ်နိုင်ခြေသမားများ ဆင်ခြင်နိုင်ကြပါကုန်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts