>Letter from Rangoon – Paw Tar Gyi photo taken down in Offices

>

ပေါတာကြီးပုံတွေ ဖြုတ်ချထားပြန်ပြီ
မိုးမခစာဖတ်သူတဦး (ပေါက်တော)
ဒီဇင်ဘာ ၁၄၊ ၂၀၁၀
မိုးမခစာတည်းများ ခင်ဗျား
အင်းစိန်ထောင်နားကနေ စာရေးလိုက်ပါတယ်။ ဟိုရွေးကောက်ပွဲကာလတုန်းက အကျဉ်းသားတွေကို ထောင်ထဲမှာ ခေါ်ပြီး မဲထည့်ခိုင်းပါတယ်။ ကြိုတင်မဲတော့ မဟုတ်ဘူး။ ထောင်သွင်းမဲ လို့ ပြောရင်ရမယ် ထင်တယ်။ အင်းစိန်ထောင်ထဲမှာ မဲပေးခွင့်ရသူ ၂ ထောင်ကျော်ကို ထောင်မှူးတောင်ကိုယ်တိုင် စောင့်ကြည့်ပြီး မဲပေးခိုင်းတာလို့ ပြောပါတယ်။ မဲပေးရင်း ပေးရင်းနဲ့ ကြံ့ဖွတ်တွေ အခြေအနေမကောင်းတော့ မဲတ၀က်လောက် ပေးပြီးချိန်မှာ ထောင်သားတွေကို မဲမပေးခိုင်းတော့ဘူးလို့ သိရပါတယ်။
အင်းစိန်ထောင်က ပြန်လာသူတွေအပြောအရကတော့ တရားရုံးထုတ်တဲ့ နေရာတွေမှာ ပေါတာကြီး ဓာတ်ပုံတွေ မတွေ့ရတော့ဘူးလို့ ပြောပါတယ်။ ပေါတာကြီးပုံတွေ ဖြူတ်ချထားတယ်လို့ ဆိုပါတယ်။ ပေါတာကြီးကို မတွေ့ရတော့လို့ လျှောက်ပြီး သွားပုပ်လေလွင့် မပြောနဲ့ဦး။ ဘုရင်မင်းတြားကြီးလိုလို၊ နိုင်ငံတော်သမ္မတကြီးလိုလို ပလင်ပေါ်ကို တက်လာမှာမို့ ယတြာအကြီးကြီး ချေနေတယ်လို့ နှာခေါင်းရှုံနေကြပါတယ်။
အင်းစိန်ထောင်ထဲမှာ သွင်းထားတာတွေ၊ ရွှေ့ပြောင်းခေါ်ယူတာတွေ အလွန်များပြားလို့ အင်းစိန်ထောင်ကြီးလည်း လူတွေနဲ့ ကြပ်နေတယ်လို့ ဆိုတယ်ဗျ။ အိပ်ရင်တောင် တစောင်းပဲ အိပ်နေကြရတယ်လို့ ပြောတယ်ဗျာ။ ဒီလူတွေကို ဘာလုပ်ပစ်ဦးမှာလဲလို့ အပြင်က မိဘဆွေမျိုးတွေက ကြောင့်ကြနေကြရပါတယ်။ နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်မီးကြီးတောက်ရင် ပေါတာကြီးရဲ့ ပေါ်တာတွေအဖြစ် ခေါ်သွားလေမှာလား။ ရဲဘက်စခန်း၊ ကျောက်ထုစခန်းတွေမှာ အမှည့်ခြွေ ခြွေကြလေမလား။ သို့မဟုတ် လွတ်လပ်ရေးကို အကြောင်းပြပြီး ဟန်ပြ လူလွှတ်ပွဲကြီးတွေ လုပ်လေဦးတော့မလား သို့လော သို့လော တွေးနေကြပါကြောင်း …
အင်းစိန် (ထောင်) အနီး ပေါက်တောက မိုးမခစာဖတ်သူတဦး ရေးသားပေးပို့လိုက်ရပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts