>Maung Lu Yay – Blessing in Burma 17

>

မင်္ဂလာနှင့် နိုင်ငံရေး (၁၇)
မောင်လူရေး
ဒီဇင်ဘာ ၉၊ ၂၀၁၀

ဂါရဝမင်္ဂလာ=အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေဟူသတတ်။

ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစားမှ မင်္ဂလာ။ မရိုသေ မလေးစားထိုက်သူတို့ကို ရိုသေ လေးစားမိတော့ အမင်္ဂလာ။ ဂါလည်း ဂါရသေး၊ အမင်္ဂလာလည်း ဖြစ်ရမည်ဆိုလျှင်တော့ ရှုံးလှသည်။ မင်္ဂလာဖြစ်အောင် ဂါတတ်ဖို့က ဂါထိုက်သူ ဘယ်သူဆိုတာသိဖို့ လိုပေတော့သည်လတည်း။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ ဂါထိုက်သူ (တော်ကောင်းသူ)ကို မှန်မှန်ကန်ကန် မရွေးချယ်နိုင်ဘူးဆိုရင် တိုင်းကောင်း ပြည်ကောင်းမှာ အနေကောင်း အသေကောင်းနှင့် နေရ သေရဖို့ မလွယ်ပေ။

ထို့နောက် ဓမ္မဂါရဝ=တရားသည့်ဥပဒေကို လေးစားခြင်းဆိုသဟာ ရှိသည်။ တရားသည့် ဥပဒေကို မလေးစားသည့်အရပ်သည် ပစ္စန္တရာစ်နှင့် ကန္တာရ စပ်ကျထားသည့် “ပစ္စန်ကန္တာလောင်မီးဖြာ” နေရာသာ ဖြစ်သည်။

မြန်မာ့ကံကြမ္မာကား တပတ်မဆန်းဘဲ အခါမလပ်နွမ်းသည်ဟု ဆိုရပေတော့မည်။ ၁၉၅၈ ခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ပေးရမည့်တာဝန်နှင့် အိမ်စောင့်အစိုးရ တက်သည်။ ရွေးကောက်ပွဲ လုပ်ပေးသည်။ အာဏာလွှဲသည်။ ပီးတော့မှ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်သည်။ ထို စစ်အာဏာသိမ်း အစိုးရသည် ပထမရှေးဦးစွာ တော်လှန်ရေးကောင်စီဆိုပြီး စစ်အုပ်ချုပ်ရေးကို ဖောင်ဒေးရှင်းချသည်။ နောက် ၁၉၇၅ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဆိုပြီး နန်းတည်လေတော့သည်။ တပါတီ အာဏာရှင်စနစ်ကျင့်သုံးရင်း သူတို့ပင် ဘောင်းဘီချွတ်၍ တောင်ရှည်ဝတ်ခေါင်းပေါင်း ပေါင်းကာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသည်။ တပါတီစနစ်နှင့် တစ်ပြီးရင်း တစ်လာရကား ပြည်သူသည် ၈၈ အရေးတော်ပုံကြီးဖြင့် တပါတီစနစ်ကို ဖြုတ်ချလိုက်ကြသည်။

အဲသည်တွင် စစ်အာဏာသိမ်း အစိုးရသစ် ပေါ်ပေါက်လာပြန်ပါသည်။ ထို စစ်အာဏာသိမ်း အစိုးရ သည် အရင်စစ်အစိုးရလိုပင် ပထမ ကနဦး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုပြီး စစ်အုပ်ချုပ်ရေး တည်ဆောက်တော့သည်။ ရှိသည့်တပါတီကို ရွံရှာစက်ဆုပ်လာသော ပြည်သူက တော်လှန်သမှုပြုလိုက်၍ အာဏာသိမ်းခွင့်ရပြီး ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါမည်ကတိဖြင့် စစ်အစိုးရ ဖြစ်လာရသည်ဆိုတော့ အရင်စစ်အစိုးရလို ဘောင်းဘီချွတ်၊ ပါတီထောင်ပြီး စစ်သားစစ်အစိုးရမှသည် အရပ်သား စစ်အစိုးရသို့ ချက်ချင်း ချီတက်ခွင့် မသာတော့ချေ။ ဆရာ့ဆရာများကလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြည်သူက ဖြုပ်ချတာမဟုတ်၊ ကွန်မြူနစ် ယူဂျီက ဖြုတ်ချတာ၊ ဒို့ကို ပြည်သူက လိုလားတုန်းဆိုပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) အမည်ဖြင့် ပါတီစုံထဲ ယောရောရှိ လုပ်လာပြန်တော့ ရွေးကောက်ပွဲလုပ်ပေးမည်ဟူသည့် ကတိကို ကြိုးရှည်လှန်ကာ ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးခဲ့ရသည်။

တပ်လူထွက် အမတ်ကလေးများ ဦးစီးတည်ထောင်သော တစညကလည်း သူတို့ သေချာပေါက်နိုင်မည်ဟု စစ်အစိုးရကို အာမခံခဲ့သည်။ အဲဒီအချိန်က အခု ကြံ့ဖွတ်လိုပင် ပြည်သူပိုင် ငွေတွေကလည်း ပေါ၊ လုပ်ပိုင်ခွင့်တွေကလည်း ပေါ၊ စည်းရုံးရေးဆင်းရာ နေရာတိုင်း ဘောလုံးကွင်းကြီးတွေ အားကစားရုံကြီးတွေထဲ မလာမနေရပါ ကူပေးထားရောဆိုတော့ ဒို့နိုင်ပြီ တွက်ကာ အာမခံလိုက်ကြခြင်း ဖြစ်သည်။ တကယ် ရွေးကောက်ကြသောအခါ ကိုယ်အုပ်ချုပ်ခဲ့သော တပ်နယ်မြေများမှာပင် ဝက်ဝက်ကွဲ ရှုံးပေတော့သည်။

စစ်အစိုးရသစ်အနေနှင့် စစ်အစိုးရဟောင်းအပေါ်များစွာ တာဝန်ကျေခဲ့ပါသည်။ သူတို့ရဲ့အတိက်ကံ (ပြည်သူအပေါ် ရက်စက်ဆိုးရွားသော အပြုအမူများ) က ဆိုးလွန်းသောကြောင့်သာ ရှုံးသွားကြခြင်း ဖြစ်သည်။ ယူဂျီက ကလူကျီတာမဟုတ်ဘဲ ပြည်သူက မကြည်ဖြူတာဖြစ်ကြောင်း မဲမပေးခြင်းဖြင့် ပြလိုက်ကြသည်။ ယခု နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသည့်တိုင် အညွန့်မထွက်တော့ချေ၊ လူတော မတိုးတော့ချေ။ ပြည်သူအပေါ် ဝံ့ဝံ့စားစား ပြောကြားရဲသည့်စကားပင် မရှိတော့ချေ။ ပြည်သူ၏ ဘယ် တော်လှန်မှုကိုမှ အားမပေးရဲခဲ့သည့်အတွက် ပြည်သူကလည်း လှည့်မကြည့်။ တပ်ကလည်း သူ့ပြိုင်ဘက် ဖြစ်လာပြီိဆိုတော့ လှိမကြဲ့။

၉၀ တုန်းက ပါတီပေါင်း၂၀၀ ကျော်အထိ ရွေးပြီးကောက်စရာတွေ ရှိခဲ့သည်။ စိတ်တိုင်းကျ ရွေးလည်း ကောက်ခဲ့ကြသည်။ အဲသလို ပြည်သူက အသက်တွေ သွေးတွေ အချိန်တွေစတေးပြီး ဦးဆောင်မှုပြုရန် ရွေးချယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဘာမှ မယ်မယ်ရရ အကြောင်းပြစရာမရှိဘဲ စစ်အာဏာရှင်တစုက ပယ်ချခဲ့သည်။ ၁၉၉၀ ခုနှစ်တုန်းကသာ အနိုင်ရပါတီကို အာဏာလွဲခဲ့လျှင် မြန်မာ့မြေတွင် စစ်အာဏာရှင်ရော တပါတီအာဏာရှင်ပါ ချုပ်ပျောက်ပြီး ဒီမိုကရေစီ ဇယ်တောက်တမ်းတောင် ကစားနေရရော့မည်။

စစ်အစိုးရသည် စစ်အုပ်ချုပ်ရေးလိုင်စင်ကို သက်တမ်းတိုးချင်ရကား အာဏာမလွဲပါဘဲ ဝေ့လည်ကြောင်ပတ်နှင့် ငြိမ်ပိမှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုပြီး နာမည် ပြောင်းရင်း သက်တမ်းတိုးသည်။ တစညနှင့် အလုပ်မဖြစ်တော့၊ တစညကိုလည်း ထားခဲ့ချင်သောအခါ လူမှုရေးဆိုသည့် ဝေါဟာရနှင့် ကြံ့ဖွတ်ကို ထောင်သည်။ လူမှုရေးလုပ်ရန်ဆိုသော်လည်း အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်နှင့်အတူ ရပ်ကျေးမှ နိုင်ငံတော်အထိ ရာထူးနေရာတွေ ချထားသည်။ အဲဒီတော့ လူမှုအရေးမလုပ်တော့ဘဲ လုမှုအရေး အကုန်လုပ်သည်။ လူသတ်ခွင့်အထိ ပေးထားသည်။

တချိန်တည်းမှာ အနိုင်ရပါတီကို နည်းမျိုးစုံနှင့် နှိပ်ကွပ်သည်။ ပါတီဝင်များကို ဖမ်းဆီး ထောင်ချ သတ်ဖြတ်သည်။ လူမှုရေးပျောက်သွားအောင် ယင်းတို့နှင့်ထိစပ်သူများကို ဒုက္ခပေးသည်။ လူမှုရေး ပျက်တော့ စီးပွားရေးပါ ပျက်ကြသည်။ ယခင် ရွေးကောက်ပွဲ၏ရလာဒ်ကို အကောင်အထည် မဖော်ဘဲ နှစ် ၂၀ ကြာမှေးနေရင်း ယခုကြံ့ဖွတ်လုမှုရေး (လူ-မဟုတ်ပါ) အဖွဲ့ကို ပါတီပြောင်းလို့ရသည်နှင့် တပြိုင်နက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီဖျက်သိမ်းတဲ့အထိရောက်အောင် ရွေးကောက်ပွဲ ဥပဒေသစ်၊ ဇွတ်ရော အတင်းပါ ဝေ့လည်ကြောင်ပတ်နှင့် ထောက်ခံခိုင်းခဲ့သည့် အခြေခံဥပဒေတို့ဖြင့် ထုချေတော့သည်။ ကြံ့ဖွတ်သည် ဒီချုပ်နှင့် ယှဉ်ပြိုင်အရွေးခံရင် အရင် တစည ထက်ပင် ခွက်ခွက်လံသွား နိုင်သည် မဟုတ်ပါလား။
ယခုစစ်အစိုးရသည် ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးမည်ကတိနှင့် တက်လာရသည်။ ရွေးကောက်ပွဲ လုပ်ပေးသည်။ အာဏာမလွှဲ။ ဒီလိုနှင့် နှစ်၂၀-ကြာလာသည့်အချိန်မှာ ဒီအတိုင်းလည်း ဆက်နေလို့ မရတော့သည့်အချိန်မှာ အားလုံး ပါဝင်နိုင်သည်၊ လွတ်လပ်မည်၊ မျှတမည်ဆိုပြီး ရွေးကောက်ပွဲ ခေါ်သံ ပြန်ပေးသည်။ (အမှန်တော့ အူသံပါ) ရွေးကောက်ပွဲဆိုလျှင် ယုံချင်စရာမကောင်းတော့သော အစိုးရတရပ် အနေနှင့် ခေါ်သံပေးရုံမကတော့ဘဲ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက်တခုအသွင် ပုံဖော်သည်။ အရင်က နှစ်တုံး စားဖူးပေသည့် ဒီတတုံးတော့ဖြင့် ပူတင်း ဖြစ်ကောင်း၏ ထင်သူများက ရွေးကောက်ပွဲကိုလက်ခံ၍ အခြေခံဥပဒေကြီးထံ ဒရဝမ်လုပ်လိုက်ကြသည်။ ယင်းတို့ ဒရဝမ် ဖြစ်ကြပြီးသည့်နောက် ရွေးကောက်ပွဲတွင် အားလုံးလည်း မပါဝင်ရ။ လွတ်လည်း မလွတ်လပ်။ မျှတဖို့ကတော့ စိတ်တောင်မကူးနှင့် ဆိုရမည်ပင်။ ယခု စစ်အစိုးရသည် ကတိတည်လွန်းစွာ ရွေးကောက်ပွဲ လုပ်ပေးတော့မည်။ အာဏာကိုလည်း သောက်ကျိုးနဲ လွှဲပေးမည်။

မကြာခင် အရပ်သားအစိုးရတရပ် ပေါ်လာတော့မည်။ အမှန်တော့ အရပ်သားအစိုးရဟူသည် အရပ်သား စစ်အစိုးရဖြစ်ပြီး ပါတီစုံစစ်အာဏာရှင်စနစ်ကို ထူထောင်တော့မည်။ ပါတီစုံပြီး စစ်အာဏာရှင်ဖြစ်ခွင့်ရမည့် ကမ္ဘာ့ဘယ်နေရာ ဘယ်သူမှမလုပ်နိုင်သည့် အတိုင်းမသိ ဥပဒေကြီး ရေးဆွဲထားပြီးပြီ။ ကမန်းကတမ်း တပ်ထွက်များဦးဆောင်သည့် ချပါတီ (ကချလာပါတီ) က လွှတ်တော်၏ ရှေ့ပေါက်မှ လျှောက်လာကြမည်။ တပ်မတော်သားစစ်စစ် (ဝန်ထမ်း အတု) သို့မဟုတ် ဝန်ထမ်းစစ်စစ် (တပ်မတော်သား အတု) တို့က လွှတ်တော်ထဲတွင် မလွယ်ပေါက်မှ ရောက်နှင့်နေပြီး ကြိုဆိုကြမည်။ သမ္မတကလည်း အမတ်လည်းဖြစ်ဖို့မလိုဆိုတော့ နိုင်သည့်ပါတီက ဘာမှ မယ်မယ်ရရ လုပ်စရာမရှိ။ သမ္မတမှာ သေနာ (စစ်သည်) ထွက်သာ ဖြစ်နိုင်သည်။ သေနင်္ဂအမြင် ရှိရမည်ဆိုသကိုး။ ဝန်ရာထူးများလည်း အခြေခံဥပဒေမှာပင် ထည့်ရေးထားသည့်အတွက် အစိုးရအဖွဲ့က အစဉ်ထာဝရ ဖွဲ့ပြီးသားဖြစ်သွားမည်။ အခြေခံဥပဒေက အစိုးရအဖွဲ့ ဖွဲ့ပေးထားပြီးပြီ။ ရွေးကောက်ပွဲဝင်သူများက ထိုဥပဒေကို စောင့်ရှောက်ရုံသာ။ ပါတီများသည် စစ်ရနံ့ပျံ့သင်းအောင် လေပြည်လေညှင်း သွင်းပေးရမည့် အလုပ်သာရှိရကား အမှန်က ရွေးကောက်ပွဲဟူသည် လိုကိုမလိုတော့ပေ။ ရွေးကောက်ပွဲဟုလည်း မဆိုစကောင်း။ မဆိုအပ်။ မဆိုသင့်။ မဆိုထိုက်။ ရွဲကောက်ပွဲဟုသာ ဆိုရမည်။ အရွဲတွေကိုသာ ကောက်ရတော့မည်။ စီးပွားရေး လူမှုရေး နိုင်ငံရေးနယ်ပယ်အသီးသီး၌ အကျင့် ပျက်ချင်တိုင်းပျက်၊ ရွဲချင်တိုင်းရွဲနေသော မလူတလူတွေသာ ရွေးစရာ ရှိတော့သည်။

ဒါကြောင့်လည်း ဒေါ်စုက ရွေးချင်စရာမကောင်းလျှင် မဲမပေးကြဖို့ ပြောခြင်းဖြစ်တန်ရာသည်။

ဂါလောက်စရာတွေ မပါသောလွှတ်တော်သည် ချွတ်ချော်တော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဟုသာ ဆိုရန်ရှိချေတော့သည်လကား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts