>Mar Mar Aye – 359

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၅၉)

ခေတ်ပေါ်တေးဂီတ ကောင်စီ
မာမာအေး
ဒီဇင်ဘာ ၂၀၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်က အစီအစဉ်မှာ နောက်ဆုံးပေါ် ဂီတအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ ဂီတ အစည်း အရုံးကို “ဂ၀တ” လို့ ပြည်သူတွေက နာမည်ပေးခဲ့ကြတယ်လို့ မောင်ကလေးအောင်ဝေးရဲ့ ဆောင်းပါးမှာ ဖတ်လိုက်ရတာနဲ့ ရှေ့တုန်းက ဖြစ်ခဲ့ တည်ခဲ့ ပျက်ပြယ်ခဲ့တဲ့ ဂီတအဖွဲ့အစည်း အသီးသီးကိုပါ အတူတူနဲ့အနူနူ ဆိုတာမျိုး ပရိသဒ်က အမှတ်တမဲ့ ထင်သွားမှာစိုးတာနဲ့ နောက်ကြောင်းပြန်ဘို့ရာ မာအေးတို့ “ကေသီပန်ကာလပေါ်တူရိယာအဖွဲ့” ရဲ့ ရပ်တည်ချက် ခံယူချက်ဖြစ်တဲ့ “ဂီတနယ်မြေ တို့နယ်မြေ” သီချင်းနဲ့ ကန့်လန့်ကာ ဖွင့်ခဲ့ပါတယ်ရှင်။

မာအေးကလဲ ချစ်ဆွေတို့လို BBC ပရိသဒ်ပါဘဲလို့ ပြောဖူးတယ်မို့လား။ နားထောင်တဲ့ဖက်မှာ နေပါတယ်၊ ကမ္ဘာ့ တနယ်တရိုး ဘာတွေတိုးလို့ ဘာတွေဆိုးသလဲ၊ ကိုယ့်အမိမြေထဲမှာရော—ဘာတွေထူးလို့ ဘာတွေက ဆူးဖြစ်လေမလဲ၊ နည်းနည်း များများ သိထားဘို့တော့ ကောင်းတယ်မဟုတ်လား၊ ကိုယ့်အစီအစဉ်လေး ကိုယ် နားထောင်ဖြစ်တော့လဲ အမှားအမှန် ပြန် ဝေဖန် ကြည့်နိုင်တာပေါ့၊ အနည်းဆုံး ကိုယ်ပို့တဲ့အစီအစဉ်လေး ဆုံးခန်းတိုင်မတိုင် သိနိုင်တာပေါ့နော့၊ ဒါကြောင့် တခါတလေ ချစ်ဆွေတို့တတွေနဲ့ ဆန့်တငံ့ငံ့ ခံစားရသလိုမျိုး မာအေးလဲ အတူတူ ခံစားရစမြဲဘဲလို့ ပြောချင်တာပါ။

အခု ပြီးခဲ့တဲ့အစီအစဉ်မှာ မာအေး ရှာဖွေတင်ပေးခဲ့တဲ့ သီချင်းလေးရဲ့ နောက်ဆုံးတပိုဒ်တော့ ကျေးလက်က ကြားလိုက်မှာ မဟုတ်ပါဘူး၊ အဓိကကျတဲ့ သီချင်းသားရောက်မှ အချိန်မလောက်လို့ ပြတ်သွားတယ်ထင်ပါရဲ့။ သိပ္ပံပညာ ထွန်းကားတဲ့ဒေသမှာလို သီချင်းလေးဆုံးအောင် ကွန်ပြူတာနဲ့ ရှာဖတ်ဖို့ နားထောင်ဖို့ မဖြစ်နိုင်တဲ့ ချစ်စွာသော သောတရှင်တွေ အတွက် နှစ်ထပ်ရှိမှ မှတ်မိတယ်ဆိုတဲ့သဘော ပြောဦးမယ် ဆိုဦးမယ်ရှင်။

* (ဂီတနယ်မြေ တို့နယ်မြေမှ) ဂီတနယ်မြေ တို့နယ်မြေ၊ ဂီတနယ်မြေ တို့နယ်မြေ xxx
အေး။ ။ တို့များစိုက်တဲ့ပန်း ပွင့်လန်းလာသော် ပြည်သူ့ဦးခေါင်းထက်ဗွေ ထိုးစိုက် ပေးကြရမယ့် တာဝန်ကိုယ်စီကိုယ်ငှပေ၊ အလုပ်သမား လယ်သမားဖက်မှ တို့များ ထာဝရရပ်တည်နေ၊ သစ္စာရှိရှိနဲ့လေ၊ တယောက်လက် တယောက်တွဲခေါ် အမြဲ ဖေါ်ဖေါ် ရွေရွေ မေတ္တာထားရှိကြဟေ–ပေါင်းစည်းညီရေးနော် ကြွေးကြော်သံဝေေ၀၊ ရင်ကြားစေ့ရေး စကားဆွယ်နေ၊ အင်အား ဖြည့်တင်း သွားမယ်လေ xxx
အဖွဲ့။ ။ ဟေ —- ဂီတနယ်မြေ တို့နယ်မြေ၊ ဂီတနယ်မြေ တို့နယ်မြေ xxx

အကိုလေးညွန့်ရေးသွားတဲ့ ဒီသီချင်းလေးဟာ ခုချိန်မှာလဲ တိုက်ဆိုင်ကိုက်ညီနေဆဲမို့ ကြားစေချင်တာပါရှင်။
မာအေးက (၁၉၆၃) ခုနှစ် ဇူလိုင်လအတွင်း ဦးဝိစာရလမ်းပေါ်မှာ တည်ရှိတဲ့ “တပ်မတော်ကပွဲရုံ” မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတ ကောင်စီ ဖွဲ့စည်းရေး ညီလာခံက စပြီးတော့ ကိုယ့်ခံယူချက် ရပ်တည်ချက်နဲ့ အညီ ပြည်သူနဲ့ ဂီတ လောက အတွက် လူမိုက် ၀င်လုပ်လာတယ် ပြောပါတော့။

ကိုယ့်ရင်ထဲမှာ မိဘပြည်သူအတွက် လန်းဆတ်တဲ့ပန်း ဆင်မြန်းပေးလိုတယ်၊ အခြေခံလူတန်းစားနှစ်ရပ်ဖက်က ရပ်တည်ပေးမယ်၊ မေတ္တာထားမယ်၊ သစ္စာရှိမယ်၊ ညီညွတ်ပေါင်းစည်း ငြိမ်းချမ်းရေး ခရီးဆက်မယ်၊ ရင်ကြားစေ့ရေး အားပေးမယ်၊ အဲဒီလို ကြွေးကြော်ခဲ့တဲ့အတိုင်း နေလာခဲ့တာဘဲ။

အဲဒီ့ ဂီတညီလာခံမှာ အားလုံးရဲ့ ဆန္ဒအရ ရွေးခြယ်ခဲ့တဲ့ ပထမဆုံး ဥက္ကဋ္ဌက အင်္လကာကျော်စွာ ဆရာရွှေပြည်အေးပါ၊ အတွင်းရေးမှုးက ကိုလေးညွန့် ဖြစ်ပါတယ်၊ တော်လှန်ရေးကောင်စီ တက်ခါစ ချပြထားတဲ့စာတွေက ကောင်းသကိုး၊ တိုးတက်မယ် သည်အထင်နဲ့ ပျော်ပျော်ရွှင် ပါဝင်ခဲ့တာပါ့ရှင့်၊ ဆရာရွှေပြည်အေးလဲ ဒီလိုဘဲ ထင်လိမ့်မယ်ပေါ့၊ ဂီတသဘင် အမှတ်တရ တေးလင်္ကာ ဖွဲ့ပြခဲ့တာ ရှိပါတယ်၊ သီချင်း နာမည်ကိုက “ခေတ်ပေါ်တေးဂီတကောင်စီ” တဲ့။

ဆရာဦးဆောင်သွားလိုတဲ့ ဆန္ဒကို ရေးပြခဲ့တာ အသေအချာပေါ့ရှင်။ မာအေး အသက် နှစ်ဆယ်ကျော်က သူငယ်ချင်း ဂီတကောင်စီဝင်များနဲ့ တပျော်ကြီး ဆိုခဲ့ပါတယ်၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှာ ဖျက်သိမ်းရာ ပါသွားခဲ့တဲ့ ဂီတအဖွဲ့ကြီးရဲ့ သမိုင်းအစမို့ ဆိုပြထားခဲ့ရမယ့် သီချင်းပါ၊ ဆရာ့လက်ရာ ဂီတရည်မှန်းချက်သက်သက် “ပရောဂ” တစက်မှ မပါ ပါဘူးရှင်။

* (အင်္လကာကျော်စွာ ရွှေပြည်အေး ရေး — ခေတ်ပေါ်တေးဂီတကောင်စီသီချင်း)
ဗမာဂီတပညာ့ဂုဏ်ရည် ကမ္ဘာအလည်ကျ တင်ပြမည်၊ ခေတ်ရှေ့က သွားနိုင်ဘို့ တူညီ မြှင့်၍ပ အားစိုက်သင့်သည် xxx
လူပင်လူချင်း အကြံသစ်ကိုယ်စီ တစ်မူထွင်သူချင်းဉာဏ်နှင့်မီ xxx အဖန်ဖန်ချင့်ကာယူစွဲ ဆင့်ကာလူကဲ ကြဲဘို့အချိန် ရောက်ပြီ xxx
နိုင်ငံတကာဗမာစွမ်းရည်၊ တစခန်းလဲထရမည်၊ စိတ်သစ်ဆောင်လျှင် ဘာမထီ အောင်မြင်ပါသည် လက်ဆန့်လို့ဖြန့်ချီ xxx
ပန်းအလှအဖြစ်နဲ့ မွှေးတဲ့အညီ ဆန်းသမျှအသစ်နဲ့ ရေးဖွဲ့သီ စခန်းထရစ်မယ့် တေးနဲ့ချီ xx ခေတ်ပေါ်တေးဂီတကောင်စီ xxx
ဗမာ့ရဲ့ မီးရှူးကလေးတို့သည် နှစ်ဆကွဲ့ ကြီးမှုးပေးဘို့ရည် ကမ္ဘာ့ရဲ့ချီးကျူးရေးသို့ချီ xxx ခေတ်ပေါ်တေးဂီတကောင်စီ၊ ခေတ်ပေါ်တေးဂီတကောင်စီ၊ ခေတ်ပေါ်တေးဂီတကောင်စီ xxx

ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts