>Letters from Michigan – 87

>

မစ်ရှီဂန်ကပေးတဲ့စာ(၈၇)
အောင်ဝေး
စက်တင်ဘာ ၂၄၊ ၂၀၁၁


(ဒီတပတ်မှာ-အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာကိုသာမက၊ သီချင်းကိုပါ မွေးဖွားပေးတယ်ဆိုတဲ့အကြောင်း၊ ဧရာဝတီမြစ်ကိုဖွဲ့ ဆိုထားတဲ့ သီချင်းနှစ်ပုဒ်နဲ့ဆက်စပ် တင်ပြထားပါတယ်)

မစ်ရှီဂန်ကပေးတဲ့စာ ရှေ့တပတ်တွင် နိဂုံးချုပ်မည်


မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့သာလို့မာပါစ…။ ဒီတခါတော့ အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာကို မွေးဖွားပေးတယ် ဆိုတဲ့စကားနဲ့ဆက်စပ်ပြီး၊ ကျနော်တွေးမြင်မိတာလေးတချို့ ပြောပရစေ။

အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာကိုမွေးဖွားပေးတယ် လို့ဗြိတိသျှ သမိုင်းပညာရှင်ကြီးဂစ်ဗွန် ပြောခဲ့ဖူးတယ်။ သူဟာ အီတလီနိုင်ငံ၊ ရောမမြို့ ကြီးကို ရောက်သွားတော့၊ သူ့စိတ်ကူးထဲကို ကြီးမားတဲ့ သမိုင်းရေအလျဉ်ကြီးတခု စီးဆင်း ၀င်ရောက်လာပါတယ်တဲ့။ နီရိုးဘုရင် တယောထိုး မပျက်တဲ့၊ မီးလောင်နေတဲ့ရောမမြို့ ကြီးကို သူပြန်လည်မြင်ယောင်လာမိတယ်လို့ဂစ်ဗွန်က ဆိုတာပါ။ သူ အီတလီက ပြန်သွားပြီးမကြာခင်မှာ “ရောမအင်ပါယာကျဆုံးခြင်း“ ဆိုတဲ့သူ့ရဲ့ ကမ္ဘာကျော် သမိုင်းစာအုပ်ကြီး ထွက်ရှိလာခဲ့တယ်လို့စာထဲပေထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။

ကိုဒေါင်းတို့လည်းဖတ်ဖူးတာပဲမဟုတ်လား။ နောက်တခါ ဒီလိုမျိုး အလားတူခံစားမှုပဲ ဆိုပါတော့။ ဒါပေမဲ့ ဂစ်ဗွန်ကသမိုင်းပညာရှင်။ အခု ကျနော် ဆက်ပြောမှာက ဒဿနပညာရှင်လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ ဆရာဇော်ဂျီပါ။ ဗြိတိသျှ ကိုလိုနီခေတ်တုန်းက၊ ဆရာဇော်ဂျီဟာ ပုဂံအင်ပါယာဟောင်းကြီးကို ရောက်သွားခဲ့ပါတယ်။ (ဗမာမှန်ရင် ပုဂံရောက်ဖူးရမယ် ဆိုတဲ့ စကားကလည်း ရှိတယ် မဟုတ်လား။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ဆိုရင်၊ ဟောဒီလိုတောင် ပြောခဲ့၊ ရေးခဲ့ဖူးတာကလား။ ပုဂံ မရောက်ဖူးရင်၊ ပွဲမကြိုက်ရင် ဗမာမဟုတ်ဘူး တဲ့)
ဆရာဇော်ဂျီ ပုဂံရောက်သွားတော့ နှမြောတသတဲ့စိတ်၊ အားတက် ရွှင်လန်းတဲ့စိတ်တွေ တပြိုင်နက် ဖြစ်လာပြီး ကြေကွဲပီတိကို ခံစားခဲ့ရပါတယ်တဲ့။ အတိတ်ကိုလွမ်းတဲ့စိတ်၊ အိမ်လွမ်းစိတ္တဇတွေနဲ့ပုဂံက ပြန်လာတဲ့အခါ၊ ဆရာဇော်ဂျီရဲ့ နှလုံးသားထဲကနေ ကဗျာတပုဒ် မွေးဖွားလာခဲ့ပါတယ်။ အဲဒီကဗျာက အားလုံး သိကြတဲ့ “မောင်တို့ကြားကုန်လော့၊ မယ်တို့ကြားကုန်လော့“ အစချီတဲ့“ရှေးခေတ်ပုဂံပြည်“ ကဗျာကြီးပါပဲ။

အဲဒါကတော့ အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာကို မွေးဖွားပေးတယ် ဆိုတာကို၊ သမိုင်းပညာရှင်ကြီးဂစ်ဗွန်တို့၊ ဒဿနပညာရှင်၊ ကဗျာဆရာကြီး ဆရာဇော်ဂျီတို့နဲ့ သက်သေပြကြည့်တာပါ။

ဒီမှာ ကျနော်ဆက်ပြီးစဉ်းစားမိတာက၊ ဂစ်ဗွန်ပြောသလို အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ ကဗျာကိုမွေးဖွားပေးတယ် ဆိုရင်၊ ကျနော့်အလိုတော့ အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာအပြင် သီချင်းကိုလည်း မွေးဖွားပေးတယ်လို့ပြောကြည့်ချင်ပါတယ်။ တချို့ ယူဆသလို၊ ကဗျာနဲ့သီချင်း ဘာထူးလို့လဲဆိုရင်တော့ ထားလိုက်တော့။

ကျနော် ဆိုလိုတာက အိမ်လွမ်းစိတ်ဟာ ကဗျာရေးသူကိုသာမက၊ သီချင်းရေးသူကိုပါ အနုပညာ ဈာန်ဝင်စားအောင် လှုံ့ ဆွပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒီအတွက် ကျနော်ဥပမာပေးပါ့ မယ်။ ပထမဥပမာက ခင်ဝမ်းပါ။ ပန်းချီဆရာ၊ သီချင်းရေးဆိုသူ ကိုခင်ဝမ်းဟာ သူ့ရဲ့ နာမည်ကျော် “ဧရာဝတီ“ သီချင်းကို ခံစားမှုနဲ့ရေးခဲ့တယ်လို့ကိုဒေါင်း ထင်သလဲ။

အားလုံးသိတဲ့အတိုင်းပဲ၊ ကိုခင်ဝမ်းက ပြည်မြို့ သား။ ပြည်မြို့ ဆိုတာ ဧရာဝတီမြစ်ကြီး ဖြတ်သန်း စီးဆင်းသွားတဲ့၊ ပျူယဉ်ကျေးမှု ထွန်းကားခဲ့ရာ၊ သမိုင်းအငွေ့ အသက်တွေနဲ့မြို့ ကြီးပါ။ ကိုခင်ဝမ်းဟာ အနုပညာရှင်ပီပီ အတိတ်ကို ခံစားလွမ်းဆွတ်မိမယ်။ သူ့မျက်စိရှေ့ မှာ ဧရာဝတီမြစ်ကြီး တသွင်သွင်စီးဆင်းနေတယ်။ ဟိုတုန်းကလည်း ဒီမြစ်ကြီးရှိခဲ့တယ်။ နောင်လည်း ဒီမြစ်ကြီး ဆက်လက် စီးဆင်းနေလိမ့်ဦးမယ်။ ကိုခင်ဝမ်း အတိတ်ကို လွမ်းတမိသလို၊ အနာဂတ်ကိုလည်း မှန်းမျှော်လွမ်းဆွတ်မိမယ် ထင်ပါရဲ့။ အဲဒီအတိတ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇနဲ့ ဒီ “ဧရာဝတီ“သီချင်းကို ကိုခင်ဝမ်း ရေးဖွဲ့ သီဆိုခဲ့တာလို့ ဆိုချင်ပါတယ်။

ဟုတ်ပြီ ကိုဒေါင်းကြီး…။ အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ကဗျာအပြင် သီချင်းကိုလည်းမွေးဖွားပေးတယ်ဆိုတာနဲ့ပတ်သက်လို့ဒုတိယပေးချင်တဲ့ဥပမာက ထူးအိမ်သင်ပါပဲ။ ထူးအိမ်သင်ဟာ ပုဂံကိုရောက်သွားပြီး၊ ပုဂံဘုရားတဆူရဲ့ပစ္စယံပေါ်ကနေ၊ ဧရာဝတီမြစ်ကြီးကို ဆီးမြင်ရတဲ့အခါ၊ သူ့ရင်ထဲမှာ ဘယ်လိုမှ မနေနိုင်တော့ဘဲ “ရာဇ၀င်များရဲ့သတို့သမီး“ သီချင်းကို ရေးဖွဲ့ ခဲ့တယ် လို့ ထူးအိမ်သင်ကိုယ်တိုင် ပြောပြခဲ့ဖူးတယ် မဟုတ်လား။

ထူးအိမ်သင်က မြန်မာ့သမိုင်းခေတ်တွေကို ဖြတ်သန်းစီးဆင်းသွားတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို သီချင်းနဲ့မော်ကွန်းတင်လိုက်တာပါ။

ဒီ သီချင်းနှစ်ပုဒ်မှာ၊ အချိန်ကာလအနေနဲ့ ဆိုရင်၊ ကိုခင်ဝမ်းရဲ့“ဧရာဝတီ“က အများကြီးစောပါတယ်။ ထူးအိမ်သင်ရဲ့ “ရာဇ၀င်များရဲ့သတို့သမီး“ ဧရာဝတီကတော့ ၁၉၉၁ လောက်ကျမှ ထွက်ပေါ်လာတာပါ။ အခုတော့ ကိုဒေါင်းရေ… ဒီ ဧရာဝတီမြစ်ဖွဲ့ သီချင်း နှစ်ပုဒ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ရင်ထဲကို အရှိန်ပြင်းပြင်းနဲ့ ၀င်ရောက်လာနေပြန်ပြီ မဟုတ်လားဗျာ။

ဧရာဝတီ ဒုက္ခရောက်နေရတယ်နော် ကိုဒေါင်း…။ “ဧရာဝတီကို ကယ်တင်ကြ“ ဆိုတဲ့ ပြည်သူ့အသံ၊ လူထုဆန္ဒအမှန်ကြားမှာ ကျနော်တို့ မြန်မာပြည်သူတိုင်း၊ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းဟာ ဒီသီချင်းတွေကို ကြေကြေကွဲကွဲ ပြန်လည်ကြားယောင် ခံစားနေကြတော့မှာ အမှန်ပါ။
ဒီနေ့ အချိန်မှာ ဧရာဝတီပြဿနာဟာ ကျနော်တို့ တမျိုးသားလုံးအတွက် ငယ်ထိပ်မြွေပေါက်ပြဿနာဖြစ်နေပါပြီ။ ဧရာဝတီကို ကယ်တင်ဖို့ တာဝန်ဟာ၊ ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးရဲ့ပခုံးပေါ်ကို ကျရောက်နေပါပြီ။

ဒီနေ့ ဧရာဝတီပြဿနာဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာသက်သက်မျှ မဟုတ်ပါဘူး။ ဒီနေ့ ဧရာဝတီ ပြဿနာဟာ အစိုးရနဲ့ အတိုက်အခံကြား၊ နိုင်ငံရေး အာဏာလုတဲ့ပြဿနာလည်း မဟုတ်ပါဘူး။ ဒီနေ့ ဧရာဝတီပြဿနာဟာ အချိန်မီ ဟန့် တား မဖြေရှင်းနိုင်ရင်၊ ကမ္ဘာပေါ်မှာ အင်မတန် ခမ်းနားတဲ့ မဟာမြစ်ကြီးတစင်းသာမကဘဲ၊ တိုင်းပြည်နဲ့ လူမျိုးပါ အစတုံး ပျောက်ကွယ် ဆိတ်သုဉ်းသွားနိုင်တဲ့အထိ၊ အရေးကြီးလွန်းမက ကြီးလှတဲ့ အမျိုးသားရေးပြဿနာကြီးပါ။

ဒီပြဿနာဟာ အနီးက လူတွေနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။ အဝေးရောက်နေတဲ့သူတိုင်းနဲ့လည်း သိပ်ကို သက်ဆိုင်တဲ့ပြဿနာပါ။ ဒါ့ ကြောင့် ကိုဒေါင်းရေ… နီးနီးဝေးဝေး၊ ကျနော်တို့ အားလုံး၊ ဆိုးဆိုးကောင်းကောင်း၊ အိမ်လွမ်းစိတ်ချင်း ပေါင်းပြီး၊ ဇာတိမာန် လောင်းလှေကြီးနဲ့ ဧရာဝတီကြောင်း ချီကြပါစို့ဗျာ။

အားလုံးကို သတိတရနဲ့…

အောင်ဝေး
စက်တင်ဘာ ၁၂-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts