>Chinese, Tibet & Burmese community stand together with Chinese Nobel Laurate

>

တရုတ်နိုဘယ်ဆုရှင် လျူရှောင်ဘို ဂုဏ်ပြုဆန္ဒပြပွဲ ဆန်ဖရန်တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပ
မိုးမခ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၁၊ ၂၀၁၀
ယမန်နေ့က ကမ္ဘာ့လူ့အခွင့်အရေးနေ့နှင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သည့် အထိမ်းအမှတ်အဖြစ် ဆန်ဖရန် တရုတ်သံရုံးရှေ့တွင် တရုတ်၊ တိဘက်နှင့် မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားသူများ စုဝေးကြပြီး ယခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရရှိသူ လက်ရှိတရုတ်အစိုးရ၏ နိုင်ငံရေးအကျဉ်းသား လျူရှောင်ဘိုအား ဂုဏ်ပြုခြင်းနှင့် တရုတ်အစိုးရအား ကန့်ကွက်ဆန္ဒပြပွဲကို ကျင်းပခဲ့ကြသည်။
လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ နိုင်ငံပေါင်းစုံက လူမျိုးစုံ ၅၀ ခန့်က သံရုံးရှေ့တွင် စုဝေးပြီး တရုတ်ပြည် နှင့်တကွ တိဘက်ပြည်နှင့် မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ နိုင်ငံသားများ လူ့အခွင့်အရေး လွတ်လပ်စွာ ခံစားရရှိရေးတို့အတွက် တောင်းဆိုထုတ်ဖော်ခဲ့ကြသည်။ တရုတ်အစိုးရက လျူရှောင်ဘိုနှင့် ဇနီးသည်တို့အား လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
     ထိုနေ့က နော်ဝေနိုင်ငံ သြစလိုတွင် ကျင်းပသော နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲသည် လွန်ခဲ့သော ၉ နှစ်က မြန်မာစစ်အစိုးရ၏ အကျယ်ချုပ်ဖမ်းဆီးခြင်း ခံနေစဉ် ဒေါ်အောင်ဆန်းစုကြည် ဆုရရှိခဲ့သည့်အချိန်ကဲ့သို့ ကာယကံရှင် လျူရှောင်ဘိုတို့ ပါဝင်ခြင်း မရှိဘဲ ဆုချီးမြှင့်ရခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အတွက် ကိုယ်ချင်းစာနာမှု အပြည့်ရှိကြောင်း ထုတ်ဖော်ပြောဆိုသကဲ့သို့၊ ယခင်နှစ်ဆုရှင် အမေရိကန်သမ္မတ အိုဘားမားကလည်း မိမိထက် ပို၍ထိုက်တန်သော ငြိမ်းချမ်းရေးသမားဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။  
     နိုင်ငံတကာက တရုတ်ပြည်၊ တိဘက်ပြည်တို့၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြားက ၎င်းတို့ မြို့ရွာများတွင် အကျဉ်းစံ ဆုရှင်အတွက် ဂုဏ်ပြုပွဲများ၊ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ တရုတ်အစိုးရကလည်း နိုင်ငံတကာက ထိုသို့ ထုတ်ဖော်ဆန္ဒထုတ်ဖော်ပွဲများကို ရှုတ်ချကြောင်း၊ ပြစ်တင်ဝေဖန်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts