>Burmese CDMA Phone top-up Card goes Black Market

>

၈၀၀ မီဂါဟဇ် ၅ သိန်းတန်ဖုံး ငွေဖြည့်ကဒ် မှောင်ခိုဈေးနှင့် အရောင်းအ၀ယ်ဖြစ်နေ
ခင်နှင်းလွင် ၊ ရန်ကုန်
ဒီဇင်ဘာ ၃၊ ၂၀၁၀
ယခုနှစ်ဆန်းတွင် စတင်မိတ်ဆက်ခဲ့သည့် စီဒီအမ်အေ ငါးသိန်းဖုန်း၏ ငွေဖြည့်ကဒ်များ ကုမ္ပဏီတွင် လိုသလောက် ၀ယ်မရတော့ပဲ မှောင်ခိုဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းထိ ဈေးတင်ရောင်းချသည်ကိုဝယ်ယူနေရသည်ဟု ဖုန်းသုံးစွဲသူများက ပြောသည်။
ရန်ကုန်နှင့် မန္တလေးတွင် အသုံးပြုသည့် စီဒီအမ်အေ ငါးသိန်းဖုန်း၏ ငွေဖြည့်ကဒ်များအား ကျပ် ၁သောင်း၊ ကျပ် ၃ သောင်းနှင့် အက်ဖ်အီးစီငွေဖြည့်ကဒ်များ အဖြစ် အီလိုက်တက်ခ် ကုမ္ပဏီမှ ရောင်းချလျက်ရှိပြီး ယခုရက်ပိုင်းတွင် သုံးစွဲသူများ လိုသလောက် ၀ယ်ယူ၍မရဖြစ်နေပြီး ပြင်ပမှောင်ခိုဈေးကွက်မှ ကျပ် ၁သောင်းတန်ကဒ်ကို ၁၁၀၀၀ ကျပ်ဖြင့် ၀ယ်ယူသုံးစွဲနေရသည့် အခြေအနေဖြစ်သည်ဟုလည်း ရန်ကုန်မြို့မှ သုံးစွဲသူများကပြောသည်။
ရန်ကုန်မြို့ မှ ငါးသိန်းဖုန်း သုံးသူ အိမ်ရှင်မတဦးက
“ပုဂ္ဂလိကကုမ္ပဏီကလုပ်လည်း နောက်ဆုံးတော့ အစိုးရလုပ်သလိုပဲ မှောင်ခိုစနစ်ပဲ ဖြစ်သွားတာပဲ၊ ငွေဖြည့်ကဒ်ကိုတောင် လိုသလောက်မရောင်းနိုင်ဘူးဆိုတာ၊ ဒါပေမယ့် သူ့အရောင်းဆိုင် အပြင်လမ်းဘေး ပလက်ဖောင်းမှာတော့ ဖုန်းကဒ် လိုသလောက်ရတဲ့ အဖြစ်က သုံးစွဲသူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သလိုပဲ”
ဟုပြောသည်။
ကျောက်တံတား မြို့နယ်မှ အခြားသုံးစွဲသူ တဦးကလည်း
“မနက်က ပန်းဆိုးတန်း အီလိုက်တက်ခ်မှာ ဖုန်းငွေဖြည့်ကဒ် သွားဝယ်တာ နှစ်ဦးအတွက် ၂ ကဒ်ရောင်းပေးပါဆိုတာ ဘယ်လိုမှ မရဘူး။ တကဒ်ပဲရမယ်ဆိုတယ်။ အိမ်က အဒေါ်အတွက်က ၀ယ်ပေးဖို့ မရတော့ ညနေသူကိုယ်တိုင်သွားဝယ်တော့ ကုန်သွားပြီပြောတယ်။ ဒါနဲ့ အပြင်လမ်းဘေးမှာ ရောင်းနေတဲ့ဆီက ၁သောင်း၁ထောင် နဲ့ ၀ယ်ခဲ့ရတယ်”
ဟုပြောသည်။
စီးပွားရေး သတင်း အယ်ဒီတာတဦးက
“ဖုန်းငွေဖြည့်ကဒ်တောင် လုံလောက်အောင် မရောင်းနိုင်တဲ့ အနေအထားက ဘာကိုဖေါ်ပြသလဲ ဆိုတော့ ပြိုင်ဆိုင်မှုမရှိတဲ့ လက်ဝါးကြီးအုပ် ဈေးကွက်စီးပွားရေး ပုံစံကို ဖေါ်ပြတာပဲ၊ ပြိုင်ဆိုင်မှုမရှိတော့ အုပ်ချုပ်သူခေါင်းဆောင်ပိုင်းနဲ့ ရင်းနှီးသူ၊ သူတို့နဲ့ အကျိုးတူလုပ်တဲ့ ကုမ္ပဏီတွေက ၀န်ဆောင်မှုကို ကောင်းကောင်းမလုပ်တော့ဘူး။ ကိုယ့်ရဲ့ ဖောက်သည်ကိုလည်း လေးလေးစားစား ဆက်ဆံတာမျိုး မရှိတော့ဘူး”
ဟုဝေဘန်ထောက်ပြသည်။
အီလိုက်တက်ခ် နှင့် ပင်မကုမ္ပဏီအတူတူဖြစ်သည့် စင်ထရယ်မားကက်တင်းမှ
တခါသုံး အက်ဖ်အီးစီ ၂၀ တန်ကဒ်များ ရောင်းစဉ်ကလည်း အဆိုပါကုမ္ပဏီတွင် သုံးစွဲသူများက လိုအပ်သလောက် ၀ယ်ယူ၍မရသဖြင့် အက်ဖ်အီးစီ ၂၀ တန်ကဒ် တကဒ်ကို အပြင်ဆိုင်များမှ ကျပ်ငါးထောင်မှ အမြင့်ဆုံး ၇ ထောင်ထိ ပေးကာဝယ်ယူခဲ့ကြရသည့် အဖြစ်အပျက်များ ရှိခဲ့သည်။
အီလိုက်တက်ခ၊ စင်ထရယ်မားကက်တင်း စသည့်ကုမ္ပဏီများအား ပိုင်ဆိုင်သူမှာ မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ မျက်နှာသာပေးမှုကို အခံရဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်သူ ဦးတေဇက ပိုင်ဆိုင်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts