ဖိုးထက် အတွေးအမြင်

ဖိုးထက် – ခက်ခဲ့တဲ့ မေးခွန်း

 

ဖိုးထက် – ခက်ခဲ့တဲ့ မေးခွန်း
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅

RFA ကတင်ဆက်သော ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အစီအစဉ်ကို ကျွန်တော် အမြဲလိုလို နားထောင်ဖြစ်သည်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအပေါ် ဒေါ်စု၏ အမြင်၊ ခံစားချက်တွေကို မေးသူက ချက်ကျ လက်ကျ မေးသည်။ ဖြေသူကလည်း ပိုင်ပိုင်နိုင်နိုင်။ ပြီးခဲ့သော အပါတ်က မေးသူ ကိုခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ကို ဘ၀ဆိုတာကို ဘယ်လို မြင်သလဲလို့ မေးခဲ့သည်။ မာမီကြီးက ဘ၀ဆိုတာ သူနားလည်ရင် ဒီထက်ပိုကောင်းမယ် ထင်တယ်ဟု ဖြေပေးခဲ့သည်။ ကျွန်တော် နည်းနည်းတော့ အံ့သြပါသည်။ ဒီလောက် ပညာကြီးရင့်ပြီး အပြစ်ကင်းသည့် ဘ၀ကို ပိုင်ဆိုင်ထားသူက၊ အများအတွက် ဘ၀တစ်ခုလုံးကို ပေးဆပ်ထားသူက ဘ၀ဆိုသည့် အဓိပ္ပါယ်ကို ပိုပြီး သိချင်သတဲ့။ ပိုပြီး နားလည်ချင်သတဲ့။

ကျွန်တော့်အပေါ်မှာ ဖြူစင်သည့် မေတ္တာစေတနာ ထားသူ တစ်ဦးက “အောင်မြင်သည့် ဘ၀ဆိုတာ ဘာကို ပြောသလဲ” ဟု အလွန်လေးလံသော မေးခွန်းကို မေးဘူးတာ သတိရမိသည်။ ကျွန်တော့်အတွက် အလွန်ရက်စက် စိမ်းကားသော မေးခွန်း ဖြစ်ပါသည်။ သူ့မေးခွန်းကို ဖြေဖို့ နေနေသာသာ အသက်ရှူမ၀ ဖြစ်သွားခဲ့ရဘူးသည်။ ဘာလဲ ဘ၀။ ဘ၀ဆိုတာ ဘာလဲ။

ဘ၀ဆိုတာ ဘ နဲ့ ၀ နဲ့ ပေါင်းထားတာလို့ သူငယ်ချင်းတစ်ချို့ နောက်နောက် ပြောင်ပြောင် ပြောတိုင်း ကျွန်တော်က ဘနဲ့ ၀နဲ့ ပေါင်းထားတာ မဟုတ်ဘူးကွ။ a နဲ့ b ကို ပေါင်းရင် မျိုးမတူလို့ a + b ဘဲ ရတယ်။ မြှောက်မှ ab ရသလို ဘ၀ဆိုတာလဲ ဘနဲ့ ၀နဲ့ မြှောက်ထားတာကွ လို့ ကျွန်တော် အမြဲ အထွန့်တက်ခဲ့သည်။ ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းကတော့ သူ့စာတွေထဲမှာ၊ သူ့စာပေ ဟောပြောပွဲတွေမှာ ဘ၀ဆိုတာ အချိန်ဘဲ ဟု ပြောခဲ့သည်။ ဘ၀ဆိုတာ စက္ကန့်လေးတွေ ပေါင်းထားတဲ့ အချိန်ဘဲတဲ့။ အချိန်ကို ကောင်းကောင်းကြီး အသုံးချသူဟာ အောင်မြင်တဲ့ ဘ၀ကို ရမှာဘဲတဲ့။ အချိန်ကို အလဟဿဖြုန်းတီးနေရင်တော့ မအောင်မြင်တဲ့ ဘ၀ကို ရမှာဘဲတဲ့။ ဆရာကြီး၏ စေတနာနှင့် ဥာဏ်ပညာကို အထွန့်မတက်လိုသော်လည်း ဘ၀ဆိုတာ အချိန်ဆိုတာကရော အလုံးစုံ မှန်ပါ့မလား။

ရုရှား စားရေးဆရာ အီလျာရင်ဘတ်ကတော့ ဘ၀ဆိုတာကြီးကို သူ့ရဲ့ လူများ သက္ကရာဇ်များထဲမှာ တိုက်ရိုက် မပြောသွားခဲ့သော်လည်း သူနားလည်လည့် လူ့ဘ၀တွေကို ရေးသွားခဲ့တာ ကျွန်တော် သတိရမိပြန်သည်။

“ကျွန်တော်တို့သည် ကိုယ့် အတိတ်နှင့် ကိုယ် ရန်ဖြစ်နေကြရသဖြင့် အတိတ်အကြောင်းကို မှန်မှန်ကန်ကန်မတွေးနိုင်ဘဲ ဖြစ်နေကြပါသည်။ ရာစုနှစ်ဝက် တစ်ခု အတွင်းမှာပင် လူများ၊ အဖြစ်အပျက်များနှင့် ပါတ်သက်သည့် ကျွန်တော်တို့ အမြင်များသည် အကြိမ်များစွာ ပြောင်းလဲသွားခဲ့ကြပါသည်။ စကားများသည် ၀ါကျမဆုံးခင် ရပ်တန့်သွားကြပါသည်။ အတွေးများနှင့် ခံစားချက်များသည် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို ခံကြရပါသည်။ …….တစ်ခါတစ်ရံတွင် ကိုယ့်ဘ၀တည်မြဲရေးအတွက် မေ့ပျောက်ပြစ်လိုက်ရတာတွေ ရှိပါသည်။ အတိတ်က အောက်မေ့သတိရစရာတွေဖြင့် ရှေ့သို့ ဆက်သွား၍ မရပါ။” တဲ့။

ဘာသာပြန်သူ ဆရာကြီး မြသန်းတင့်၏ တုပမရသည့် ဘာသာပြန်မှုနှင့် မူရင်း ရေးသူ အီလျာရင်ဘတ်တို့ နှစ်ဦးကို ကျေးဇူး တင်မိသည်။ အတိတ်က သတိရစရာတွေဖြင့် ဘ၀ကို နောက်ပြန်လှည့်ကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်နေတတ်သည့် ကျွန်တော့်ကို လှုပ်နှိုးလိုက်သလို ခံစားခဲ့ရသည်။ ပြီးခဲ့သော အတိတ်ကို ချန်ခဲ့။ မေ့သင့်တာတွေ မေ့ပြစ်ခဲ့။ ရှေ့တည့်တည့် ပစ္စပ္ပန်ကို ဆက်လျှောက်ဖို့ သူက တွန်းအားပေးခဲ့သည်။ လူတွေဟာ အတိတ်ရဲ့ ကျေးကျွန်ဆိုသည့် စကားလို အတိတ်ဆိုး၊ အတိတ်အဆွေး အမြေ့တွေကို တစ်ခါတစ်ရံ ကျွန်တော်တို့ မေ့ပြစ်ကို မေ့ပြစ်ကြရသည် မဟုတ်ပါလား။ အတိတ် သင်ခန်းစာတွေမှ သင်ခန်းစာယူရင်း အမှား အသစ်တွေ ထပ်မှားရင်း ဘ၀ကို ဖြတ်သန်းနေကြရတာဘဲ မဟုတ်ပါလား။

အောင်မြင်တဲ့ ဘ၀ဆိုတာ ဘာလဲဟု ချစ်သူ၊ ခင်မင်သူတွေကို ထပ်ဆင့်မေးမိပြန်တော့ ဘ၀ဆိုတာ ဘာလဲဟု အမြဲ စိတ်ဝင်စားနေသူ တစ်ဦးကတော့ အောင်မြင်တဲ့ ဘ၀ဆိုတာ နှစ်ခု ရှိတယ်ဟု ဖြေသွားခဲ့သည်။ ဥာဏ်ပညာနှင့် ချစ်ခြင်းတရား ရှိပြီး ရင့်ကျက်တည်ငြိမ်မှု ရှိသော ဘ၀နှင့် အများအတွက် အလုပ်တွေ အများကြီး လုပ်သော ဘ၀ နှစ်ခုဟာ အောင်မြင်တဲ့ ဘ၀ဘဲဟု အဖြေပေးသည်။ အငြင်းပွားစရာ မရှိ။ ကျွန်တော် သဘောတူသည်။ သို့သော် ဥာဏ်ပညာ ကြီးရင့်သူ၊ ချစ်ခြင်း မေတ္တာတရား ပြည့်ဝသူ၊ အများအတွက် ဘ၀ကို ပေးဆပ်ထားသူ မာမီကြီးကိုယ်တိုင်က ဘ၀ ဆိုသည့်စကားလုံးကို အဓိပ္ပါယ် သိချင်ပြန်သည် ဆိုသောကြောင့် သူပြောသည့် အောင်မြင်သည့် ဘ၀ကို ပြန်လည် စောကြောကြည့်ဖို့ လိုလာပြန်သည်။

ဒေါ်စု၏ အများ ကောင်းကျိုးကို လိုလားသည့် ဘ၀နှင့် အများကိုဒုက္ခပေးနေသည့် အနှီလူကြီးတွေ၏ ဘ၀ကို ယှဉ်ကြည့်မိသည်။ ပုထုဇဉ်သဘာဝအရ ထိုလူကြီးတွေက သူတို့ ဘ၀ကို အောင်မြင်တယ်လို့ ယူဆနေသည်လား မသိပါ။ သူတို့မှာ ခန့်မှန်း လို့မရသည့် မတရား ရယူထားသည့် ငွေကြေးဥစ္စာ၊ ပိုင်ဆိုင်မှု များစွာ၊ အာဏာ၊ လုပ်ပိုင်ခွင့် စသည့် အရာတွေကို ဘ၀၏ အောင်မြင်မှုလို့ ယူဆဟန်ရှိသည်။ ထို့ကြောင့်လဲ သူတို့ဘ၀ကျဆုံးမသွားစေဖို့ အမျိုးမျိုး ညစ်။ အမျိုးမျိုး ကောက်ကျစ်နေကြသည် မဟုတ်ပါလား။ အများကို ဘယ်လို ဒုက္ခပေးရမလဲ၊ အများနှင့် သက်ဆိုင်သည့် နိုင်ငံကို ဘယ်လို ဆွဲချရမလဲ သိနေတာကိုက သူတို့ရဲ့ အောင်မြင်တဲ့ ဘ၀လို့ ထင်ကြဟန်တူသည်။

နိုင်ငံကျော် ၀တ္ထုရေးဆရာတစ်ယောက်ကတော့ အောင်မြင်တဲ့ ဘ၀ဆိုတာ သေခါနီးမှာ နောင်တရစရာ များများ စားစား မရှိတာကို ခေါ်တယ်ဟု သူ့ဇာတ်ကောင်ကတစ်ဆင့် ရေးခဲ့တာ ကျွန်တော် ဖတ်ဘူးသည်။ သူ့ဇာတ်ကောင်က နောင်တရစရာ မရှိဘူး ဆိုတာကလဲ နောင်တရတတ်သည့် ဥာဏ်ပညာ၊ ခံယူချက် ရှိဖို့တော့ လိုတယ်တဲ့။ ကိုယ့်လုပ်ရပ်တွေကို သေခါနီးမှာ နောင်တမရနိုင်လောက်အောင် နုံနဲ့သည့် လူမိုက်ကြီးတွေ ကမ္ဘာမှာ၊ မြန်မာမှာ ရှိခဲ့သည် မဟုတ်ပါလား။ ရှိဆဲ မဟုတ်ပါလား။ ကျွန်တော်ကတော့ ဥာဏ်ပညာ မကြီးရင့်သော်လည်း ဘ၀မှာ နောင်တရစရာတွေကို နောင်တရပါသည်။ သို့သော်လည်း ဆရာကြီး အီလျာရင်ဘတ်ပြောသလို အတိတ်ကို မေ့ခဲ့ပြီး လက်ရှိဘ၀ကို ရှင်သန်ဖို့ အမြဲ ကြိုးစားနေရသည်။

ဘ၀ နှင့် အောင်မြင်သည့် ဘ၀ကို အဓိပ္ပါယ် ပိုင်ပိုင်နိုင်နိုင်ကြီး ပြောလိုက်ဖို့ ကျွန်တော် မ၀ံ့ပါ။ တကယ်ကျတော့ ဘ၀ရှိနေတာကိုကဘဲ ရှုံးနိမ့်ခြင်း တစ်မျိုးဆိုတာကိုတော့ ကျွန်တော် သိသည်။ ဒါကြောင့်လဲ ဘ၀သံသရာကို ဖြတ်ဖို့ ဘုရားရှင် အဆက်ဆက်နှင့် သူတော်ကောင်းကြီးတွေက ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။ နည်းပေးလမ်းပြ လုပ်ကြသည် မဟုတ်ပါလား။

ဆရာကြီး အီလျာရင်ဘတ်က ကျွန်တော်တို့ လူတွေက အတိတ်ကို ပြန်တွေးသောအခါ ကားမီးရောင်နဲ့ နှိုင်းခဲ့တာ သတိရလာပြန်သည်။ မှောင်မှောင်မည်းမည်း ဟိုက်ဝေးလမ်းမကြီးပေါ်မှာ ကျွန်တော်တို့ ကားနှင့် ခရီးသွားသော အခါ ကားမီးရောင်သည် တစ်ခါတစ်ရံ လမ်းဘေးက သစ်ပင်တွေပေါ် ရောက်နေတာလဲ သတိထားမိတတ်ကြသည်။ တစ်ခါတစ်ရံ လမ်းဘေးက ဖြတ်လျှောက်သွားသည့် လူတစ်ယောက်အပေါ် ရောက်သွားတတ်တာလဲ သတိထားမိကြသည်။ တစ်ခါတစ်ရံ လမ်းကို ဖြတ်ကူး ပြေးသွားသည့် ခွေးတစ်ကောင်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်သည့် ချုံပုတ်အပေါ်ကို ကားမီးရောင် ကျနေတာကို သတိထားမိကြသလိုမျိုး တွေးမိကြသည် မဟုတ်လား။ ဘာမှ မဟုတ်သည့် အကြောင်းအရာတွေကို ကျွန်တော်တို့ ဘ၀မီးရောက်အောင်မှာ မှတ်မှတ်ရရ ရှိနေတတ်သည်။ ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည့် သစ်ကြီး ၀ါးကြီးတွေကိုတော့ တစ်ခါတစ်ရံ မေ့နေကြသည် မဟုတ်ပါလား။ ရိပ်ခနဲ့၊ ရိပ်ခနဲ့၊ ဖြတ်ခနဲ့၊ ဖြတ်ခနဲ့ ဖြတ်သန်းခဲ့ရသော အချိန်တွေထဲက အတိတ်တွေကို သတိရနေတတ်တာကိုက ဘ၀လို့ ယူဆရမည်လား။

ဘယ်အထိ သံသရာ ရှည်လျားထွေပြားနေမယ်မှန်း မသိသည့် ကျွန်တော့် အတွက် ဘ၀ဆိုတာ အချိန်ဆိုသည့် ဆရာကြီး ဦးအောင်သင်းစကားကို ပိုပြီးသဘောကျသလို လို ရှိလာသည်။ နောင်တရစရာတွေကို နောင်တရတတ်သည့် အချိန်ရှိသည့် လူ။ ရင့်ကျက် တည်ငြိမ်သော လူ။ အများ ကောင်းကျိုးကို ကိုယ်ကျိုးစွန့် အနစ်နာခံပေးသည့် လူတွေကို အောင်မြင်သည့် ဘ၀လို့ သတ်မှတ်ကြချင်ကြသော်လည်း ကျွန်တော်ကတော့ ထိုအရည်အချင်းများအပြင် သံသရာ တစ်ဖက်ကမ်းက လွတ်မြောက်ရာဆီသို့ ဦးတည်သည့် ဘ၀ကို ပိုပြီး လိုချင် တောင့်တမိသည်။ ချစ်ခြင်း မေတ္တာတရားများဖြင့် သွားသည့် ခရီး။ ချစ်ခင်စရာတွေပေါ်ကို ကားမီးရောင် ကျသလို အတိတ်ကို ပြန်တွေးတိုင်း ကြည်နူးချမ်းမြေ့ရသည့် ဘ၀ကို ပိုပြီး လိုလားမိသည်။ အခုတော့ ကျွန်တော့် ဘ၀ခရီးက မီးရောင်ကြီးက ဟိုအပေါ် ကျသွားလိုက်။ ဒီအပေါ် ရောက်လာလိုက်နဲ့။ အောင်မြင်တဲ့ ဘ၀ဆိုတာ ဘာလဲဟု အမေးရှိလာသည့် ချစ်သူငယ်ချင်း၏ အဖြေကို မဖြေနိုင်တာ ကျွန်တော် စိတ်မကောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts