>Zawaree – Let’s stand on ones’ self

>

 
ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ကြဖို့
ဇာဝါရီ (မယ်ရီလန်း)
ဒီဇင်ဘာ ၁၃၊ ၂၀၁၀
အခုရက်အတွင်း မြင်နေကြားနေရတာတွေကြောင့် ဒီဆောင်းပါးရေးဖို့ ဖြစ်လာခဲ့တယ်။ ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်များမှာ မိသားစုနဲ့ မြန်မာပြည်အနှံ ဘုရားဖူး သွားကြလေ့ရှိတယ်။ ကျနော်တို့ မြန်မာပြည်ရှိ အားလုံးသော ဘုရားပုထိုးစေတီ သောင်းခြောက်ထောင်ကျော်က အလွန် စိတ်ဝင်စားစရာ သမိုင်းရာဇဝင် ဇာတ်လမ်းများနဲ့ မဟုတ်လား။ သမိုင်းကျောက်စာ အထောက်အထားများမှ ဘုရားစေတီ သမိုင်းများကို မှတ်သားသိရှိရသလို၊ တချို့ မှာ ပါးစပ်ရာဇဝင် ဒဏ္ဍာရီ ပုံပြင်သမိုင်းများ ဖြစ်ကြတယ်။ ကြားဘူးသမျှ အားလုံးသော ပါးစပ်ရာဇဝင် ဒဏ္ဍာရီ ပုံပြင်သမိုင်းတွေထဲမှာ ကျနော် စိတ်အဝင်စားဆုံး၊ မမေ့နိုင်တဲ့ ဘုရားသမိုင်းက မန္တလေး မဟာမြတ် မုနိဘုရားကြီးအကြောင်း ဖြစ်တယ်။ ဘုရားကြီးမှာ ရေးထိုးထားတဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် စာတမ်းကြောင့် ပုံပြောကောင်းတဲ့ အဖွားဖြစ်သူကို မေးကြည့်တော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကြားဘူးကြမယ့် ရှေးဟောင်းပါးစပ်ရာဇဝင်တပုဒ် ကို ကြားသိခဲ့တယ်။
မှတ်တမ်းတင် မြန်မာ့သမိုင်း ရာဇဝင်အကျဉ်းမှာတော့ ၁၇၈၄-ခုနှစ်မှာ မြန်မာဘုရင် ဘိုးတော်ဘုရား ရခိုင်ပြည်ကို သိမ်းပိုက်တိုက်ခိုက် အောင်မြင်ခဲ့ပြီးနောက် ရခိုင်လူမျိုးတို့ ပူဇော်ကိုးကွယ်ထားတဲ့ မဟာမုနိရုပ်ထုတော်ကြီးကိုလည်း မန္တလေးမြို့ သို့ ပင့်ဆောင်လာခဲ့တယ်။ ရခိုင်သမိုင်းမှာတော့ အတင်းအဓမ္မ သိမ်းယူသွားခဲ့တယ်ပေါ့။ အဖွားပြောတဲ့  ပါးစပ်ရာဇဝင်ကတော့ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇) ကြိမ် ပေးခဲ့တာကြောင့် မဟာမြတ်မုနိ ကိုယ်တော်ကြီးမှာ သက်တော်ရှိခဲ့သည်ဟု လူတွေက ယုံကြည်ပြောဆိုခဲ့ကြသည်။
ဒီလိုနဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်ကြီးကို ပင့်ဆောင်လာပြီးနောက်မှာ သက်ရှိရုပ်ရှင်တော်ဖြစ်တယ်လို့ ကြားသိတော့ လာရောက် ဖူးမြော်ပြီး ဘုရားတရား အကြောင်းအရာများကို မေးမြန်း၊ ဆွေးနွေးလျှောက်ထား နာယူခဲ့ကြတယ်။ ဒီလို အစောပိုင်းမှာ တရားနာယူ၊ တရားစကားမေးမြန်း လျှောက်ခဲ့ကြပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဘုရားတရား အကြောင်းအရာတွေ မမေးမလျှောက်ကြတော့ဘဲ မိမိတို့ မိသားစုအရေးကိစ္စ ပြဿနာတွေ၊ ယုတ်စွအဆုံး ကြက်ပျောက်၊ နွားပျောက်မေး၊ အတိတ်နမိတ်တွေ မေးမြန်းကြ၊ ရှင်းမရဖြေမရတဲ့ မိမိတို့ အရှုပ်အလုပ်တွေကို ဘုရားကို ဖြေရှင်းဖို့ တောင်းဆိုကြတယ်။
ဒီလိုနဲ့ မိမိတို့ကိုယ်တိုင် ဘာမှကြိုးစား မလုပ်ကြတော့ဘဲ ထစ်ခနဲဆို ဘုရားရှင်ကို ကူညီလုပ်ကိုင်ဖို့ မေးမြန်းတောင်းဆိုကြတော့ နောက်ဆုံး ဘုရားရှင်လည်း တရားမထုတ်နိုင်၊ တရားအကြောင်း ပြောခွင့်ဟောခွင့် မရတော့တာကြောင့် ဖြစ်မယ် နှုတ်ဆိတ်နေသွားခဲ့တာ ယနေ့ထိပေါ့တဲ့။
ကဲ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ပါးစပ်ရာဇဝင် ဒဏ္ဍာရီတပုဒ် ဖြစ်သလဲ။ ဘယ်သူက ဖန်တီးစိတ်ကူးကြံဆ ပြောခဲ့သလဲဆိုတာကိုတော့ မသိ။ ငယ်ငယ်ကတော့ မဟာမြတ်မုနိရောက်တိုင်း ဘုရားရုပ်ပွားတော်ကြီး ချက်ချင်း အသက်ပြန်ဝင်လာပြီး ငါကို ဘာမေးချင်၊ သိချင်သလဲလို့ မိန့်ဆိုခဲ့ရင်ဆိုတဲ့ ကြောက်စိတ်၊ ရင်ခုန်စိတ်များနဲ့ ရှိနေခဲ့တယ်အမှန်။
အခုတော့ အသက်ကလေးရ တွေးခေါ်ကြည့်တော့ ဒီ ရာဇဝင်ကို တီထွင်ကြံဆ ပြောခဲ့သူမှာ နတ်အားကိုး၊ ဘိုးတော်အားကိုး၊ ဗေဒင်ယတြယာ အားကိုး၊ ကယ်တင်ရှင်အားကိုးကြတဲ့ ကျနော်တို့လူမျိုးအတွက် တခြား ရည်ရွယ်ချက်တွေ ရှိနေတာကို သိလာခဲ့တယ်။
ယနေ့ ကျနော်တို့ ရွှံဖြစ်နေတဲ့ ရွှေမြန်မာပြည်ကြီးမှာ ဖိနှိပ်သူကတစု၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်အောင် ကြိုးစားနေသူတစုနဲ့ အရှုပ်တွေ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဒုက္ခရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီ။ ဒီလိုအခြေအနေမှာ တင်ပြချင်သည် အကြောင်းအရာက အထက်က ပါးစပ်ရာဇဝင်ပုံပြင် နဲ့ ဆက်စပ်နိုင်သလို ဖြစ်နေတာကြောင့် ဖြစ်တယ်။ မနှိုင်းကောင်းနှိုင်းကောင်းလို့ ပြောရင်လည်း ခံရပေမည်။ ဒါပေမဲ့ အရှိသည်အရှိ၊ ယနေ့ တွေ့မြင်နေရသည်မှာ အထက်က ဒဏ္ဍာရီပုံပြင်လို ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ချုပ်နှောင်းမှုအောက်မှ တတိယအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပြည်သူချစ် အားကိုးတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာ အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့တဲ့ မိနစ်ပိုင်းအတွင်းကစလို့ ယနေ့တိုင်း မျှော်လင့်တကြီး အားကိုးစောင့်စားနေကြတဲ့ ပြည်သူများကိုပဲ အားပေးစကား ပြောဆိုနေရတော့သည်။
ပထမအကြိမ် အကျယ်ချုပ်မကျခင် နဲ့ နောက် ပထမ၊ ဒုတိယ နဲ့ အခုနောက်ဆုံးအကြိမ် ချုပ်နှောင်မှုမှ ပြန်လွတ်လာတိုင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေကို သူ့ကိုယ်ပဲ အားကိုးမနေဘဲ ဝိုင်ဝန်းကြိုးစားလုပ်ဖို့ တိုက်တွန်းခဲ့သလို၊ သူကိုပဲ မေးမနေပါနဲ့ သူသိစေချင်တာကိုလည်း ပြောပြပါလို့ ဆိုခဲ့တယ်။
ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေက အားကိုးတကြီး ယုံကြည်မျှော်လင့်ချက်များစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မကယ်ရင် ဒီအမှောင်တိုက်တွင်းမှ လွတ်မြောက်မည် မဟုတ်ဆိုပြီး တနေ့တနေ့ မေးလိုက်တဲ့ မေးခွန်းတွေ၊ ပေးကမ်းနေတဲ့ တာဝန်အလုပ်တွေ၊ ရှင်းရမယ့် ပြဿနာတွေ နဲ့ ဖြေလိုက်နေရတဲ့ မီဒီယာဗျူးတွေကို ကြားနေမြင်နေရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကဦးစားပေး လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တွေကို မလုပ်ရဖြစ်နေပြီး အရေးမကြီး၊ မလိုအပ်တဲ့ မေးခွန်းတွေကို နည်းမျိုးစုံနဲ့ ဖြေကြားနေရတာကြောင့် မောပန်းပြီး အထက်က ပါးစပ်ရာဇဝင်ဒဏ္ဍာရီ ယုံတမ်းစကားလို တနေ့ ရေငုံနှုတ်ပိတ် တုံဏှိဘာဝေ ဖြစ်သွားလေမလား။
 ဖြစ်ဖို့များ၊ ဖြစ်နိုင်တာကတော့ အစဉ်အလာအရ နှောက်ယှက်ဖျက်ဆီးနေတဲ့ စစ်ဝါဒီ မိစ္စာများက သူတို့မကြားချင်တာတွေ ကြားရလွန်လို့ နှုတ်ပိတ်တားမြစ်ခြင်း (ပြန်လည်ချုပ်နှောင်ခြင်း၊ လုပ်ကြံခြင်း) ကို ခံရမှာကို စိုးရိမ်မကင်း ဖြစ်ရတာကြောင့် အခုလက်ရှိ ရရှိနေတဲ့ လွတ်လပ်နေတဲ့ အချိန်ကာလ၊ အခွင့်အခါမှာ ပြည်သူပြည်သားများအနေနဲ့ မိမိတို့ လုပ်ရမယ့်၊ လုပ်နိုင်တဲ့၊ ဖြေရှင်းနိုင်တဲ့ အကြောင်းအရာ၊ အလုပ်အကိုင်များကို မိမိတို့ကိုယ်တိုင် ကြိုးစားလုပ်ကိုင် ဖြေရှင်းသွားပြီး ဒေါ်အောင်ဆန်းစုကြည် အဓိကလုပ်ဆောင်ရမယ့် အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းများကို ပံ့ပိုးကူညီလုပ်ဆောင်သွားဖို့ အချိန်တန်ပါပြီ။
ကဲ … ဒီတော့ မလိုအပ်တဲ့ မေးတာတွေ၊ ဖြေရှင်းခိုင်းတာတွေ၊ တောင်းဆိုတာတွေ၊ ဆရာလုပ်တာတွေရပ်ပြီး လက်တွေ့ကျကျ ပါဝင်လှုပ်ရှား ဝိုင်ဝန်းလုပ်ဆောင်သွားကြပါစို့။
(Photo – Dec 10th 2010, Rangoon, NLD HQ, Human Rights Day Event, Suu (MoeMaKa))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts