>Maung Lu Yay – Blessing in Burma 16

>

မင်္ဂလာနှင့် နိုင်ငံရေး  ၁၆
မောင်လူရေး
ဒီဇင်ဘာ ၂၊ ၂၀၁၀
လုပ်ကိုင်ပြောကြား၊ သတိထား၊ တရားမမေ့စေတာ အပ္ပမာဒဓမ္မမင်္ဂလာ။
ဓမ္မ=ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့အား ကောင်းမှုကောင်းရာလုပ်ငန်းများကို၊ အပ္ပမာဒ=အသိဉာဏ်ဖြင့် ထက်သန်နိုးကြား သတိထားလျှက်  လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းတော်မူသည့်မင်္ဂလာ။ ဤမင်္ဂလာကိုလိုက်နာခြင်းသည် နိုင်ငံတော်က လက်ရှိအားကြိုးမာန်တက်လုပ်ကိုင်ဆောင်ရွက်နေသော လမ်းမှားကိုရှောင်လွှဲ၍ လမ်းမှန်ပေါ်လျှောက်လှမ်းခြင်းဖြစ်တော့သည်လတည်း။
အပ္ပမာဒသည် ပမာဒ၏ဆန့်ကျင်ဘက်ဖြစ်သည်၊ ပမာဒဟူသည် နိုင်ငံတော်ကို ယစ်မူးစရာအာရုံ အဖုံဖုံ၌ ထုံထားသင်းထားခြင်းဟု အဓိပ္ပါယ်ရလေသည်။
တနည်းအားဖြင့် အပ္ပမာဒသည် အကောင်းကိုစူးစိုက်မှု၊ နိုးကြားထက်သန်မှု၊ အသိဉာဏ်ပညာဟူသည့် တိုင်းလုံးချီတိုးတက်ရေးလက္ခဏာသုံးရပ်၏ စုပေါင်းအနှစ်သာရကို ဖေါ်ဆောင်သည့် ဝေါဟာရအမွန် ဖြစ်လေသည်။
လူငယ်တိုင်းတွင် စူးစိုက်မှု၊ နိုးကြားထက်သန်မှု၊ ပညာဆိုသည့် စွမ်းရည်သုံးရပ်ရှိကြသည်။ ဤစွမ်းရည်များသည် ကောင်းကောင်းဆိုးဆိုး မည်သည့်အလုပ်မျိုးဖြစ်ပစေ၊ အောင်မြင်အောင် လုပ်ကိုင်နိုင်ပေရာ မှန်ကန်သော အပြုအမူဖြစ်လျှင် တိုင်းပြည်ရောလူမျိုးပါ ဆင်းရဲငြိမ်းရာ လမ်းကြောင်းပေါ်ရောက်သွားနိုင်ပေမည်။ လူငယ်များကို ကောင်းသောအပြုအမူများလုပ်ပိုင်ခွင့်ရအောင် ဖန်တည်းပေးဖို့မှာ နိုင်ငံတော်၏တာဝန်သာတည်း။  
ဤစွမ်းရည်များကို သမ္မာသတိ=မှန်ကန်သောစူးစိုက်မှု၊ သမ္မာဝါယာမ = မှန်ကန်သောနိုးကြားထက်သန်မှု၊ သမ္မာဒိဋ္ဌိ=အသိဉာဏ်ပညာဟုခေါ်သည်။ ဤသည်မှာ မြတ်စွာဗုဒ္ဓ၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး တနည်း အမျိုးသားရင်ကြားစေ့ရင်း နိုင်ငံရေး စီးပွားရေး လူမှုရေး အကျပ်အတည်းများပြေလည်သွားရေး အရိယမဂ္ဂ= မြင့်မြတ်သောလမ်းဖြစ်လေသည်။
အပြုအမူများ မှန်သည် မှားသည် ကောင်းသည်ဆိုးသည်ကို မည်သည့်အရာနှင့် တိုင်းရမည်နည်းဆိုသော် ဗုဒ္ဓက ကိုယ်ကျင့်တရား၏ စံချိန်စံညွန်းကိုတိုင်းတာရန် ပေတံ ၃ ချောင်းပေးထားလေသည်။ လောဘ=အလွန်လိုချင်မှု၊ မတရားလိုချင်မှု။ ဒေါသ=မုန်းတီးမှု၊ အငြိုးထားမှု။ မောဟ=ဝေဝါးမှု၊ မသိနားမလည်မှု၊ အလွဲသိမှုတို့ရှိ မရှိတို့ပေတည်း။ သို့မဟုတ် အလောဘ=ကိုယ်ကျိုးစွန့်မှု။ အဒေါသ=အကျိုးလိုလားမှု။ အမောဟ= အသိအမြင်ရှင်းမှုတို့ဖြင့် တိုင်းတာ၍လည်း ရပါသည်။
ညစ်ကျယ်ကျယ်ဖြင့် နှိပ်ကွပ်ဖို့အရေးသာတစူးစိုက်စိုက် အားသွန်ခွန်စိုက် အချိန်ကုန် လူကုန် စွမ်းရည်ကုန် ငွေကုန် တောကုန် တောင်ကုန် သယံဇာတကုန် ယဉ်ကျေးမှုကုန် ခေတ်ကုန်အောင်လုပ်နေသည့် ပမာဒတွေ ခဝါချဖို့ တန်ပေပြီ။ နို့မို့ တိုင်းပြည်က ပြာကျတော့မည်။ ပမာဒသည် တိုင်းပြည်၏ အညစ်အကြေး (ကိလေသာ)ဖြစ်ရကား ဆေးကြောသုတတ်သင်မှရတော့မည်။ မဟုတ်ရင် ပိုးတဖွားဖွားနှင့် အမျိုးသားရေးချူနာကျပြီး တဖြည်းဖြည်းအူချာကာ ရူနာရှိုက်ကုန်းဘဝဖြင့် ဒို့တိုင်းဌာနီကြီး ကိစ္စတုန်းရပေတော့မည်လတည်း။
အပ္ပမာဒေန အာဏာရှင်တွေ သမ္မာဒေထ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts