>Nyunt Htwe – Rangoon under the boots of regime

>

စက်တင်ဘာလ စစ်ဖိနပ်အောက်က ရန်ကုန်

ညွန့်ထွေး

စက်တင်ဘာ ၂၀၊ ၂၀၀၈

သိမ်ဖြူလမ်းမှာ လုံထိမ်းကား ၁၀ စီး လက်နက်အပြည့်အစုံနဲ့ ဖြတ်မောင်းသွားတယ်။ မြင်လိုက်ရတဲ့ မြို့ခံတွေက တဦးကို တဦး စိုးရိမ်ပူပန်တဲ့ မျက်လုံးချင်း ဆုံကြည့်ကြတယ်။ ဘာမှတော့ မပြောဖြစ်ကြဘူး။ သောကြာနေ့ ၃ နာရီ ခွဲ၊ ရဲသားများ တစီးလျင် ၂၀ ဦးခန့်။

ရန်ကုန် စက်တင်ဘာနေ့ရက်တွေမှာ အာဏာပိုင်တွေရဲ့ လက်နက်ကိုင်တွေ၊ လုံခြုံရေး ၀န်ထမ်းတွေ၊ သတင်းပေး အရပ်ဝတ်တွေ နေရာ အပြည့်ယူထားပြီး ဟိုမှ သည်မှ အရေးတကြီး ကူးသန်းပြနေတဲ့အတွက် သူတို့ကြောင့် ရန်ကုန်မြို့ကြီးက နေစရာ မရှိအောင် ထိတ်လန့်နေကြရတယ်လို့ ပရိသတ်က ပြောပါတယ်။

ယနေ့ စနေနေ့မှာတော့ လူသွားလူလာ ကျဲပါး ခြောက်ကပ်နေပြီး သိမ်ကြီးဈေး၊ ဗိုလ်ချုပ်အောင်ဆန်း ဈေးတို့မှာပါ ဈေးဝယ်တွေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရပါတယ်။

“ ငါတို့ကဖြင့် ဘာမှ မလုပ်ရဘဲနဲ့ သူတို့မှာ ဟန်ရေးပြနေလိုက်တာ။ ကြောက်နေရတာက ငါတို့လား၊ သူတို့လား …” လို့ လမ်းဘေးက ဘတ်စ်ကားစောင့်နေသူတယောက်က အဖော်ကို ပြောလိုက်ပါတယ်။

ည ၉ နာရီမှာ လူရော ကားပါ အသွားအလာ ခြောက်နေတဲ့ ရန်ကုန်မြို့မှာ အငှားကားသမားများကတော့ တော်တော်ကို အကြပ်ဆိုက်နေပါပြီ။ သူတို့အပြောက အဝေးပြေးဂိတ်တွေ၊ မော်တော်ဆိပ်တွေမှာပါ လူ မရှိတော့ဘူး။ အချိန်တိုင်း နေရာတိုင်းမှာလည်း လမ်းကို ပိတ်ပြီး စစ်ဆေး မေးမြန်းတဲ့ လုံခြုံရေးချထားတဲ့ လူအုပ်စုကြီးတွေကိုပဲ တွေ့ရနေတော့ ခရီးသည်တွေ မသွားကြတာလဲ မဆန်းပါဘူးလို့ သူတို့က မှတ်ချက်ပေးပါတယ်။

“နေအိမ်တွေမှာလည်း တအိမ်တက်ဆင်း ညဘက်ဆို ဧည့်စာရင်း စစ်ကြပြီ။ တစိမ်းတွေက အိမ်ထဲကို ၀င်လာပြီး လိုက်ရှာတာ၊ လိုက်ကြည့်တာတွေ လုပ်တယ်။ သူတို့တွေက လူတွေကို အဲသလို အိပ်ကောင်းခြင်း အိပ်မရအောင် နှောက်ယှက်စော်ကားနေရတာကို ကျေနပ်နေပုံပဲ။” လို့ ကျောင်းသားတဦးက ပြောပါတယ်။

လူငယ်ဖြစ်နေလို့၊ ကျောင်းသားဖြစ်နေလို့၊ ဘုန်းကြီးဖြစ်နေလို့၊ အတိုက်အခံတွေနဲ့ ပတ်သက်ပေါင်းသင်းနေလို့၊ မိသားစုထဲမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူ၊ တိမ်းရှောင်နေသူ ရှိနေလို့ စတဲ့ အကြောင်းတွေနဲ့ ပစ်မှတ်ထားခံရသူ မိသားစုများ အသိုင်းအ၀ိုင်းတွေမှာ အမှန်တရားဘက်က ရပ်တည်နေရဲတာအတွက် ကိုယ်ချင်းစာဖေးမသူတွေ ရှားလာသလိုပဲ လို့ ထောင်ကျနေသူ ဇနီးသည်အတွက် ရုန်းကန်နေရသူက ရင်ဖွင့်ထားပါတယ်။

“ လူတွေကို ခြောက်လှန့်ပြီး အသက်ရှင်သန်ခိုင်းထားတယ်။ ကောလာဟာလဆိုတာက သူတို့ဖက်က လွှင့်နေတာချည်းပဲ။ အဖျက်သမားတွေကို ပြည်ပက လွှတ်လိုက်တယ်။ အခု ဗုံးတွေကို ဖောက်မည့်သူတွေကို လိုက်ဖမ်းနေရတယ်။ ရပ်ကွက်ထဲမှာ အစိုးရကို မျက်စောင်းမထိုးနဲ့ အဲသည်လူကို အကြမ်းဖက်သမား၊ ဖောက်ခွဲရေးသမားဆိုပြီး အစိုးရလူတွေက လက်တို့ပြီး ဖမ်းမှာပဲ။ ဒါမျိုးတွေနဲ့ လူတွေကို ခြိမန်းခြောက်ထားတယ်။” လို့ သူက ပြောပါတယ်။

“ပျက်စီးနေတဲ့ အစိုးရစနစ်ကို မကြိုက်လို့ ဆန့်ကျင်လို့ အဖမ်းခံရတယ်။ အဲ အဖမ်းခံရတော့ သူတို့ရဲ့ ပျက်စီးနေတဲ့ စနစ်ရဲ့ လက်ဝေခံတွေက လမ်းကြောင်းဝင်ဖို့တို့၊ လာဘ်ပေးဖို့တို့ ကျနော်တို့လို လူမျိုးတွေကို လာပြီး စည်းရုံးတယ်။ ကျနော်တို့က သူတို့ကို အောက်ကျို့ရအုံးမယ် ဆိုရင် ကျနော်တို့က သူတို့စနစ်ကြီးကို အားပေးသူတွေ ဖြစ်ကုန်မှာပေါ့ …” ကလေးတွေအတွက် ထမင်းဘူးတွေကို ပြင်ဆင်ရင်း အလုပ်များနေတဲ့ ခင်ပွန်းက သူ့အမြင်ကို ပြောသွားပါတယ်။

စက်တင်ဘာလ ရန်ကုန်မြို့ကတော့ နေ့ရော ညပါ လိပ်ပြာများ အသက်ဝိဉာဏ်များ ကင်းမဲ့ချို့တဲ့လျက် ရှိနေပြီ။ မြို့တော်ခမ်းမ ၀န်းကျင်က စီစီတီဗီတွေ အောက်မှာ လူတွေက ငြိမ်ဝပ်ပိပြားစွာ အသက်ရှူနေကြသည်။ စစ်သားတွေကို မမြင်ကြရတော့ပေမယ့် ရဲတွေ၊ အရပ်ဝတ် အစိုးရ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေနှင့် သတင်းပေး အလိုတော်ရိများ၏ ချယ်လှယ်နေမှုတွေကို ရန်ကုန်က ပြည်သူတွေ မည်မျှကြာကြာ ခေါင်းငုံ့ခံနေမည်လဲ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts