>Maung Maung One’s Article

>

မိဘနဲ့တူသော အစိုးရ – အပိုင်း (၁)Justify Fullမောင်မောင်ဝမ်း
ဒီဇင်ဘာ ၃၊ ၂၀၁၀

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

ကျနော်တို့ငယ်ငယ်က သင်ခဲ့ရတဲ့ဆောင်ပုဒ်လေးပါ။ တော်တော်များများ ရင်းနှီးနေကြလိမ့်မယ်လို့ ထင်ပါတယ်။ မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ဝတ္တရားများပေါ့။ လောကမှာ မိဘ တော်တော်များများဟာ သားသမီးအပေါ်မှာ မေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဖို့လိုမယ် မထင်တော့ပါဘူး၊ ဒါပေမယ့်လည်း တချို့သော ချွင်းချက်များတော့ ရှိတာပေါ့လေ၊ ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲပါ။ မိဘတွေက သားသမီးကို သတ်ပစ်တာတို့၊ ပြည့်တန်ဆာလုပ်ငန်းအတွက် ရောင်းချခဲ့တာတို့ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာမဟုတ်သလို ဝိုင်းဝန်း ပြစ်တင် ရှုတ်ချကြမှာ အမှန်ပါပဲ။

လူတိုင်းမှာ ကိုယ့်ကိုမွေးထုတ်ခဲ့သူတွေဟာ မိဘတွေဖြစ်သလို၊ တိုင်းပြည်တပြည်မှာ အစိုးရ ဆိုတာကလည်း တကယ်တော့ မိဘပါ။ မိဘအစစ်တွေ မဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာ ရှိနေရတဲ့သူတွေလို့ ကျနော် ယုံကြည်ပါတယ်။ သားသမီးများရဲ့ ကောင်းမွေ၊ ဆိုးမွေများကို မိဘများကခံကြရသလို သားသမီးများအပေါ် တာဝန်ကျေကြဖို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစား အားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ် တာဝန်ကျေဖို့ လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသော အစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသော အစိုးရကို အလိုရှိကြမှာ အမှန်ပါ။

တနေ့ … ကျနော် အင်တာနက်ပေါ်မှာ G-talk ဖွင့်ထားတုန်း ၂ ပါတ်ကျော်လောက် လိုင်းပေါ်မှာ ပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ် ကျနော်က အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ နေတာပါ။

“ဦးဝမ်း … မြန်မာပြည်က .. အင်တာနက်တွေ .. ရွေးကောက်ပွဲနီးလို့လားမသိဘူး၊ ဖြတ်ထားတယ်”

“ဟုတ်လား …”

“နောက်ပြီး လိုင်းတွေကလည်း .. အရမ်းနှေးတယ်ဗျာ .. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး၊ မီးကလည်း လာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုးလိုင်းဖြတ်တာတွေ .. လိုင်းတွေ နှေးတာတွေ ဖြစ်လား” … … ကျနော် တချက်ပြုံးမိလိုက်တယ် .. ဒါပေမယ့် ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကို ထိခိုက်သွားပါတယ်။ သူက သူ့အမြင်နဲ့ ကြုံနေရတဲ့အခက်ခဲကို လှမ်းငြီးကြည့်လိုက်တာပါ …။

“—- ဘယ်ရှိမလဲ သားရဲ့ .. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာလည်း မရှိဘူး .. အင်တာနက်လိုင်း တွေဖြတ်ထားတာတို့ .. နှေးတာတို့ဆိုတာ မရှိဘူး …” ကျနော့်တူလေးရဲ့ သက်ပြင်းချသံကို တချက် ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့ လှမ်းခေါ်ပြီး စကားဆက်ပြောမယ်ကြံတော့ စကားသံက ပြောရလိုက် မရလိုက်နဲ့ … ကျနော် တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်း ငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ဝန်ဆောင်မှုလုပ်ပေးတဲ့ ကုမ္ပဏီ ဘယ်နှခုရှိလဲ မသိဘူး၊ ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမ္ပဏီ ၅ ခု အပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွက်တွေကို လှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီ (Liberal Democracy) ကျင့်သုံးနေတဲ့နိုင်ငံရဲ့ အနှစ်သာရဟာ ဒါမျိုးပါလား စဉ်းစားနေတုန်း .. တခါ တူလေးဆီက လှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်း ပြောရပြန်တယ် … …။

“ဦးဝမ်း .. အလုပ်နားနေရတယ်ဆို”

“အေးကွ .. ငါ အလုပ်က နားနေရတယ်”

“ဟင် .. ဒါဆို ဦးဝမ်း ဝင်ငွေမရှိတော့ .. ဘယ်လိုလုပ်မလဲ .. ဘာနဲ့စားကြမလဲ”

“အစိုးရက ကျွေးတယ် .. အစိုးရက ပေးတယ်ကွ”

“ဟာ .. ဦးဝမ်းကလဲ .. သားက အတည်ပြောနေတဲ့ဥစ္စာ .. နောက်နေတယ်”

“ဘယ်ကလာ နောက်ရမှာလဲ .. ဦး အလုပ်ကနားနေရတော့ .. အစိုးရက စားဖို့ဆိုပြီး တလ .. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော် ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅၀ ပေးတယ်ကွာ .. တလ ၁၀၀၀ ပေါ့ .. ငါ မနောက်ပါဘူးကွာ .. တကယ်ပြောနေတာပါ”

“တကယ်…”

“တကယ်ပေါ့သားရဲ့ .. ဦးဝမ်း .. သားကို ဘယ်တုန်းက လိမ်ပြောဘူးလို့လဲ”

“အစိုးရက .. တလကို ဒေါ်လာ ၁၅၀၀ ကျော် အလကား ထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃ သိန်းလောက်ရှိတယ် .. သားဖြင့် ဦးဝမ်းပြောလို့သာ ယုံရတယ် .. ကြားတောင် မကြားဘူးဘူး .. သား သူငယ်ချင်းတယောက်အဖေဆို .. စစ်တပ်ထဲကနေ ပင်စင်နဲ့ထွက်လာတာတောင်မှ .. တလ တလ .. စားဖို့ အလျဉ်မမီဘူးဗျာ .. သနားပါတယ် ..” သူရဲ့ အသံတွေထဲမှာ ဂရုဏာနဲ့ ရောစွက်နေတဲ့ မကျေနပ်သံတချို့ကို လှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့လူတယောက်ဟာ သက်ဆိုင်ရာ ကုမ္ပဏီက အကြောင်းအမျိုးမျိုးကြောင့် ရပ်နား လိုက်ရတယ်ဆို .. အဲဒီ ကုမ္ပဏီနဲ့ အစိုးရပေါင်းပြီး ဝန်ထမ်းတွေကို ထောက်ပံ့ရပါတယ်။ တပတ်ကို ဘယ်လောက်ဆိုတာတော့ တယောက်နဲ့တယောက် မတူဘူး (သူ အလုပ်လုပ်လို့ရလာတဲ့ ဝင်ငွေအပေါ် တည်မှီပြီး ဆုံးဖြတ်တယ်)၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီး ပေးတယ် .. အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိ ပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင် ရှာပေါ့။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှုထောက်ပံ့ရေး အသွင်သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို .. လ ၆၀ (၅ နှစ်) ခံစားခွင့်ရှိတယ်။

အစားအသောက်အတွက်ကတော့ တော်တော်ကြာကြာထိကို ထောက်ပံ့ပါတယ်။ အစိုးရဟာ လူထုကို ဘယ်တော့မှ အငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့အိမ်မဲ့တွေ အများကြီးဆိုတာကို ကျနော် နည်းနည်းလေး ရှင်းပြချင်တယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် (credit) ဆိုတာနဲ့ ချုပ်ထားတယ်။ ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ပေးထားတဲ့ ကဒ်ကလေးတွေကို တင်ပြောတာ မဟုတ်ပါဘူး .. လူတယောက်ရဲ့ရာဇဝင်ဆို ပိုမှန်မလားမသိဘူး။ လူတယောက် ရိုးသားတာ၊ အပြစ်မရှိတာ၊ အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ဝယ်ရင် မှန်မှန်ပြန်ပေးတာ၊ ရာဇဝတ်မှုကင်းတာ စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့၊ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတခုရှိမယ် .. ခင်ဗျားက လိုချင်တဲ့ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော (ဗမာပြည်မှာဆို အကြွေးရရင် ဆင်တောင်ဝယ်စီးမယ့်သူများ အတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမယ့်အကြွေးကို မပေးတော့ဘူးဆိုရင် .. အဲဒီပစ္စည်းကို ပိုင်ရှင်ကုမ္ပဏီတွေက လာသိမ်းမှာပဲ မပူနဲ့၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့က သိတယ် .. ရေဒါစနစ်တွေနဲ့ လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်က ဆိုးသွားပြီ၊ ခရက်တစ်ဆိုးတော့ ဘာဖြစ်မလဲ၊ ခင်ဗျား ဘာမှအကြွေးဝယ်လို့ မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့ မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင် ငှားနေလို့ မရတော့ဘူး၊ အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရော ဘာဖြစ်မလဲ။ အိမ်ဝယ်ချင်တယ် ဒေါ်လာ တသိန်းတန်လောက်အိမ်တောင်မှ အရစ်ကျဝယ်လို့ ရတယ်။ တလချင်း နည်းနည်းဆပ်သွား ရတယ်၊ ခင်ဗျားပေးတာမှန်လေ ခရက်တစ်အမှတ်က တက်လေပဲ။ စဝယ်ဝယ်ချင်း တပြားမှမကုန်ဘူး။ ကျနော်နေတဲ့ နယူးရောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မယ့်သူအတွက် အစိုးရက ဒေါ်လာ ၈၀၀၀ လောက်အထိ အလကားပေးတယ်။ ခင်ဗျား အလုပ်သာရှိ (အနည်းဆုံး ၂ နှစ်လောက်ပေါ့) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံး တပြားမှမကုန်ဘဲ ဝယ်လို့ရတယ်။ ပြီးမှ တလချင်း နည်းနည်း ပြန်ဆပ်ပေါ့။ ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့သူတွေအတွက် အိမ်ငှားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ်စစ်ဆေးကြည့်လို့ ဆိုးတယ်ဆိုရင် .. မငှားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ကုန်ရော၊ နောက် မေးစရာရှိနိုင်တာက .. အစိုးရက အမြဲထောက်ပံ့နေတော့ .. ဗမာတွေးနဲ့ဆို အလုပ်မလုပ်ဘဲ ထိုင်စားနေမယ်ဆိုရင်ရော … ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ် ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်အရေးတွေ အကုန်ဆုံးရှုံးမယ် .. ဒါပေမယ့် ဘယ်တော့မှ မငတ်ဘူး၊ အစိုးရက ခင်ဗျားကို ကျွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျား လုပ်ငန်းတခု ထူထောင်ချင်တယ်ဆိုပါဆို့ … ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးချင်ကြမှာ အလုအယက်ပဲ .. ဘာလုပ်ချင်လုပ်ချင် … သူတို့ ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကို ဖြစ်စေတယ်။ ပျင်းလို့ မရဘူး။

ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ဝင်ငွေနည်းမိသားစုများကို အစိုးရက ထောက်ပံ့တယ်။ နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရက ကူတယ် (ကုန်ချင်သလောက် ကုန်ပါစေ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီ ကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်း ဈေးကြီးတယ်။ (ဒါပေမယ့် ခင်ဗျားမှာ ဝင်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့် မရဘူး) ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုရတယ်။ အဲဒီ ကုမ္ပဏီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရက ပေးတယ်။ ဘာမှပူစရာမလိုဘူး၊ အလကား ဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး၊ တကယ်တော့ အလကားကုတာ မဟုတ်ဘူး၊ ခင်ဗျားကုန်ကျမယ့်ငွေကို အစိုးရက ပေးတာ။

တပ်မတော်သားတွေကဏ္ဍ ပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေရောက်လာပြီး နေထိုင်ခွင့် တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ချင်ကြတာ အများကြီး။ ဘာလို့လည်းဆိုတော့ ဘဝအာမခံချက် အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေ အများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ (မြန်မာငွေ သိန်း ထောင်ချီပြီး) ပေးတယ်။ မိဘ၊ သားသမီး၊ မိန်းမ၊ လင်ယောက်ျား သူတို့အတွက်တောင်မှ အားလုံး နေဖို့ထိုင်ဖို့ကအစ အားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ချင်တယ် ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်အရေး သူများထက် သာတယ်။ (ဒါ စစ်သား မဟုတ်သေးဘူး စစ်သား ဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေ ပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီး လစာရကြတယ်။ (အနည်းဆုံး ဒေါ်လာ ၂၀၀၀ နဲ့ အထက်မှာရှိတယ်) ဒါ သာမန် စစ်သားအဆင့်။ အရာရှိတွေဆို အများကြီး ပင်စင်လစာ ရတယ်။ သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘဝမှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ဘဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့် မရှိဘူး၊ သွားပြလို့ကတော့ ပြဿနာတက်ပြီသာပြင်ပေတော့ အဲဒီလို။ စစ်သားက စစ်သား အလုပ်ပဲလုပ်တယ်၊ တခြားအလုပ်မှာ ဝင်မပါဘူး ဝင်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ ရဲတွေကို လူထုက ချစ်တယ်၊ လေးစားကြတယ်။ ဗမာပြည်နဲ့ မကွာလားဗျာ။

အပိုင်း ၂ ဆက်ပါဦးမယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts