>Aung Soe – Life is as it is (experience of HIV/ AIDS patient)

>

ဘဝဆိုတာ ဒီလိုပါဘဲ
အောင်စိုး
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ဒီဇင်ဘာ ၂၂၊ ၂၀၁၀
ကျွန်တော့် နာမည် အောင်စိုးပါ။ …..မြို့နဲ့ …..မြို့ ပြေးဆွဲတဲ့ ….. ဒိုင်နာယာဉ်အသင်းမှာ ဂိတ်စာရေး အလုပ် လုပ်ကိုင်လျှက်ရှိပြီး မိသားစုကို ကျွန်တော်တစ်ဦးတည်း လုပ်ကိုင်ကျွေးမွေး နေထိုင်ခဲ့ပါတယ်။
ကျွန်တော့်မှာ သား ၂ ယောက် ရှိပါတယ်၊ အကြီးက ၉-တန်း – ၁၄ နှစ်၊ အငယ်က ၅ နှစ်၊ ဒီနှစ်မှ ကျောင်းစ ထားတာ၊ သူငယ်တန်းပါ။ သမီး ၁ ယောက်၊ သူက အလတ်၊ ၁၂ နှစ်၊ ရ – တန်း ရောက်နေပြီ။           ကျွန်တော်ကျန်းမာရေးကောင်းစဉ်က လုပ်ငန်းကို တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခု၊ ၄ လပိုင်းလောက်ကစပြီး မထင်မှတ်ဘဲ ဖျားလိုက်၊ ဆေးကုတော့လဲ ပျောက်လိုက်နဲ့ ဖြစ်လာပါတယ်။ သူငယ်ချင်း တွေနဲ့ ကားသမားတွေက ဒီကောင် A လို့ ပြောဆိုကြပါတယ်။ ကျွန်တော် ဂရုမစိုက်မိပါ။ ကိုယ့်ကိုယ်ကိုလဲ မထင်မိပါ။
အဲဒီနောက် ဖခင် ကျန်းမာရေးမကောင်းလို့ ပြုစုတုန်းမှာဘဲ ကျွန်တော် ရုတ်တရက်မူးလဲပြီး အပြင်းဖျားတဲ့ အတွက် ဆေးခန်းကို သွားကုရင်း သွေးစစ်ကြည့်တော့ HIV ပိုး ရှိနေတာ သိခဲ့ရပါတယ်။ အဲဒီတော့ ရ-လ ပိုင်းရှိပြီ။
အဲဒီနောက် ချက်ချင်းဆိုသလိုဘဲ ကျွန်တော် တအားပိန်ကျသွားပြီး အသားရောင်ကလဲ မွဲခြောက်သွားတယ်။ ကျွန်တော့်ဆီမှာ လူအ၀င်အထွက် နည်းသွားတယ်။ လက်ဖက်ရည်ဆိုင် ထိုင်နေကျ သူငယ်ချင်းတွေလဲ မလာ ကြတော့ဘူး။
ကျွန်တော်နေတာကလဲ ကားကြီးဝင်းထဲမှာဘဲ။ လူတွေက အိမ်လဲမလာ၊ ဂိတ်ထဲ သွားပြန်တော့ ကားသမားတွေကရှောင်။ ကျွန်တော်လာရင် သူတို့သွား။ ကျွန်တော်ရေသောက်ပြီးရင် အဲဒီအိုးမှာ သူတို့ မသောက်ကြတော့။ ကျွန်တော်ကျွေးတဲ့ ကွမ်းဆိုရင် သူတို့ မစားရဲကြ။ တချို့ယူသွားတယ်။ ဒါပေမဲ့ ကျွန်တော့် ကွယ်ရာမှာ လွင့်ပစ်ကြတယ်။
 ရွှေခြင်္သေ့သွားပြီး အသင်းဝင်ပါလား၊ အဲဒီမှာ A တွေ ကုပေးတယ်ဆိုပြီး တချို့က ကျွန်တော့်မိန်းမကို ပြောလိုက်တယ်။ သူက သွားဘို့ပြောတော့ ကျွန်တော်က ရောဂါရှိတာ တခြားသူတွေ သိကုန်မှာ၊ အဲဒီကို ဒီပုံစံ နဲ့ အ၀င်အထွက်လုပ်ရင် ကိုယ့်ဘာသာ လိုက်ကြော်ငြာသလို ဖြစ်မှာပေါ့၊ မသွားဘူးဆိုပြီး အိမ်တွင်းပုန်းနေ လိုက်တယ်။
အဲဒါကို ကျွန်တော့်ဂိတ်မှုးသိတော့ ဒီရောဂါဟာ ရှက်နေရမဲ့ဟာ မဟုတ်ဘူး၊ ကုရင် ရတယ်၊ မင်းတို့ ကိုယ့်ရှိမှ ကိုယ်စားရတာ၊ သူများတွေ ထဲ့တွက်မနေနဲ့၊ သွား ကုကြ လို့ လာပြောမှ ရောက်သွားတော့တာ။ ဂိတ်မှုးက ကျွန်တော့်တင် မဟုတ်ပါဘူး၊ ဘယ်လိုဆိုရင် ကူးတယ်၊ ဘယ်လိုဆိုရင် မကူးဘူး ဆိုတာတွေကို ကားသမားတွေကို ရှင်းပြတယ်။
သူက စာဖတ်တယ်၊ ပညာတတ်တယ်၊ ပညာပေးစာစောင်တွေဖတ်ပြီး သေချာရှင်းပြတယ်။ အထူးသဖြင့် ကျွန်တော့်ကို ကြောက်ကြတဲ့သူတွေကိုပေါ့ဗျာ။ ပြီးတော့ ဂိတ်မှုးက ကျွန်တော်အလုပ် မဆင်းနိုင်တော့ပေမဲ့ ကျွန်တော့်နေရာကို လူစားထိုးမခန့်ဘဲ ကျွန်တော့်အတွက် ခွဲတမ်းကို နဂိုတုန်းကအတိုင်းဘဲ ပေးတယ်။ သူက ကျွန်တော့်မိန်းမကို ဈေးဘိုး လိုသလောက်သာ လာထုတ် ဆိုပြီး စာရင်းနဲ့ သေချာထိန်းပေးထားတယ်။
ရွှေခြင်္သေ့ရောက်တော့ သူတို့အကူအညီနဲ့ ဆေးရုံမှာ မိသားစုလိုက် သွေးစစ်ဖြစ်တယ်။ ကျွန်တော့်မိန်းမရယ်၊ အငယ်ဆုံးသားလေးရယ် ထပ်တွေ့တယ်ဗျာ။ အဲဒီသတင်းလဲကြားရော တမြို့ထဲနေ ကျွန်တော့်ညီမရောက်လာ ပြီး အကြီးနှစ်ယောက်ကို ကူးမှာစိုးရတယ်ဆိုပြီး လာခေါ်သွားပါရော။ သူရော၊ ရွာမှာနေတဲ့ညီမရောက အိမ်ကို လာတော့ ရောက်လာတတ်တယ်။ ဒါပေမဲ့ သူတို့ ရေဘူးနဲ့သူ၊ အစားအသောက် အသုံးအဆောင် ဘာဆို ဘာမှ မတို့ မထိတော့ဘူး။
ဒီရောဂါဟာ အလွယ်တကူ ကူးစက်လိမ့်မယ် ထင်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီရောဂါပိုးဟာ အလွယ်တကူ မကူးစက်နိုင်ဘူးဆိုတာ ကိုယ်လဲ ကိုယ်ကိုယ်တိုင်ဖြစ်လို့ အဖွဲ့ထဲရောက်မှ ပေးတဲ့ စာရွက်တွေ ဖတ်ရင်း၊ ဆရာတွေ ပြောတာတွေ နားထောင်ရင်း၊ အချင်းချင်းတွေ ဆွေးနွေးပြောဆိုကြရင်းကနေ နားလည် လာတော့တာကိုး။
ရွှေခြင်္သေ့ရောက်လို့ ဆေးကုရ၊ ဆေးရုံကလဲ ဆေးအချို့ရ၊ ယူနီဆက်က ဖွင့်တဲ့ CHBC၊ DRC (Dannish Red Cross)၊ သူတို့ဆီကလဲ အကူအညီတွေ အထောက်အပံ့တွေလဲရဆိုတော့ စိတ်ဓာတ်တွေလဲ တက်လာ၊ အိမ်ပြင်လဲ ပြန်ထွက်ရဲလာပေါ့လေ။
ကံကောင်းချင်တော့ ကျွန်တော့်အတွက် ဆေးအလှူရှင်ပေါ်ပြီတဲ့၊ ရွှေခြင်္သေ့က လာအကြောင်းကြားတယ်။ မိသားစုဝင်များတဲ့သူတွေနဲ့ မဖြစ်မနေ ဆေးကျွေးရတော့မဲ့သူတွေကို ဦးစားပေးတာတဲ့။ ကျွန်တော်ကတော့ နှစ်ချက်လုံးဆိုင်နေတယ်။ မန္တလေး သွားရမယ်၊ ဒီမှာက CD4 စစ်တာတို့၊ အထူးကုဆရာဝန်တို့ ဘာမှ မရှိဘူးလေ။ လမ်းစားရိတ် စားစရိတ်တော့ ကိုယ့်ဘာသာ ကျခံရမယ်၊ ကျန်တာ အလှူရှင်က အကုန်တာဝန်ယူတယ်တဲ့။ အဲဒီစားရိတ် သုံးလေးထောင်လောက်ကိုဘဲ မတတ်နိုင်လို့ ထားခဲ့ပါတော့ဆိုတဲ့သူ ၃- ယောက်ရှိတယ်။ သူတို့ကိုတော့ ရွှေခြင်္သေ့ကဘဲ စားရိတ်ပေးခေါ်ခဲ့တယ်။
 အဖွဲ့က စေတနာ့ဝန်ထမ်းတွေက ဦးဆောင်ပြီး ကျွန်တော်တို့ ပျော်ပျော်ပါးပါးကြီး သွားခဲ့ကြတယ်ပေါ့ဗျာ။ ဟိုမှာ  ဘုန်းကြီးကျောင်းတကျောင်းက တည်းဘို့ နေရာပေးပါတယ်။ အဲဒီ ဘုန်းကြီးကျေးဇူး အင်မတန်ကြီးပါတယ်။
မဟုတ်ရင် ကျုပ်တို့လို ရုပ်ပျက်ဆင်းပျက်လူမမာတွေ တပြုံကြီးကို လက်ခံမဲ့နေရာ မရှိပါဘူး။ တကယ်ဘဲဗျာ၊ လမ်းမှာရော ဆေးခန်းမှာရော ထမင်းဆိုင်မှာရော ကျွန်တော်တို့ကို ဝိုင်းကြည့်ကြတဲ့လူတွေ မနဲဘူး။ ဆေး စစားတဲ့  ၇- ယောက်ထဲက ၃- ဦး ဆုံးသွားတယ် ။ ကံကောင်းထောက်မစွာ ကျွန်တော်ဘာမှ မဖြစ်ခဲ့ဘူး။
ပိုကံကောင်းတာက ကျွန်တော့်အမေဘက်က ဆွေမျိုးတော်တဲ့ ဆရာဝန်တစ်ဦးက ကျွန်တော့်အဖြစ်အပျက်ကို ကြားပြီး လှမ်းခေါ်တယ်။သူက …….. ရုံးက HIV/AIDS ရောဂါတိုက်ဖျက်ရေး စီမံချက် အရာရှိ။ သူက လားရှိုး မြို့ AZG မှာ ကျွန်တော့်မိသားစု ၃ – ယောက်လုံးအတွက် ARV ဆေး ရနိုင်တဲ့အကြောင်း၊ ကားသမား ဖြစ်တဲ့အတွက် လမ်းစရိတ်ပါ ရနိုင်တဲ့အကြောင်း ရှင်းပြတယ်။ အလွန်ကံကောင်းထောက်မလို့ ကျွန်တော်တို့ ၃ ယောက်လုံး ဆေးရခဲ့တယ်။ ဝေးပေ ပင်ပန်းပေမဲ့ ပင်ပန်းကျိုးနပ်ပါတယ်။ ကျွန်တော့်အတွက် အလှူရှင်ဆီက လှူတဲ့ဟာကိုတော့ အခြေအနေဆိုးတဲ့ ဘဝတူတစ်ယောက် အတွက်ပေါ့ဗျာ။
နောက် ကျွန်တော့်သားချင်းတစ်ယောက်၊ သူ့ယောကျာ်းက ၂၀၀၁ ခုနှစ်ထဲက ဒီရောဂါနဲ့ ဆုံးသွားတာ၊ သူလဲ ၂၀၀၈ -၂၀၀၉ မှာ ပိန်ပြီး လက္ခဏာတွေ ပြလို့ ရွာမှာ အိမ်တွင်းပုန်း ပြန်လုပ်နေတာ။ သူ့အဖေက သူ့သမီးလေး လူတွေသူတွေမြင်ပြီး အပြောခံရမှာစိုးလို့ နေ့ဆို အိပ်၊ ည ကျရင် ထ၊ အိမ်ထဲ လမ်းလျှောက်၊ တိုင်းရင်းဆေးတွေ ကျွေး၊ အဲလို ထားတာ၊ ပြောရရင် သေတော့မယ်။ အဲဒါ ကျွန်တော်တို့ အကြောင်းတွေပြောပြပြီး သူ့ကို လှမ်းခေါ်၊ ရွှေခြင်္သေ့လိုက်ပို့၊ AZG ခေါ်သွား၊ အဲဒီမှာ သူ့ကို ဆေးစတိုက်တော့ သူ့ CD4 က ၇ – ဘဲ ရှိတော့တယ်။
ခု သူလဲ ကောင်းနေပြီ၊ အလုပ်တောင် ပြန်လုပ်နေပြီ။ တခြား ဘ၀တူ ၆ ဦးကိုလဲ ဆေးရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ထပ်လဲ သွားချင်တဲ့သူတွေကို လိုက်ပို့နေအုံးမှာပါ၊ ကျွန်တော့်အမျိုးသမီးက ပို့တာပါ၊ ကျွန်တော်က ဂိတ်ပြန်ဆင်းနေရပြီလေ။
၂၀၁၀၊ ၂ လပိုင်းလောက်ရောက်တော့ ကျွန်တော် ကျန်းမာရေးအတော်ကောင်းလာပြီ၊ အသားအရေလဲ ပြန်ပြည့်လာတယ်။ အလုပ်လဲ ပြန်ဆင်းနိုင်လာတယ်။ မိသားစု စားဝတ်နေရေးလဲ အဆင်ပြေလာတယ်။ အရင်က ရှောင်ခဲ့ ရှားခဲ့သူတွေလဲ ပုံမှန်ပြောဆိုဆက်ဆံစ ပြုလာတယ်။ ကျန်းမာရေးမကောင်းတုန်းက စက်ဆုပ် ရွံရှာတဲ့ ပုံသဏ္ဍာန်လက္ခဏာများနဲ့ ခွဲခြားဆက်ဆံခဲ့ကြတာတွေလဲ အခု မရှိတော့ပါဘူး။
ကားဝင်းနဲ့ ဂိတ်ထဲမှာရှိတဲ့ မိတ်ဆွေတွေ ကားသမားတွေက ”အောင်စိုးကြီး ဒီလို မမျှော်လင့်ဘဲ ကျန်းမာရေး ပြန် ကောင်းလာတာ အံ့သြစရာဘဲ၊ ငါတို့က သေမယ်လို့ ထင်ထားတာ” ဘာညာနဲ့ မေးခွန်းမျိုးစုံမေးရင်း ဖြေရင်း ဆက်ဆံရေးတွေ ပြန်ကောင်းလာတာပေါ့ဗျာ။
HIV နဲ့ ပတ်သက်ပြီး သောက်ရတဲ့ဆေးတွေ ဗဟုသုတတွေ ကျွန်တော်က သူတို့ကို လက်ဆင့်ကမ်း ပြောပြနိုင်ခဲ့တယ်။
အဖြစ်ဆိုးကြီးက ပြန်ကောင်းအောင် ရုန်းထွက်နိုင်ခဲ့ပုံကိုလဲ ရှင်းပြရတယ်။ HIV နဲ့ နေထိုင်နည်းတွေကိုလည်း ပြောပြရတယ်။ ကျွန်တော့် ပတ်ဝန်းကျင်က သိချင်တဲ့သူကလဲ အတော်များသား။
ဒါပေမဲ့ဗျာ ARV သောက်လို့ သက်သာကောင်းမွန်နေမှန်း သိတာတောင် ဓာတ်လိုလို ပျောက်စေလိုလိုနဲ့တွေ့တဲ့အခါ သောက်လဲစဆေးဖြတ်လို့ ဒုက္ခပင်လယ်ဝေ နေသူတွေလဲ ရှိတာဘဲဗျ …..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts