အတွေးအမြင်

ဦးရွှေချိန်၏ ဘောလုံးသင်တန်းနှင့် အလယ်တန်းကစားသမားတဦး (Salai Shwe Linn)

ဦးရွှေချိန်၏ ဘောလုံးသင်တန်းနှင့် အလယ်တန်းကစားသမားတဦး

ဆလိုင်းရွှေလင်း၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃

          ကျနော်သည် မူလတန်းပညာကို မော်လမြိုင်မြို့၊ ရတနာဘုံပျံ၊ အမက တွင် ၅ နှစ်တိုင်တိုင် သင်ယူခဲ့ပါသည်။ ၁၉၇၃ မှ ၁၉၇၈ အထိဖြစ်ပါသည်။ ထိုကျောင်းသည် မော်လမြိုင်ရှိ အခြားသော မူလတန်းကျောင်းများနှင့် မတူသော အချက်များ ရှိသည်။

          ပထမအချက်မှာ အခြားကျောင်းများတွင် နံနက် ၉း၃၀ မှ ညနေ ၃း၃၀ အထိ တက်ရသည်။ ရတနာဘုံပျံတွင် နေ့ခင်း ၁၂ နာရီမှ ညနေ ၅း၃၀ အထိ တက်ရသည်။ ရတနာဘုံပျံတွင် တောင်ရိုးတန်းတလျောက်ရှိ ဘုန်းကြီးကျောင်းသားများသာ အဓိကတက်ရောက်ကြသဖြင့် ဆွမ်းခံချိန်၊ ဆွမ်းစားချိန်နောက်ပိုင်းတွင်သာ ကျောင်းတက်ရသည်။ အချို့သောပညာရေးမှူးများက အခြားကျောင်းများကဲ့သို့ နံနက် ၉း၃၀ တွင် စတက်ရန် ညွှန်ကြားလေ့ရှိသော်လည်း ကျောင်းအုပ်ကြီးနှင့် ဆရာတော်များက အကျိုးအကြောင်း ရှင်းပြရမြဲ ဖြစ်သည်။

          ဒုတိယအချက်မှာ ကျောင်းအဆောက်အဦး ၂ ခုလုံးသည် ရတနာဘုံပျံဆရာတော်ကြီးက ပညာရေးအတွက် အသုံးပြုခွင့်ပေးထားသော သာသနိကအဆောက်အဦများဖြစ်ခဲ့၏။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျခံဆောက်လုပ်ခဲ့ခြင်း မဟုတ်ပေ။ လွတ်လပ်ရေးမရမီ (သို့မဟုတ်) လွတ်လပ်ရေး ရခါစလောက်တွင် တောင်ရိုးတန်းတလျောက်ရှိ ဆရာတော်များ၏ ဆန္ဒအရ ရတနာဘုံပျံဆရာတော်ကြီးက ဦးဆောင်၍ ဘုန်းကြီးကျောင်းသားများလည်း လောကီအတန်းပညာများကို သင်ယူခွင့်ရကြစိမ့်သောငှာ ပညာရေးဌာနသို့ မေတ္တာရပ်ခံ ဖွင့်လှစ်ခဲ့ကြကြောင်း သိရ၏။

          တတိယအချက်မှာ ဆရာ၊ ဆရာမများသည် တပည့်များအပေါ် သားသမီးအရင်းတမျှ အနွံတာခံခဲ့ကြခြင်း ဖြစ်သည်။ ထိုခေတ်က အခြားသောဆရာ၊ ဆရာမများသည်လည်း များသောအားဖြင့် တပည့်များအပေါ် စေတနာအပြည့်အ၀ထား၍ အပင်ပန်းခံ သင်ကြားပေးခဲ့ကြသည်သာ ဖြစ်ပါသည်။ (ထိုသို့ ပြုမူသင်ကြား၍ လောက်သောလစာနှင့် အသိအမှတ်ပြုမှု၊ လေးစားမှုများကိုလည်း ရခဲ့ကြသည်ဟု သိရပါသည်။) ရတနာဘုံပျံဆရာများကတော့ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသော ဘုန်းကြီးကျောင်းသားများအပေါ် ပို၍ အပင်ပန်းခံပေးကြရ၏။

          ဥပမာ – ကျနော်သည် စတုတ္ထတန်းမဖြေမီ ခြေအဆစ်လွဲ၍ ကျောက်ပတ်တီးစီးထားရ၏။ လုံးဝလမ်းမလျောက်နိုင်ပါ။ ဆရာကြီးဦးရွှေချိန် (မွန်လူမျိုး) က စာမေးပွဲဖြေရသောနေ့များတွင် စက်ဘီးဖြင့် အကြိုအပို့လုပ်ပေး၏။ ထိုစဉ်က စတုတ္ထတန်းမှာ မြို့နယ်စစ် ဖြစ်၍ မြို့ထဲရှိအခြားကျောင်းတွင် ဖြေရ၏။ ဆရာကြီးရောက်လာလျင် စက်ဘီးကိုရပ်၊ ဒေါက်ထောက်၍ ကျနော့်ကို ပွေ့ချီပြီး စက်ဘီးနောက်ခုံတွင် တင်၏။ စာဖြေဌာနသို့ ရောက်လျင် စက်ဘီးကိုရပ်၍ ဒေါက်ထောက်ပြီးနောက်၊ ကျနော့်ကို ပွေ့ချီကာ စာဖြေခန်းသို့ ပို့ပေး၏။ ထိုရွေ့ ထိုမျှ အနွံတာခံသော ဆရာများဖြစ်ပါသည်။

          စတုတ္ထအချက်မှာ ကျနော်တို့နေခဲ့စဉ်က ရတနာဘုံပျံ အမကသည် မူလတန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမြဲလိုလို ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ဗိုလ်စွဲရခြင်းအကြောင်းရင်းမှာ ၂ ချက်ဖြစ်မည်ဟု ထင်ပါသည်။ တစ်အချက်မှာ ကျောင်းသားချင်း ယှဉ်လျင် ကျနော်တို့ကျောင်းက အားကစားသမားများ ပို၍ လူကောင်ထွားနေကြသည်။ ဘုန်းကြီးကျောင်းသားများမို့ ဟင်းပေါင်းကို မှီဝဲသဖြင့် ပို၍ လူကောင်ထွားနေကြခြင်းမျိုးလည်း ဖြစ်နိုင်သလို၊ အခြားကျောင်းများက စွပ်စွဲသလို ပို၍အသက်ကြီးနေကြခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ကျေးလက်တောရွာတွင် အရွယ်ကြီးလာခဲ့ပြီး ဘုန်းကြီးကျောင်းရောက်မှ စာသင်ဖို့ ကျောင်းအပ်တော့ မွေးနေ့သက္ကရာဇ်ကို ဖြိုသူများလည်း ရှိနိုင်သည်။ အချို့ကတော့ ထင်ရာမြင်ရာမွေးနေ့ကို ပေးလိုက်ခြင်းမျိုးလည်း ရှိနိုင်သည်။           ဥပမာ – ကျနော့်မွေးနေ့ကို ဘခင်က တမျိုးပြော၍ မိခင်က တမျိုးပြောသည်။ နောက်အချက်မှာ ဆရာကြီးဦးရွှေချိန်က ဘောလုံးကန်သောနည်းပညာကို စနစ်တကျသင်ပေးခြင်းကြောင့် ဖြစ်သည်။

          ဆရာကြီးက အချိန်ပိုခေါ်၍ ဘောလုံးနည်းပညာကို စာသင်သကဲ့သို့ သင်ပေးသည်။ ဟိုစဉ်က မတွေးခဲ့မိသော်လည်း ယခုအချိန်ပြန်တွေးလိုက်သောအခါ ထူုးခြားနေသည်မှာ ဘောလုံးအသင်းတွင် မပါဝင်သူများကိုလည်း စာသင်ခန်းမှာ လက်ခံခြင်းဖြစ်သည်။ ကျနော်လည်း ဘောလုံးကန်သူမဟုတ်သော်လည်း သွားရောက် နားထောင်သည်။

          ဆရာကြီးက သင်ပုန်းကြီးပေါ်တွင် ဘောလုံးကွင်းပုံစံကို အကျအနဆွဲ၍ ဘောလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သင်ကြားပေးပါသည်။ ယနေ့တိုင် မှတ်မိနေသောအချက်မှာ ရှေ့တန်းကစားသူများ၊ အလယ်တန်းကစားသူများ၊ နောက်တန်းကစားသူများ၊ ဂိုးဖမ်းသူ စသည်ဖြင့် သူ့နေရာနှင့်သူ တာဝန်ကို ရှင်းရှင်းလင်းလင်း သင်ပြမှုများ ဖြစ်ပါသည်။ နောက်တန်းကစားသူများ၊ ဂိုးဖမ်းသူသည် ဂိုးသွင်းမခံရရေးကို အဓိကတာဝန်ယူ၍ မည်သို့မည်ပုံ ကာကွယ်ကြရမည်ကို ရှင်းပြ၏။ အလယ်တန်းကစားသူများသည် ဂိုးသွင်းမခံရရေးအတွက် လိုအပ်သလို အားစိုက်ကြိုးပမ်းရသလို မိမိဖက်က ဂိုးရရေးအတွက် ရှေ့တန်းကစားသူများကို ပံ့ပိုးဖန်တီပေးနိုင်ရန် မည်သို့မည်ပုံ ကစားကြရမည်ကို ရှင်းပြ၏။ အခွင့်သာ၍ လိုအပ်လျင်လည်း ကိုယ်တိုင် ဂိုးသွင်းနိုင်ကြောင်းလည်း ရှင်းပြ၏။ ရှေ့တန်းကစားသမားများသည် ဂိုးသွင်းခွင့်ရဖို့ အဓိကတာဝန်ရှိကြောင်း၊ အလယ်တွင်း ကစားသူများက ဘယ်လောက်ပင် ဖန်တီးဖန်တီး၊ နောက်တန်းကစားသူများက ဘယ်လောက်ပင် ကာကွယ်ကာကွယ်၊ ရှေ့တန်းကစားသူများက ဂိုးသွင်းနိုင်ခြင်း မရှိလျင် အောင်မြင်သောအဆုံးအဖြတ်ကို မရနိုင်ကြောင်း သင်ပေး၏။ ဂိုးသွင်းခွင့်ရလျင်လည်း မိမိတဦးတည်း အစွမ်းအစကြောင့် မဟုတ်ဘဲ အသင်း၏ စုပေါင်းစွမ်းအားကြောင့် ဖြစ်ကြောင်း ခံယူရမည်ဟု သင်ပေးပါသည်။

          ကျနော်တို့ ဘုန်းကြီးကျောင်သားများမှာ မြို့ထဲက ကျောင်းသားများလို ဘောလုံးအစစ်ကို ၀ယ်၍ ကန်နိုင်သူများ မဟုတ်၊ အ၀တ်စုတ်ကို လုံးချီ၍ ဘောလုံးအမှတ်ဖြစ် ခပ်ကြမ်းကြမ်း အနာခံကစားခဲ့ကြသူများဖြစ်ရာ ယခုလို နည်းစနစ်မှန်မှန် သင်ပေးလိုက်သောအခါ ဘယ်မှာ မနိုင်ဘဲ ရှိတော့မည်နည်း။ အမြဲလိုလို ဗိုလ်စွဲတော့သည်သာလျင်တည်း။ ကားပေါ်တွင် ဒိုင်းဆုကို ကိုင်မြောက်၍ (ဘုံပျံ ဘုံပျံ ဒိုင်း ဒိုင်း) ဟု အသံဝင်အောင် အော်ဟစ်ခဲ့ရပုံများကို ပြန်လည်မြင်ယောင်နေမိပါသည်။

          မြို့ထဲရှိ အမကကျောင်းများမှ ဆရာနှင့် မိဘအချို့သည် ဘုံပျံကို ရှုံးသဖြင့် မကျေနပ်ကြ။ အသက်ကွာသည်။ လူကောင်ထွားသည် ဟု စွပ်စွဲကြသည်။ သို့သော် အမကကျောင်းပေါင်းစုံ ပြိုင်ပွဲတွင် အသက်ကန့်သတ်ချက်ကို တိတိကျကျသတ်မှတ်ထားခြင်း မရှိ၍လား (သို့မဟုတ်) ဘုံပျံ အမက ကစားသမားများ သက္ကရာဇ်ဖြိုထားခြင်းကြောင့်လား မသိ။ ထိုပြသနာကြီးထွားမလာချေ။ အချို့က မကျေနပ်ကြသော်လည်း အများစုကတော့ မုဒိတာပွားနိုင်ကြပါသည်။ ယခုအချိန်ပြန်စဉ်းစားမိတော့မှ ပညာဆင်းရဲသော တောရွာကျေးလက်မှ လာတဲ့ ကျောင်းသားလေးတွေ ပညာတတ်ပါစေ။ ပျော်ကြပါစေဟု စေတနာထားနိုင်ခဲ့ပုံကို ချီးကျုးမိပါတော့သည်။ (ငါတို့ ညစ်လို့ရတယ်၊ အားနည်းသူတွေကို ပြန်နှိပ်စက်လိုက်ဦးမယ်) ဟု မြို့ခံများက စဉ်းစားခဲ့ခြင်း မရှိပါ။ ထိုအချက်နှင့်ပင် မော်လမြိုင်မြို့သားတွေ စိတ်ဓာတ်မြင့်မြတ်ခဲ့တာကို သတိရစရာ ဖြစ်ပါသည်။

          ကျနော်သည် ယခုအခါ ဘာသာရေးအသင်းအဖွဲ့၊ ပရဟိတအသင်းအဖွဲ့အချို့တွင် ပါဝင်ဆောင်ရွက်နေပါသည်။ ဘာသာရေးအသင်းနှင့် ဘောလုံးအသင်းသည် တူညီခြင်း မရှိသော်လည်း မည်သည့်အသင်းဝင်များမဆို စည်းလုံးညီညွတ်စွာ တာဝန်ကိုယ်စီ ကျေပွန်ကြပါမှ အောင်မြင်နိုင်မည် ဆိုတာကိုတော့ ဆရာကြီး ဦးရွှေချိန်၏ သင်ပြမှုကြောင့် သိနေခဲ့ပါသည်။

          “ချင်းဗုဒ္ဓသာသနပါလက” အဖွဲ့ကို ချင်းလူမျိုးဗုဒ္ဓဘာသာဝင်များက စည်းလုံးညီညွတ်စွာ သာသနာတော်အရေး ဆောင်ရွက်နိုင်ကြစေရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ချင်းရောင်ခြည် ဓမ္မမဂ္ဂဇင်းကို ထုတ်ဝေဖို့ ကျနော် လောဆော်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်အချို့ကို ထိုမဂ္ဂဇင်းမှနေ၍ အကောင်အထည်ဖော်နိုင်ကြောင်း တင်ပြခဲ့ပါသည်။ သို့သော် အလှူငွေရော၊ စာမူများပါ ကျနော် မစိုက်ထုတ်၊ မလှူဒါန်းနိုင်ပါ။ ဦးဆောင်ဆရာတော်များ၊ နာယကလူကြီးများ၊ အမှုဆောင်များက ၀ိုင်းဝန်းလိုက်ကြရာ မဂ္ဂဇင်းများ ပေါ်ထွက်လာနိုင်ခဲ့ကြပါသည်။ ကျနော်က အလယ်တန်းကစားသမားဖြစ်၍ ရှေ့သို့ တင်ပို့လိုက်သော ဘောလုံးကို ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော ဦးဆောင်ဆရာတော်များ၊ နာယကကြီးများ၊ အမှုဆောင်များ၊ အလှူရှင်များက ဂိုးသွင်းပေး၍ အောင်ပွဲခံနိုင်ခဲ့ကြပါသည်။

          ကွယ်လွန်သူ ဒေါက်တာကြည်စိုး (ညွှန်ချုပ်)၏ ဇနီး ဗိုလ်ကြီးစုစု (ငြိမ်း) နှင့် သားသမီးများသည် ရွှေတိဂုံဘုရားဖူး ကုသိုလ်တော်ကို ဆောင်ရွက်နေကြောင်း ကြားသိရ၍ စတင်ဆက်သွယ်ခဲ့ပါသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင် အဖိုးအဖွားများကို ဘုရာဖူးခေါ်ချိန်တွင်မူ ကျနော်က ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် ရပ်ဝေးသို့ ရောက်ရှိနေပါသည်။ သို့သော် ဦးဆောင်ဆရာတော်များ၊ နာယကကြီးများ၊ အမှုဆောင်များက ဒေါ်စုစုနှင့်အတူ ဂုဏ်ယူဖွယ်၊ သာဓုခေါ်ဖွယ်ဖြစ်အောင် ၀ိုင်းဝန်းဖော်ဆောင် ခဲ့ကြပါသည်။

          ကျနော်က အလယ်တန်းကစားသမားအဖြစ် မမှီတမှီ ကန်ပို့ခဲ့သောဘောလုံးကို ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော ဒေါ်စုစုနှင့် ပါလကအဖွဲ့က ရအောင်ယူ၍ ဂိုးသွင်း အောင်နိုင်ခဲ့ကြပါသည်။ ကျနော်ကတော့ တာဝန်မကျေသလိုခံစားခဲ့ရ၏။ သို့သော် ဂိုးသွင်းနိုင်သူများကြောင့် အားတက်ရွှင်လန်းခဲ့ရပါသည်။ အားကိုးစရာ တိုက်စစ်မှူးများရှိနေသ၍ ကျနော် ဘောလုံးကန်ရတာ မောမည် မဟုတ်ပါ။

(ဆလိုင်းရွှေလင်း)

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts