>Letters from Michigan – 44

>

မစ်ရှီဂန်မှပေးသောစာ (၄၄)
အောင်ဝေး
ဒီဇင်ဘာ ၂၀၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြပါရဲ့နော်။ ဒီရက်ထဲမတော့ ကျနော်တို့ ချစ်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့ မင်္ဂလာသတင်းကြောင့်၊ ကိုဒေါင်းရေ – – ပြည်တွင်းမှာ၊ ပြည်ပမှာ၊ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ကမ္ဘာတစ်ခုလုံး လင်းလက် ၀င်းထိန်သွားပါတယ်။ ဒီတစ်ခါ မြန်မာပြည်သူတွေရဲ့ နှလုံးသားတွေဟာ၊ အရင်ကနဲ့ မတူအောင်ကို နွေးထွေး ချိုမြိန်လို့ သွားပါပြီဗျာ။

ကိုဒေါင်းရေ၊ ကဗျာဆန်ဆန် ပြောရရင်၊ လူထု နှလုံးအိမ်ထဲက၊ အချစ်နဲ့ စီးဆင်းလာတဲ့ သွေးစီးသံကို ကျနော်တို့ ပီပီသသ ကြားလိုက်ရပြီလေ။ ” ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ “အန်တီစု ကျန်းမာပါစေ” “အမေစု ကျန်းမာပါစေ” တဲ့။ အထူးသဖြင့် ငယ်ရွယ်သူ ကလေး လူငယ်တွေရဲ့ နှလုံးသားထဲက “အမေစု- အမေစု ကျန်းမာပါစေ” ဆိုတဲ့ ချစ်ခြင်းအသံကို ပိုပြီး ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားခဲ့ရပြီ မဟုတ်လားဗျာ။

ကိုဒေါင်းရေ – – ကျနော်တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ချင်း၊ အပြေးအလွှား၊ အမောတကော ရောက်လာကြတဲ့ လူထုကို ကြည့်လိုက်တော့၊ “အမေစု-အမေစု” ဆိုပြီးအော်ဟစ်ရင်း ပြေးလာကြတဲ့၊ “အမေစု ကျန်းမာပါစေ-အမေစု ကျန်းမာပါစေ” လို့ကြွေးကြော်ရင်း ရောက်လာကြတဲ့ ကျောင်းသားအရွယ် လူမမယ်ကလေးတွေကို အများဆုံး မြင်လိုက်ရတာဟာ၊ ကွဲကွာနေတဲ့ အမေနဲ့ သူ့ရဲ့ သားသမီးတွေ ပြန်လည်ဆုံစည်းတဲ့ ပွဲလိုမျိုး ခံစားရတယ်ဗျာ။ ဒီပွဲဟာ မိခင်နဲ့ သူ့ရင်သွေးတွေ ပြန်တွေ့ကြတဲ့ပွဲပါပဲဗျာ။

ကိုဒေါင်းရေ – – ဒီရက်ထဲမှာ လူကလည်း ပျော်ရွှင်တက်ကြွနေတယ်ဗျာ။ စိတ်ကလည်း ကြည်လင် လန်းဆန်းနေတယ်ဗျာ။ အင်တာနက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကို တွဲပြီး မြင်ရတာ ပိုပြီးစိတ်ချမ်းသာတယ်။ စိတ်အချမ်းသာဆုံးကတော့၊ ဒေါ်အောင်ဆန်းစုကြည် အနားကို ရဲရဲဝံ့ဝံ့နဲ့ အပြေး ရောက်လာကြတဲ့ကျောင်းသား အရွယ် လူမမယ်လေးတွေ အများကြီးကို တစ်ခဲနက် မြင်ရတာပါပဲဗျာ။

ကိုဒေါင်းရေ – – ဒီပုံရိပ်တွေက ဘာကိုပြနေသလဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်ဟာ မပြီးသေးတဲ့ ဒီမိုကရေစီ ခရီးရှည် ချီတက်ပွဲကြီးကို ဆက်လက် ချီတက်နေတုန်းပဲ ဆိုတာ ပြနေတယ်။ ဆယ်စုနှစ် (၂) ခု ကျော် ဖြတ်သန်းလာခဲ့ရတဲ့ ဒီခရီးကြမ်းကြီးထဲမှာ၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း (၁၅)နှစ်တာ ဆိုတဲ့ နေအိမ် အကျယ်ချုပ်ကာလနဲ့ အင်းစိန် အကျဉ်းထောင် နေ့ရက်တွေကို ရင်ဆိုင် ကျော်လွှားရင်း၊ အခုဆိုရင် အသက် အရွယ် အားဖြင့်၊ ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ် ပြည့်ခဲ့ပြီမဟုတ်လား ကိုဒေါင်း။

အခုပဲ ကြည့်လေဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ကို ရောက်လာကြတဲ့၊ ရွှေဂုံတိုင် NLD ဌာနချုပ်ရုံး ရှေ့ကို ရောက်လာကြတဲ့ ကျောင်းသား အရွယ် လူမမယ်ကလေးတွေက၊ အင်နဲ့အားနဲ့ အုံနဲ့ ကျင်းနဲ့ ၀ိုင်းပြီး “အမေစု-အမေစု” လို့ အော်ဟစ် မြည်တမ်းနေကြပြီလေဗျာ။

လူပုဂိုလ်အနေနဲ့ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း အထိမ်းသိမ်းခံရတဲ့ တစ်ကြိမ်နဲ့တစ်ကြိမ်တောင် မတူဘူး၊ တစ်ဆင့်ပြီးတစ်ဆင့် အရွယ်က ရလာခဲ့ပြီ။ အသက် (၄၀) ကျော်တန်းကနေ၊ ဒီမိုကရေစီတိုက်ပွဲကို မမှိတ်မသုန် ဦးဆောင်လာခဲ့တာ၊ အခု အသက် (၆၀) ကျော်တန်းကို ရောက်နေပြီ။ ဒါ လူအနေနဲ့နဂိုနုပျိုစဉ်တုန်းကအရွယ်နဲ့ယှဉ်လိုက်ရင်၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “အမေစု” ဖြစ်နေပြီ။ “အမေစု” ဖြစ်သွားပြီ။

ဒါပေမဲ့ကိုဒေါင်းကြီးရေ၊ ကျနော်တို့ခေါင်းဆောင်ကအသက်အရွယ်အနေနဲ့သာ “အမေစု” ဖြစ်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကတော့ နဂိုကထက် ပိုပြီး အများကြီး နုပျိုသွားတယ် လို့ ကျနော်တော့ ခံစားလိုက်ရတယ်ဗျာ။

ဟုတ်တယ် ကိုဒေါင်း – – မနေ့တစ်နေ့ကမှ မွေးဖွားလာကြတဲ့ ကလေးသူငယ်၊ ကျောင်းသား အရွယ် လူငယ်လေးတွေက ”အမေစု-အမေစု” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် မျှော်လင့်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံနေကြတာ၊ ဒီမြင်ကွင်းဟာ ဘာကို ပြနေသလဲ ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုဟာ အနှစ် (၂၀) ကျော်ခဲ့ပေမဲ့ အိုမင်းမသွားဘူး၊ ဟောင်းနွမ်း မသွားဘူး၊ မှေးမှိန်မသွားဘူး ဆိုတာ ပြနေတာပဲ မဟုတ်လား။

ဒီမိုကရေစီတိုက်ပွဲထဲကို ရဲရဲ ၀င်ရောက်လာကြတဲ့၊ “အမေစု-အမေစု” လို့ အော်ဟစ်အားပေးနေကြတဲ့၊ နောက်ဆုံး မျိုးဆက်ကိုတော့ ကျနော် အတိုင်းမသိ ကျေနပ် အားရမိတယ် ကိုဒေါင်းကြီး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ ဒီမိုကရေစီ တော်လှန်ရေး မျိုးဆက်တွေဟာ ပြတ်တောက်မသွားဘူး။ အဆက်ပြတ်မသွားဘူး။ အဲဒါကို ယုံလိုက်တော့ဗျာ။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးတုန်းကလည်း၊ ဒီလို နုပျို တက်ကြွတဲ့ ကျောင်းသားအရွယ် လူငယ်လေးတွေရဲ့ ရဲရင့် ပြောင်မြောက်တဲ့ ဒီမိုကရေစီ တိုက်ပွဲဝင် စိတ်ဓာတ်ကို ကျနော်တို့ မြင်ခဲ့ရ၊ ကြုံခဲ့ရပါပြီ။
အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အချိန်မှာ တွေ့လိုက်ရတဲ့ “အမေစု-အမေစု ကျန်းမာပါစေ” လို့ ပျော်ပျော်ကြီး အော်ဟစ်ကြွေးကြော်နေတဲ့ ကလေးတွေကို သူတို့ရဲ့အမေကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း၊ နှစ်နှစ်ကာကာ ချစ်မှာ ပါပဲ။ သူတို့လေးတွေရဲ့ ရိုးသား ဖြူစင်မှု၊ ဇွဲသတ္တိနဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ကို အမေကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လုံးဝ ဥဿုံ တန်ဖိုးထား အသိအမှတ်ပြုမှာ ပါပဲ။

ကိုဒေါင်းရေ၊ ဂျာမန် ကဗျာဆရာကြီး ဗားတော့ဘရက်ရဲ့” ကလေးတွေ အမေပျောက်စဉ်က” ဆိုတဲ့ ကဗျာကို သွားသတိမရဘူးလားဗျာ။ အခု ကလေးတွေ အမေနဲ့ ပြန်တွေ့ကြပြီလေ။ ဒီမြင်ကွင်းကို ကိုဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့ မြင်စေချင်လိုက်တာဗျာ။
အားလုံးကို လွတ်မြောက်စေချင်တဲ့-

အောင်ဝေး
နိုဝင်ဘာ ၁၇-၂၀၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts