>Dr Maung Ba Chit – The Game Theory for Dictator

>

အာဏာရှင်ဂိမ်းသီအိုရီ နိဒါန်း
Introduction of Dictator Game Theory
ဒေါက်တာမောင်ဘချစ်
ဒီဇင်ဘာ ၂၊ ၂၀၁၀
ဂိမ်းသီအိုရီကို အာဏာရှင်တွေတိုက်တဲ့နေရာမှာ ဘယ်လို သုံးလဲ။
အာဏာရှင်တွေ အမြဲပဲ အထက်စီးရနေမှာလား။
အာဏာရှင်တွေ ဘာကြောင့် ဒီလိုအထက်စီးက ရတာလဲ။
အဓိက ကတော့ လူတွေ လောဘကြီးတာကြောင့်လို့ဆိုတယ်။
သူတို့က ပေါင်းစား ချင်တယ်။
ဒီအခါ အာဏာရှင်ရဲ့လုပ်ပိုင်ခွင့်တွေ များလာတယ်။အာဏာရှင်ကို အခွင့်အလမ်းတွေပေး လိုက်သလိုဖြစ်နေတယ်။
မူလကတည်းက တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ လူမှုရေး ကွန်ယက်(Social Network) မှာ အာဏာရှင်ဟာ တဖြည်းဖြည်းနဲ့တန်ခိုးတွေထွားလာတော့တယ်။
သူ့အပါးမှာ မြှောက်ပင့်စားသောက်တဲ့သူတွေ များလာတယ်။ ဒါဟာ လူသားတွေရဲ့ဗီဇပါပဲ။ ဒီဗီဇကိုအရင်းတည်ပြီး တန်ခိုးကြီးထွားလာတဲ့အာဏာရှင်ကို အနိုင်ယူဖို့ ခဲယဉ်းလာတော့တာပါပဲ။
x                           x                           x
မြန်မာ့ဒီမိုကရေစီအရေးကိုပြန်ကြည့်ပါ …
ကျွန်တော်တို့ ရဲ့ မိတ်ဆွေများဟာ အနစ်နာခံပြီး တိုက်ပွဲဝင်ကြတယ်။ အသေခံတယ်။ အပင်ပမ်းခံကြပါတယ်။
ဒါပေမဲ့ စောစောကပြောတဲ့ လူ့ဗီဇကြောင့် လူတွေဟာ (လူသားပီသစွာပဲ) အသက်ရှင်ရပ်တည်ရေးအတွက် ဆောင်ရွက်လာတယ်။ သူတို့ထဲမှာ အချို့ဟာ ချမ်းသာတဲ့လမ်းစကို တွေ့လာတယ်။ အချို့က ခရီးသွားဟန်လွဲ ဆိုသလို မိမိအကျိုးအမြတ်ကို ဦးစားပေးလာတယ်။
ဒီတော့ ဒီလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြရင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာတော့တာပါပဲ။ ဒါဟာ သဘာဝပါ။ ဒီဖက်ခေတ်ကို ပြန်ကြည့်ရင် ဆယ်စုနှစ် သုံးလေးစု လောက်ကြာလာတဲ့အခါ ဘယ်သူက အနိုင်ရလာလဲ။
အနိုင်ရလာသူက အာဏာရှင်ဖြစ်လာတာကို တွေ့ရပေမယ်။ အာဏာရှင်ဟာ အနေချောင် အစားချောင်လာသလို ပတ်ဝန်းကျင်လူတွေဟာလည်း အရိုးအရင်းလေးတွေ ရလာတယ်။ ခပ်လှမ်းလှမ်း ကလူတွေဟာလည်း ဥပဒေကို မျက်ကွယ်ပြုထားတဲ့နေရာမှာ ကြီးနိုင်ငယ်ညှင်း ပုံစံကို အသားကျ လာတယ်။
ယာဉ်စည်းကမ်းဖေါက်ဖျက်မှု ဥပမာတစ်ခုကို တင်ပြမယ်။ မြန်မာပြည်မှာပေါ့။ ရဲဖမ်းဆီးအရေးယူတဲ့အခါ ဘယ်လိုတုန့်ပြန်လဲ။
“ရဲဖမ်းရင် ပိုက်ဆံပေးလိုက်ရင် ပြီးတယ်မဟုတ်လား”
မိတ်ဆွေတစ်ဦးက သူရဲ့သီအိုရီကို တင်ပြတယ်။ ခင်ဗျားတို့ကတော့ ဒါဟာ ဥပဒေမဲ့လို့ ပြောမှာပေါ့။ မှန်ပါတယ်။သူ့ကို ကျွန်တော်လည်း ပြောပြပါတယ်။
သူကမေးတယ်။“ ခင်ဗျားတို့ အမေရိကမှာကော … ဒီလိုပဲ ရဲဖမ်းရင် ဘာလုပ်လဲ”
“အပြစ်ပေါ် မူတည်တယ်။ တရားရုံးတက်ရတာတွေ ဒဏ်ငွေဆောင်ရတာတွေ ရှိတတ်တာပါပဲ”
လို့ပြောတော့ သူက “ဒဏ်ငွေဆောင်တယ်ဆိုတာ ပိုက်ဆံပေးတာပဲလေ။ ကျုပ်လည်း ပိုက်ဆံပေး တာပဲပေါ့”
ဒါကို အကျင့်ပျက်မှု- Corruption လို့ သူ သဘောပေါက်ဟန် မတူဘူး။ သဘောပေါက်ရင်လည်း သူ့အနေနဲ့ အဆင်ပြေနေသေးသ၍တော့ ဒါကို ပိုသဘောကျနေမှာ အသေအချာပါ။
မြန်မာပြည်မှာ Corruption ဆိုတဲ့ ခြစားမှုတွေဟာ အများကြီးပဲ။ ဒါတွေဟာ လူမှုအသိုင်းအ၀ိုင်းကို ဒုက္ခပေးနေတာကို သဘောမပေါက်ကြဘူး။ ရုတ်တရက်လည်း သဘောပေါက်ဖို့ မလွယ်ဘူး။ ဂိမ်းသီအိုရီ အပြောရရင်တော့ ဒါဟာ လူ့သဘာဝပဲ။ ရဲကလည်း အာဏာသုံးတယ်။ ပိုက်ဆံ ယူတယ်လေ။ အပြစ်ရှိတယ်လို့ အစွပ်အစွဲခံရသူကလည်း အဆင်ပြေအောင်လုပ်မယ်လို့ စိတ်ကူးထားတာပါပဲ။
ဒီလိုနဲ့ပဲ နိုင်ငံတနိုင်ငံလုံး ခြစားလာနေတာကိုး။ ခြစားတယ်ဆိုတာ အကျင့်ပျက်တာ (corruption) ဖြစ် ကိုပြောတာပါပဲ။
“အမေရေ ငွေ တရာလောက်”
“ဘာလုပ်ဖို့လဲ သား”
“ရဲစခန်း ထောက်ခံစာ ယူမလို့”
“ဘာ ထောက်ခံစာလဲ”
“အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံချက်ပါ။ ကျောင်းမှာ ဖောင် တင်ရမယ်”
“တရာတောင် ပေးရလား”
“တဆယ်ပါပဲ။ ဒါပေမဲ့ ရပ်ကွက်ထောက်ခံစာပါမှ ရတာ”
“ဒါဆိုလည်း ရပ်ကွက်ရုံး သွားပေါ့”
“သူက ညမှဖွင့်တာ အမေကလဲ၊ သားက ဒီနေ့ တင်ရမယ်။ ရပ်ကွက်ရုံးမှာလည်း အကြာကြီး စောင့်ရတယ်”
“ရဲစခန်းမှာကော မစောင့်ရဘူးလား သား”
“စခန်းရှေ့က ကွမ်းယာဆိုင်ကို ငွေတရာပေးလိုက်ရင် သူက တံဆိပ်တုံး ရိုက် နာမည် မှတ်ပုံတင် ဖြည့်ပေးလိုက်ရုံပဲ”
“ဒါဆိုလဲ … … ”
ဒါတွေဟာ အသေးအမွှားလေးတွေပါ။
ဒါပေမဲ့ အတွင်းကို လှိုက်စားသွားတဲ့ ခြစားတာဟာ တချိန်မှာ အဆောက်အဦတခုလုံး ပြိုလဲသွားစေမှာ အသေအချာပဲ။
x                           x                           x
ဝန်ထမ်းထဲမှာ ရဲတွေသာ မကပါဘူး။ စစ်သားတွေလည်း corrupt ဖြစ်ကြတာပါပဲ။
၈၀ ခုနှစ်များက မော်လမြိုင် ရောက်သွားတော့ မိတ်ဆွေတစ်ယောက်ကပြောတယ်။
“မော်လမြိုင်ဖက်မှာ ပေါ်တာ ဆွဲနေတယ်။ ပေါ်တာဘတ်ကြိုးလေးတွေ ဘာတွေ သွားဦး”
““ဘာလဲ ပေါ်တာဘတ်ကြိုး”
“ရွှေအတုပေါ့”
“ဘာလုပ် ရမှာလဲ”
“စစ်သားက ပေါ်တာဆွဲခံရသူရဲ့ လည်ပင်းက ဘတ်ကြိုးကို ပေးလိုက်။ သူ မဖမ်းတော့ဘူး။ အသာလေး ထွက်သွားရုံပဲ”
“ဘယ်လိုဖြစ်တာလဲ”
“အရင်က လူတွေဟာ ဘတ်ကြိုးအစစ်တွေကို ပေးတယ်။ ဘတ်ကြိုးဆိုတာ ရွှေ တကျပ်သား နီးပါးရှိတဲ့ အခေါက်ရွှေနဲ့ ဆွဲကြိုး လုပ်ထားတာ။ နောက်ပိုင်း မတတ်နိုင်တော့ဘူး။ ဒါကြောင့် ရွှေအတုတွေကို သုံးလာကြတယ်”
ဆိုးပါတယ် … … …။
x                           x                           x
ရုံးအားလုံး လာဘ်စားတယ်။
မြန်မာပြည်မှာ မိုးလေ၀သဌာနလည်း လာဘ်စားတယ်။ လူငယ်တွေကို အကျင့်စာရိတ္တကောင်းအောင် သွန်သင်ပြသနေတဲ့ ဆရာဆရာမတွေလည်း လာဘ်စားတယ်။ သံဃာတွေအတွက် ဘာသာရေးကို ကြိုးပမ်းနေတဲ့ သာသနာရေးဦးစီးဌာနလည်း လာဘ်စားတယ်။
စစ်တက္ကသိုလ်မှာလည်း လာဘ်စားမှုတွေ အများကြီးပါပဲ။
ဒါတွေအားလုံးဟာ အသက်ရှင်ရပ်တည်ရေး Survival အတွက်ပါပဲ။ နောက် တဖြည်းဖြည်းနဲ့ အကျင့်ပါလာတယ်။ Mind Set ဖြစ်လာတယ်။ လူအများကတော့ ဒါကို သတိထားမိပေမဲ့ အကျိုးဆက်တွေကို သဘောမပေါက်ဘူး။ တကယ်တန်း ဒါတွေဟာ အာဏာရှင်တွေ တည်မြဲ စေဖို့ လမ်းစတွေပါပဲ။ ဆက်လက်ပြီး တိုင်းပြည်ပျက်တာ ဒီလို ဆောင်ရွက်ကြလို့ပါပဲ။
ဒီလို သီအိုရီတွေကိုပြောရင် မြန်မာလူမျိုးတွေက သိပ်မခံစားတတ်ကြဘူး။ အထူးသဖြင့် လူငယ်တွေဟာ ဒီလိုသီအိုရီတွေကို လေ့လာထားဖို့ မလိုဘူးလို့ ထင်နေကြတယ်။ ကျွန်တော်တို့ရဲ့ အကျင့်ပျက်နေတဲ့ စိတ်စွဲလန်းမှု mind set ကို ဖျောက်ဖျက်ဖို့ အင်မတန် ခက်ပါတယ်။
ဒါနဲ့ပဲ ဒီမိုကရေစီဂိမ်းမှာ အာဏာရှင်တွေက အနိုင်ရသွားတတ်တယ်။
ကျွန်တော်က တပိုင်းတစ သုံးသပ် တင်ပြထားတာပါ။ ဘယ်သူ့ကိုမှ အပြစ်တင်နေတာ မဟုတ်ပါဘူး။
x                           x                                     x
နိဂုံးချုပ်ရရင်တော့ ဂိမ်းတွေကို ကစားတဲ့အခါ တယောက်နဲ့ တယောက် ပွင့်လင်းမှုရှိမှ လိုအပ်တဲ့ အဖြေတွေကို ရရှိတယ်။ အနိုင်အရှုံး သိသာထင်ရှားတယ်။ ဥပမာ စစ်တုရင်ကစားပွဲ ဆိုပါတော့ တစ်ဖက် နဲ့တစ်ဖက် လှုပ်ရှားမှုတွေအားလုံးကို မြင်နေရတယ်။
 ပွင့်လင်းတယ်ဆိုရင် ကောင်းတယ်။ ဒါပေမဲ့ Dictator ကတော့ သူ့စည်းမျဉ်း သူဆွဲ ပွင့်ပွင့်လင်းလင်း မဲခိုးတာတွေမျိုးကျတော့ ကစားပွဲဟာ တဖက်စောင်းနင်း ဖြစ်လာတာပေါ့။
 သူတို့က  တဖက်အသင်းက ဘုရင်မကို ထုတ်ခိုင်းထားတာမျိုးတွေ လုပ်တော့တာပေါ့။  ဒါဟာ မတရားတဲ့ ကစားပွဲတွေပါ။ တစ်ဖက်က ဘုရင် Dictator  သေသွားရင် ဒါမှမဟုတ် မရှိရင် ပွဲပြီးသွားပြီ။ Game over ပေါ့။ ဘုရင် ဘာမှမလုပ်နိုင်ဘဲ ပိတ်နေရင်လည်း Game Over ဖြစ်သွားတာပါပဲ။
ဒါက စစ်တုရင်ပွဲ (Chess Game) သာ ပြောတာပါ။ ဂိမ်းအစစ်ကို ပြောတာမဟုတ်ဘူး။
ဂိမ်းသီအိုရီကတော့ နိုင်ငံရေး စီးပွားရေးတွေ အားလုံးမှာ အရေးပါတဲ့ ကဏ္ဍမှာ နေရာရ နေပါတယ်။
ကျွန်တော်တို့ရဲ့ ဂိမ်းတွေကိုလည်း ပညာရှင်များ ဆန်းစစ်ဖို့ လိုမယ် ထင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts