>Khet Mar – Travelling with Metta

>

မေတ္တာအင်အားနှင့် ခရီးသွားခြင်း
ခက်မာ
ဒီဇင်ဘာ ၁၁၊ ၂၀၁၀
“  ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့ က ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ်တက္ကသိုလ်တွင် ကျင်းပသော TEDx Talk ဟောပြောပွဲတွင် စာရေးဆရာမ ခက်မာဟောပြောခဲ့သော ဟောပြောချက်ကို မြန်မာဘာသာပြန်၍ တင်ပြခြင်းဖြစ်သည်။“ 
 
၁၉၉၂ ခုနှစ်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေကြောင့် စစ်ခုံရုံးက ကျမကို ထောင်ဒါဏ် ၁၀ နှစ် ချမှတ်လိုက်တဲ့အချိန်မှာ ကျမခေါင်းထဲ ပထမဆုံး ၀င်ရောက်လာတဲ့အတွေးကတော့
“ငါ အိမ်ပြန်ရောက်တဲ့အချိန်မှာ အဘွားကို သက်ရှိထင်ရှားမှ ပြန်တွေ့ရပါတော့မလား” ဆိုတဲ့ အတွေးပါပဲ။ အဲဒီအချိန်မှာ အဘွားက ရ၆ နှစ်ရှိနေပြီလေ။
မြန်မာနိုင်ငံလို့ခေါ်တဲ့ အရှေ့တောင်အာရှရဲ့ နိုင်ငံငယ်လေးတခုမှာ ကျမကို မွေးဖွားခဲ့ပါတယ်။ ကျမတို့တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက် ကိုလိုနီနိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် နေခဲ့ရပါတယ်။ မြန်မာပြည်ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတခုပါ။ ကမ္ဘာ့အကောင်းဆုံး ကျွန်းသစ်နဲ့ အရည်အသွေးအပြည့်ဝဆုံး ပတ္တမြားတွေဟာ မြန်မာပြည်ကထွက်ပါတယ်။ မြန်မာကမ်းလွန်ရေနံတွင်းတွေကထွက်တဲ့ သဘာဝဓါတ်ငွေ့ကနေ နှစ်စဉ် ဒေါ်လာ ဘီလျှံချီပြီး ရပါတယ်။  ဒါပေမယ့် ကျမတို့နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတခုဖြစ်နေပါပြီ။  
အဲဒီလိုချမ်းသာတဲ့နိုင်ငံတခုထဲမှာရှိတဲ့ မချမ်းသာတဲ့မိသားစုတခုမှာ ကျမကိုမွေးဖွားခဲ့ ပြီး တံငါရွာလေးတရွာမှာ ကျမကြီး ပြင်းခဲ့ရပါတယ်။ ကျမရဲ့သူငယ်ချင်းတချို့ ဟာ အလွန်ဆင်းရဲတဲ့ တံငါသည်တွေပါ။ မတ်တပ်တောင်ရပ်လို့ မရတဲ့ သူတို့ရဲ့တဲအိမ်ကလေးတွေထဲမှာ ကျမ အိပ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဆန်ကွဲသာသာ ထမင်းကို ကျမ မျှဝေစားခဲ့ဖူးပါတယ်။ မိုးရွာတဲ့ညတွေမှာ မိုးစက်တွေဝင်နေတဲ့ အိမ်ထဲမှာ သူတို့နဲ့အတူ ငုတ်တုတ်မိုးလင်းခဲ့ဖူးပါတယ်။
လူတွေက “ Land of Hope” လို့ တင်စားကြတဲ့ အမေရိကားရဲ့ အထင်ကရတက္ကသိုလ်တခုမှာ ကျမ အခုလို စကားပြောနေချိန်မှာ သူတို့ကတော့ ခုချိန်အထိ မတ်တတ်ရပ်လို့မရတဲ့ တဲအိမ်လေးတွေထဲ မှာနေပြီး ဆန်ကွဲသာသာထမင်းကို စားနေရဆဲပါ။
သူတို့နဲ့ ကျမရဲ့ဘ၀ကို အဲဒီလောက် ကွဲပြားစေခဲ့တာကတော့ ကျမက စာဖတ်ရတာကို ကြိုက်သူတယောက်ဖြစ်ပြီး၊ ကျမစာဖတ်တာကို အားပေးတဲ့ အဖွားတယောက် ကျမမှာ ရှိခဲ့ခြင်းပါပဲ။
ကျမအဖွားက စာအလွန်ဖတ်တဲ့ မူလတန်းဆရာမတဦးပါ။ အလယ်တန်းကျောင်းသူ တယောက် ပြင်ပစာဖတ်ခြင်းကို အပြစ်တခုလို သတ်မှတ်ကြတဲ့ ကျမတို့ပတ်ဝန်းကျင်မှာ အဖွားက ပြင်ပစာတွေကို စည်းကမ်းသတ်မှတ်ပြီး ဖတ်စေခဲ့တာဟာ ကျမရဲ့ဘ၀ကို လှည့်ပြောင်းစေခဲ့တာပါပဲ။ စာဖတ်ရတာကိုကြိုက်တဲ့ ကျမက ကျမ ခံစားရတာတွေကို ပြန် ဝေမျှချင် လာပါတယ်။
မှတ်မှတ်ရရ ကျမ ပထမဆုံးဝတ္တုတိုလေး တပုဒ်စရေးတာ ၇ တန်း ကျောင်းသူဘ၀ မှာပါ။ ကျမနေတဲ့ အလယ်တန်းကျောင်းလေးရဲ့ နံရံကပ်စာစောင်အတွက် ရေးတဲ့ဝတ္တုတိုလေးကို အဖွားကို ပထမဆုံး ဖတ်စေပါတယ်။ အဖွားက သေသေချာချာဖတ်ပေးပြီး “ငါ့မြေးက စာရေးဆရာဖြစ် နိုင်တယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီစကားဟာ ကျမကို စာရေးဆရာတယောက်အဖြစ် အိပ်မက် မက်ရဲစေခဲ့တဲ့ စကားစုလေးပါပဲ။ ကျေးလက်က ဆင်းရဲတဲ့မိသားစုလေးတစုမှာ ကြီးပြင်းခဲ့တဲ့ကျမ၊ စာပေနယ်နဲ့ ပတ်သက်လို့ ဘယ်လိုနောက်ခံ အဆက်အစပ်မှ မရှိတဲ့ ကျမအတွက် စာရေးဆရာတယောက်ဆိုတဲ့ ဘ၀ဟာ အလွန်အိပ်မက်ဆန်လှပါတယ်။ ဒါပေမယ့် အဲဒီအိပ်မက်ဆန်တဲ့လမ်းကို မေတ္တာအပြည့်၊ မျှော်လင့်ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တဲ့ အဖွားရဲ့ စကားတခွန်းအင်အားနဲ့ ကျမ စလျှောက်နိုင်ခဲ့ပါတယ်။
၁၉၈၈ နောက်ပိုင်း တက္ကသိုလ်တွေကို သုံးနှစ် ပိတ်လိုက်တဲ့အခါ ကျမမှာ စာရေးဖို့အချိန် အများကြီး ရခဲ့ပါတယ်။ ကျမရေးသမျှ အဖွားက ဒိုင်ခံဖတ်ပေးသလို မဂ္ဂဇင်းတွေကို ကျမ၀တ္တုတွေပို့ဖို့ အမြဲအားပေးခဲ့ပါတယ်။ တောရွာကလေးမှာ နေတဲ့ ကျမအနေနဲ့ မဂ္ဂဇင်းတိုက်တွေကို သွားပြီး ကျမ၀တ္တုတိုလေးတွေ ပေးဖို့ ဆိုတာ အတော်စိတ်ကူးယဉ် ဆန် ပါတယ်။
ကျမက မ၀ံ့မရဲဖြစ်နေတော့ အဖွားက
“ညည်း သွားမပို့ရဲရင် ငါကိုယ်တိုင် သွားပို့မယ်” လို့ ပြောပါတယ်။
အဲဒီစကားဟာ ကျမဘ၀ကို အတိအကျ ပြောင်းလဲသွားစေတဲ့ စကားပါပဲ။
အဖွားပေးတဲ့အင်အားတွေနဲ့ ကျမ၀တ္တုလေးတွေကို မဂ္ဂဇင်းတိုက်တွေ လိုက်ပို့တယ်။ ၁၉၈၉ခုနှစ် သြဂုတ်လမှာ မတူတဲ့မဂ္ဂဇင်းတိုက် ၄ ခုကို ၀တ္တုတို ၄ ပုဒ် ပို့ ခဲ့တယ်။ စက်တင်ဘာလမှာ အဲဒီဝတ္တုတွေထဲက ၂ ပုဒ် ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။ ကျမရဲ့ ပုံနှိပ်ဖော်ပြခံရတဲ့ ၀တ္တုတိုနှစ်ပုဒ်ထဲက တပုဒ်ဟာ တကယ်တမ်း မဂ္ဂဇင်းဖြန့်ဝေတဲ့အခါမှာ ပါမလာတော့ပါဘူး။ မဂ္ဂဇင်းမှာ ပထမဆုံးပုံနှိပ်ဖော်ပြခံရဖို့ ရွေးချယ်ခံရတဲ့ဝတ္တုကို ဆင်ဆာဖြတ်ခံလိုက်ရတဲ့အတွက် ကျမ တော်တော် စိတ်ပျက်သွားပါတယ်။ အဲဒီအခါ ကျမကို ဆက်ကြိုးစားဖို့ အားပေးတာကလည်း အဖွားပါပဲ။
ကျောင်းတွေ နှစ်ရှည်ပိတ်ထားတော့ ကျမအမေက ဘယ်တော့ပြန်ဖွင့်မယ်မှန်းမသိတဲ့
တက္ကသိုလ်ကို စောင့်မနေစေချင်တော့ပါဘူး။ ကျမရဲ့ အဖိုး၊ အဖွား၊ အမေ၊ ဦးလေး၊ အဒေါ် အားလုံးက ကျောင်းဆရာတွေမို့ အမေက ကျမကိုလည်း ကျောင်းဆရာပဲ လုပ်စေချင်ပါတယ်။
စာပေနယ်ကို ခြေတစ်လှမ်းကျွံမိနေပြီဖြစ်တဲ့ ကျမက အမေ့ဆန္ဒကိုလည်း ဖြည့်ပေးချင်၊ စာရေးဆရာဘ၀ကိုလည်း မျှော်လင့်ချင်၊ ဖြစ်နေတဲ့အချိန်မှာ အဖွားရဲ့စကားတခွန်းက ကျမ ဆက်လျှောက်ရမယ့် လမ်းကို မီးမောင်းထိုးပေးပြန်ပါတယ်။
“ဆယ်တန်းအောင်ပြီးသမျှ လူတိုင်း ကျောင်းဆရာဖြစ်နိုင်တယ်။ ဒါပေမယ့် လူတိုင်း စာရေးဆရာမဖြစ်နိုင်ဘူး” တဲ့။
ကျမ လူတိုင်း မဖြစ်နိုင်တဲ့ဘ၀ကို ရွေးခဲ့ပါတယ်။ 
ကျမတို့ ဘ၀ထဲမှာ ကျမတို့ အလွယ်တကူ သတိမထားမိတဲ့ အလွန်အဖိုးတန်တဲ့ တစုံတရာတွေ ရှိနေပါတယ်။ အဲဒီတစုံတရာကို ကျမတို့ ဖြတ်ကနဲပဲ မြင်လိုက်ရတာပါ။ ဖြတ်ကနဲ မြင်ရတဲ့အချိန်မှာ ဖမ်းဆုပ်လိုက်နိုင်ဖို့၊ အနည်းဆုံး ဒါဟာ ငါ့လျှောက်ရမယ့်လမ်းပဲလို့ မြန်မြန်ဆန်ဆန် သတိထားဆုံးဖြတ်ချက် ချလိုက်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီ ဖမ်းဆုပ်လိုက်နိုင်တဲ့ အခိုက်အတန့်က ကျမတို့ကို ဘယ်သူဘယ်ဝါဆိုတာ ဖြစ်ပေါ်စေတဲ့ အခိုက်အတန့်ပါပဲ။ ကျမဟာ ကျမအတွက် အလွန်အဖိုးတန်တဲ့ တစုံတရာ အဖွားဆီမှာရှိကြောင်း ဖြတ်ကနဲမြင်လိုက်ရတဲ့ အခိုက်အတန့်လေးကို လှမ်းဆုပ်လိုက်နိုင်ပါတယ်။ ကျမမြဲမြဲဆုပ်ထားတဲ့ လက်ထဲမှာ အဖွားရဲ့မေတ္တာနဲ့ ကျမအပေါ်ယုံကြည်မှုအင်အားတွေ ရှိနေခဲ့ပါတယ်။ အဲဒီအင်အားတွေက ယာဉ်ရထားတစီးလို ကျမလိုရာ ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ကျမ အခုလို ဒီနေရာမှာ စကားပြောနေနိုင်ခြင်းဟာ အဖွားပို့ပေးခဲ့လို့ပါ။
ကျမကို ၂၀၀၇ခုနှစ်တုန်းက Iowa University ကနေ International Writing Program မှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာ အခုလောလောဆယ် အမေရိကားမှာ Writer-in-residence အဖြစ်နဲ့ နေထိုင်ခွင့်ရနေတာတွေဟာ အဖွားက ကျမကို စာရေးဆရာဖြစ်စေခဲ့လို့ပါ။
၁၉၉၁ ခုနှစ် ဒီဇင်ဘာညတညမှာ ကျွန်မနဲ့ အဖွား အတူရှိနေတဲ့အိမ်ကို ကျွန်မတို့ မဖိတ်ခေါ်ခဲ့တဲ့ ဧည့်သည်တချို့ ရောက်ရှိလာခဲ့ပါတယ်။ ဧည့်သည်တွေက ကျွန်မကို သူတို့နဲ့ လိုက်ဖို့ခေါ်တော့ ငြင်းပိုင်ခွင့်မရှိတဲ့ကျွန်မက လိုက်ဖို့ ပြင်ရတော့တာပေါ့။ ရုတ်ရုတ်သည်း သည်းအသံတွေကြောင့် အိပ်ရာကနိုးလာတဲ့ အဖွားက ညကြီးသန်းခေါင် ကျမခရီးထွက်ရမယ်ဆိုတော့ လန့်ဖြန့်သွားခဲ့ပါတယ်။ ကျမတို့အိမ်က မထွက်ခင်မှာပဲ  အဖွားက စိတ်လှုပ်ရှားမှုကြောင့် သွေးတွေတက်ပြီး သတိလစ်သလိုဖြစ်နေပါပြီ။
အိမ်က ထွက်လာပြီး လေးလအတွင်း မိသားစုနဲ့ ကျမ အဆက်အသွယ်မရပါဘူး။ ကျမ ဘယ်မှာရှိမှန်း ကျမမိသားစု မသိခဲ့ပါဘူး။ ၁၉၉၂ ခုနှစ် ဧပြီလမှာ ကျမအဒေါ်နဲ့ ဦးလေးကို ပထမဆုံး ပြန်ဆုံတွေ့ချိန် ကျမပါးစပ်က ပထမဆုံးထွက်လာတဲ့မေးခွန်းက …
“အဖွားရော၊ အဖွား ဘယ်လိုနေလဲ”
ဆိုတဲ့ မေးခွန်းပါ။
အဖွား လေဖြတ်သွားတယ် ဆိုတဲ့ အဖြေကို ကျမရပါတယ်။ အဲဒီအချိန်ထဲက “ငါ့ကြောင့်” ဆိုတဲ့ အတွေးက ကျမကို စိုးမိုးနှိပ်စက်လာခဲ့တာ ဒီနေ့  အထိပါပဲ။
၁၉၉၂ အတွင်းမှာပဲ ကျမ အိမ်ပြန်လာတော့ အဖွားက ကျမကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြိုနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အဖွား လမ်းမလျှောက်နိုင်တော့ပါဘူး။ စကားကို ပီပီသသ မပြောနိုင်တော့ပါဘူး။ ဒါပေမယ့် အဖွားက ကျမအတွက် ဂုဏ်ယူနေတုန်းပါ။ အဖွားလျှောက်စေချင်တဲ့လမ်းကို ရွေးခဲ့တဲ့အတွက် အဖွားနဲ့ ကျမ အတူမနေနိုင်ခဲ့ပါဘူး။ ကျမက စာပေလုပ်ငန်းတွေ လည်ပတ်ရာ မြို့တော်မှာ စာရေးဆရာမတယောက် အနေနဲ့ ရပ်တည်ရုန်းကန်နေရပြီး အဖွားကတော့ ကျမကြီးပြင်းခဲ့ရာရွာကလေးမှာ အမေနဲ့ အတူ နေပါတယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ် အဖွားဆုံးတဲ့အချိန် အဖွားနားမှာ ကျမ ရှိမနေပါဘုး။
အဖွားဆုံးပြီ ဆိုတဲ့ သတင်း ကြားကြားခြင်း အဖွားရှိရာ ရွာကလေးဆီ ကျမ ပြေးသွားခဲ့ပါတယ်။ အဖွားက ငြိမ်းချမ်းစွာ ထွက်ခွာသွားပါပြီ။ ကျမမှာသာ ပူလောင်တဲ့ အတွေးတွေနဲ့ ကျန်ရစ်တာပါ။ ညကြီးသန်းခေါင် ကျမ အိမ်က ထွက်ခွာခဲ့ရတဲ့ညမှာ အဖွားသွေးတွေ ဆောင့်တက်တယ်။ သွေးတွေဆောင့်တက်လို့ လေဖြတ်သွားတယ်။  အခုလေ ဖြတ်တဲ့ရောဂါနဲ့ အဖွားဆုံးတယ်။ တကယ့်အရင်းအမြစ်ကတော့ ကျမပေါ့။
နောက်တဆင့် ဆက်တွေးမယ် ဆိုရင်တော့ ညဥ့်နက်သန်းခေါင် ရောက်လာပြီး လူတယောက်ကို ကြက်ကလေး ငှက်ကလေးတွေလို ဖမ်းယူ ခေါ်ဆောင်သွားတတ်တဲ့ ဧည့်သည်ဆိုးတွေကို တားမြစ်ပိုင်ခွင့်မရှိတဲ့ စံနစ်ကြီးက ကျမအဖွားကို သေစေခဲ့တာပါ။
ကျမမှာ ဒီနေ့အထိ အဖွားနဲ့ပတ်သက်တဲ့ ခြောက်အိပ်မက်တွေ မက်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ကျမတယောက်က နောက်ထပ်ကျမတယောက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး စွပ်စွဲနေတယ်။ နင့်ကြောင့် အဖွားသေရတာတဲ့။ ကျမက ဗလုံးဗထွေးနဲ့ ငါက အဖွားဖြစ်စေချင်တဲ့ စာရေးဆရာဖြစ်အောင် လုပ်ခဲ့တယ်လေလို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားရင်း ရင်ဘတ်တွေနာလာအောင် ရှိုက်ငိုတော့ အလွန်နူးညံ့တဲ့လက်တစုံက ကျမလက်တွေကို ဆုပ်ကိုင် အားပေးတယ်။
အဖွားလက်တွေဟာ ဟိုးနှစ်ပေါင်းများစွာတုန်းက ကျမကို ချီပိုးခဲ့စဉ်ကအတိုင်း နူးညံ့နေတုန်းပါပဲ။ အဖွားက ကျမကို တစုံတရာအပြစ်မတင်ပါဘူး။ အဖွားရဲ့အပြုံးက အိပ်မက် ထဲမှာတောင် ကျမကို ရှေ့ဆက်လျှောက်ဖို့ အားပေးနိုင်ပါသေးတယ်။
တံငါရွာကလေးတရွာကနေ မြို့တော်ပေါ်ရောက်အောင်။ မြို့တော်ပေါ်မှာ စာရေးသူ တယောက်အဖြစ် ရပ်တည်နိုင်အောင်။ မြို့တော်ကမှတဆင့် အာရှနိုင်ငံငယ်လေးတွေဆီ ပညာသင် အတွေ့အကြုံရှာရအောင် … အခုနောက်ဆုံး ဒီနေရာမှာ စာရေးဆရာတယောက် အနေနဲ့ အခုလိုပရိသတ်တွေကို စကားပြောခွင့်ရအောင် အဖွားက မမြင်ရတဲ့ လေပြည်ညှင်းလေးတခုလို ကျမကိုနောက်ကနေ ညင်ညင်သာသာ တွန်းပို့လာခဲ့တာပါ။ မမြင်ရပေမယ့် ခံစားလို့ရတဲ့ အဲဒီအင်အားတွေနဲ့ပဲ ကျမကလည်း ခရီးတွေဆက်နေလိုက်တာ မနားတမ်းပါပဲ။ 
ပုထုဇဉ်ပီပီ၊ မချမ်းသာတဲ့ စာရေးဆရာတယောက်ပီပီ ကျမဘ၀မှာ ခက်ခဲတဲ့အချိန်များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ အခက်အခဲတွေကြောင့် ဘ၀ကို ဆက်လက်ရင်ဆိုင်ဖို့ လက်ပန်းကျလာပြီဆိုရင် အဖွားက အိပ်မက်ထဲကတဆင့် ကျမဆီ ရောက်လာပါတော့တယ်။ ဘာမှ ထွေထွေထူးထူး ပြောတာမဟုတ်ပါဘူး။ ကျမကို ကျေကျေနပ်နပ် ပြုံးပြီး ကြည့်နေတာပါပဲ။ အဖွားအပြုံးကို မြင်ရပြီး အိပ်ယာကနိုးရင် ကျမက အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
စာရေးဆရာတယောက်အဖြစ် ကျမဟာ လူပရိတ်သတ်ရှေ့ထွက်ပြီး မကြာခဏ စကားပြောရပါတယ်။ တကယ်တော့ လူပရိသတ်တွေရှေ့မှာ စကားပြောဖို့၊ အထူးသဖြင့် ကိုယ့်မိခင်ဘာသာစကား မဟုတ်တဲ့ စကားနဲ့ ပြောဖို့ဆိုတာ ကျမအတွက် ကြောက်ဒူးတုန်စရာပါ။ ဒါပေမယ့် အဖွားက ပရိသတ်ထဲ တနေရာရာကနေ ကျမကိုကြည့်ရင်း အားပေးနေတယ်လို့ ခံစားရတယ်။ အဲဒီလို ခံစားရတဲ့အတွက် အဖွားဂုဏ်ယူတဲ့ စာရေးဆရာတယောက်အဖြစ် ကျမ စကားပြောရဲလာတယ်။
ကျမဘ၀မှာ ကျမကိုယ်ကျမ ခွင့်မလွှတ်နိုင်တဲ့ အချက် နှစ်ချက် ရှိတယ်။ တချက်က ကျမကြောင့် အဖွားလေဖြတ်ပြီး လေဖြတ်တဲ့ရောဂါနဲ့ သေဆုံးရတာကိုပါပဲ။ နောက်တချက်က အဖွားသေဆုံးခါနီးအချိန်မှာ ကျမ အဖွားနားမှာ မရှိနိုင်ခဲ့ဘူး။ လူ့ဘ၀ကို ပန်းပုရုပ်တခုအနေနဲ့ တင်စားမယ် ဆိုရင် အချိုးအဆစ်ကျပြီး တင့်တယ်တဲ့ အရုပ်ကလေးတရုပ် ဖြစ်အောင် မေတ္တာအင်အားနဲ့ ထုဆစ်ပေးခဲ့တဲ့အဖွား မသေဆုံးခင်မှာ အဖွားကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း တခုတ်တရ မပြောဖြစ်ခဲ့ပါဘူး။ ကျမအဖွားကို ကျမချစ်တာ၊ ကျမကို စာရေးသူတယောက်အဖြစ် ခွင့်ပေးခဲ့လို့ ကျေးဇူးတင်တာ အဖွားသိတာပဲ။ ပြောဖို့ မလိုပါဘူး လို့ ကျမတွေးခဲ့တယ်။ အဖွားက ကျမအတွက် ဂုဏ်ယူပြီးသားပါလို့ကျမ တွေးခဲ့တယ်။ ကျမတို့မြန်မာလူမျိုးတွေရဲ့ အကျင့်ကိုကလည်း ကိုယ့်မိသားစုဝင်အချင်းချင်းဆို ကျေးဇူးတင်ကြောင်း ပြောလေ့မရှိကြဘူး မဟုတ်လား။ အကယ်၍ ကျမပါးစပ်ကနေ အဖွားကိုချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း တခုတ်တရ ထုတ်ပြောဖြစ်ခဲ့ရင်၊ အဖွားရဲ့ဂုဏ်ယူမှုမှာ ပီတိတွေ ထပ်တိုးသွားမယ်။ လူတစ်ယောက်ကို ပီတိနဲ့ ဂုဏ်ယူစေတာဟာ အလွန် မင်္ဂလာရှိတဲ့အလုပ်ပါ။ ကျမ အဲဒီမင်္ဂလာရှိတဲ့ အလုပ်ကို မလုပ်ဖြစ်ခဲ့ဘူး။ ကျမ အဖွားကို အကြွေးတင်ခဲ့ပါတယ်။ 
ဒီပရိသတ်တွေထဲမှာ အဖွားရှိနေတယ်လို့ ကျမ ခံစားရသလို၊ ကျမရဲ့အဖွားအရွယ်တွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကိုယ့်သားမြေးတွေကို သူတို့လျှောက်ချင်တဲ့လမ်းကို လျှောက်ခွင့်ပြုပြီး ပျော်ရွှင်တဲ့ဘ၀ ရစေခဲ့သူတွေလည်း အများကြီးပါမှာပါ။
ကိုယ့်အဖိုးအဖွား၊ မိဘတွေကြောင့် ကိုယ့်ဘ၀လမ်းကို ကိုယ်ကျေနပ်စွာ လျှောက်ခွင့်ရနေတဲ့သူတွေနေရာကနေ ကျမ စကားတခွန်း ပြောပါရစေ။
“ကျမတို့ကို ကျမတို့ ဖြစ်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျမ နောက်ဆုံးပြောချင်တာကတော့ ကျမတို့တတွေကို ကျမတို့ ဖြစ်စေခဲ့တဲ့ ထူးကဲတဲ့လူတွေ ကျမတို့ဘ၀ထဲမှာ ရှိနေပါတယ်။ အဲဒီလူတွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ နောက်မကျခဲ့ဘူး ဆိုရင် ကျမလို နာကျင် နောင်တတွေနဲ့ ဖိစီးနေရမှာ မဟုတ်ပါဘူး။
တယောက်ကို တယောက် ကျေးဇူးတင်ကြောင်း ပြောခွင့်ရခြင်း၊ ကျေးဇူးတင်ကြောင်း အပြောခံရခြင်းတွေနဲ့  ပျော်စရာဘ၀တွေ ပိုင်ဆိုင်နိုင်ကြပါစေ။ ။
(အောက်တိုဘာ ၂၉ ၊ ၂၀၁၀)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts