>Letters from Michigan – 35

>

မစ်ရှီဂန်မှပေးသောစာ အမှတ်(၃၅)
အောင်ဝေး
နိုဝင်ဘာ ၄၊ ၂၀၁၀
“—နအဖ ညာခဲ့သည်။ နအဖ ညာနေသည်။ နအဖ ညာတော့မည်။ ဒါ ပြည်သူတိုင်း သိနေတာပဲ—”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ဒီတစ်ခါတော့ ကျနော်တို့ ညီတော် နောင်တော်တွေထဲက ညီငယ်တစ်ယောက် ဖြစ်တဲ့ ကဗျာဆရာဝေမှူးသွင်၊ နအဖ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျောခိုင်းသွားပြီ ဆိုတဲ့ မင်္ဂလာသတင်းနဲ့ ပဲ စလိုက်ရအောင်ဗျာ။ ဒီသတင်းဟာ ကျနော့်အတွက်တော့ သိပ်ကို မင်္ဂလာရှိတာပေါ့ ကိုဒေါင်းရာ။

ကျနော်တို့ ကဗျာဆရာတွေ စုစည်းရာ ၃၃လမ်းဟာ လမ်းတိုကလေးပါ။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ ဒုက္ခကတော့ ရှည်လျားလှတာပဲ မဟုတ်လား။ ဒီလို ဒုက္ခတောထဲကပဲ တစ်ယောက်ကို တစ်ယောက် ဘဝပေး ပေါင်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေဆိုရင်လည်း မမှားဘူးပေါ့ဗျာ။

အဲဒီလိုသေချင်းပေါင်း၊ ရှင်ချင်းပေါင်းတွေ ဖြစ်နေလေတော့၊ အခု ဘယ်လိုက ဘယ်လို ဖြစ်ပြီး၊ ဆရာလေး ဝေမှူးသွင်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ အခါ၊ တကယ်ပါ ကိုဒေါင်း ကျနော်အမှန်ပဲ စိတ်မကောင်း ဖြစ်ခဲ့မိတယ်။

ဒေါ်အောင်ဆန်းစုကြည် တွင်တွင် သတိပေးနေတဲ့ ကြားထဲက၊ NLD က ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မစဉ်းစားဘူးလို့ ပြတ်ပြတ်သားသား ကြေညာလိုက်တဲ့ ကြားက၊ ဘယ်လိုက ဘယ်လို ကိုယ်ချစ်တဲ့ ကဗျာဆရာတစ်ယောက်က ပါတီထောင်၊ ရွေးကောက်ပွဲဝင်မယ်လို့ အရူး အမူး ထအော်ရတာလဲပေါ့၊ ကျနော် စိတ်ထဲလည်း ဆိုးခဲ့မိပါရဲ့ ကိုဒေါင်းရေ။

ကဗျာဆရာတွေ ဆိုတာ စာပေနဲ့ အနုပညာ လွတ်လပ်ခွင့် အတွက် တစ်သက်လုံး တိုက်ပွဲဝင်ခဲ့တဲ့ သူတွေ။ လွတ်လပ်ခြင်း၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဆိုတာ ကဗျာဆရာတွေရဲ့ ဘာသာစကား။ ကဗျာဆရာမှ မဟုတ်ပါဘူး။ ဘယ်စာပေနဲ့ အနုပညာရှင်မဆို ဒီသဘော ရှိတာပါပဲ။ ဒါ ထားတော့။

ပြီးတော့ တစ်ခါ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက ကျနော်တို့ ကဗျာဆရာတွေ တပ်ဦးကနေ ဘယ်လို တိုက်ပွဲဝင်ခဲ့တယ် ဆိုတာ ပြန်မစဉ်းစားတော့ ဘူးလား၊ ပြန်သတိမရတော့ ဘူးလား။ အင်း-ဒီလိုဆိုတော့လည်း ကျနော်တို့ ညီငယ် ဆရာလေး ဝေမှူးသွင်က၊ ရှစ်ဆယ့်ရှစ်တုန်းက ခမျာ အတော်လေး ငယ်ရှာဦးမှာ ဆိုတော့၊ ဒါ ခွင့်လွှတ်မယ် ဆိုရင် ခွင့်လွှတ်နိုင်စရာ ရှိသေးတာပေါ့ဗျာ။

ခွင့်မလွတ်နိုင်စရာကတော့ ညိုထွန်းပဲဗျ ကိုဒေါင်း။ ညိုထွန်းကတော့ တကယ့်ကို ခွင့်မလွှတ်ချင်စရာပဲ။ သူကကြော်ငြာနဲ့ ဗွီဒီယိုဒါရိုက်တာ သျှိုညိုထွန်းသိန်း တစ်ဖြစ်လဲ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ညိုထွန်းပဲ ပေါ့ဗျာ။ ညိုထွန်းက စာရေးဆရာ၊ ကဗျာဆရာတော့ မဟုတ်ပေမဲ့ ကျနော်တို့ အနုပညာသမား အချင်းချင်း အတူတူပေါ့ဗျာ။ ကျန်တဲ့ ကိုဖြိုးမင်းသိန်းတို့ ရှစ်ဆယ့်ရှစ် ကျောင်းသားတွေတော့ ကျနော် မပြောပါဘူး။ ညိုထွန်းကတော့ အနုပညာလောကထဲ ရောက်လာတဲ့ သူမိုလို့၊ အနုပညာသမား အချင်းချင်း ပြောတယ် လို့ပဲ မှတ်ပါ။

ကိုဒေါင်းရာ၊ ဝေမှူးသွင်က ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးတုန်းက ချာတိတ်ကလေးပဲ ရှိသေးလို့ ထားပါတော့၊ ညိုထွန်းက ရှစ်ဆယ့်ရှစ်တုန်းက ထိတ်ထိတ်ကြဲ ကျောင်းသားခေါင်းဆောင်ဗျ။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မိုးသီးဇွန်တို့နဲ့ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ခွပ်ဒေါင်းညီနောင်ထဲက တစ်ယောက်ဗျ။

သူလိုလူမျိုးက ပါတီတစ်ခုထဲ လူကြီး တက်လုပ်ပြီး၊ ရွေးကောက်ပွဲဝင်ဖို့ တာစူနေတယ် ဆိုတဲ့ သတင်း ကြားစက၊ ကျနော် အတော့်ကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်သွားမိတယ်။ ပြီးတော့ မြန်မာပြည် အစွန်အဖျားက အကျဉ်းထောင် အသီးသီးထဲ ရောက်နေတဲ့ ကိုမင်းကိုနိုင်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများအဖွဲ့က ကျောင်းသားခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ မျက်နှာကိုလည်း ကျနော် ပြေးမြင်ခဲ့မိတယ်။

ကိုဒေါင်းကြီး၊ ကျနော်က စာပေသမား၊ အနုပညာသမား ရွေးကောက်ပွဲ မဝင်ရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ဝင်လို့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်တို့၊ ဆရာဗန်းမော်ညိုနွဲ့တို့ NLDကနေ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရခဲ့ကြတာပါပဲ။ ကျနော်ဆိုလိုတာက စာပေနဲ့ အနုပညာသမား ရွေးကောက်ပွဲ မဝင်ရလို့ ပိတ်ပင်တားမြစ်တာ မဟုတ်ပါဘူး။ ကျနော်ပြောချင်တာက ရွေးကောက်ပွဲရဲ့ အခင်းအကျင်းနဲ့ လားရာကို သတိထားမိဖို့ ပါ။ ရွေးကောက်ပွဲရဲ့ အတိမ် အနက်ကို ခန့်မှန်းကြည့်ဖို့ ပါ။

၉ဝ ရွေးကောက်ပွဲ ဆိုတာက ရှစ်လေးလုံး လူထု အုံကြွမှုကြီးရဲ့ မသေသေးတဲ့ အရှိန်အဟုန်နဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို အပြီးအပြတ် မြေမြှုပ်ပစ်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ဆိုတဲ့ လားရာနဲ့ ဝင်ခဲ့ကြ၊ ပြိုင်ခဲ့ကြတာပဲ။ NLD မှ မဟုတ်ဘူး၊ တခြား တိုးတက်တဲ့ တိုင်းရင်းသား ပါတီတွေလည်း ဒီဦးတည်ချက်နဲ့ပဲ ကိုဒေါင်း။

ဒါကြောင့်လည်း ဆရာကြီး မင်းသုဝဏ် တို့လို၊ ဆရာ ဗန်းမော်ညိုနွဲ့တို့လို အင်မတန် ရိုးသား အေးချမ်းတဲ့ သက်ကြီးဝါကြီး ကဗျာဆရာတွေ ကိုယ်တိုင် ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြတာပါ။

ဟုတ်ပြီ ကိုဒေါင်း။ ဒီလို လူကြည်ညို နတ်ကြည်ညို၊ တိုင်းပြည်က ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ အများအပြားပါဝင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တာကိုတောင် အာဏာ လွှဲမပေးဘဲ နှစ်ပေါင်း (၂ဝ)ကြာအောင် တိုင်းပြည်နဲ့ ကမ္ဘာကြီးကို လိမ်ညာနေတဲ့ စစ်အုပ်စုက ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့ လားရာနဲ့ အတိမ်အနက်ကိုတော့ လူတွေမပြောနဲ့ ကိုဒေါင်း၊ တိရစ္ဆာန်တွေတောင် လွယ်လွယ်နဲ့ ခန့်မှန်းလို့ ရပါတယ်ဗျာ။

နအဖ ညာခဲ့သည်။ နအဖ ညာနေသည်။ နအဖ ညာတော့မည်။ ဒါ ပြည်သူတိုင်း သိနေတာပဲဗျာ။ ဒီတော့ဗျာ၊ နအဖ မုသာဝါဒ သတ်ကွင်းထဲ ဝင်သွားတဲ့ ဝေမှူးသွင်တို့၊ ညိုထွန်းတို့ကို အနုပညာသမားချင်း ဆိုတော့ ကျနော် ကရုဏာဒေါသောနဲ့ ကောင်းကောင်းကြီး ဆဲခဲ့မိတာပေါ့ဗျာ။

ခုတော့ ကျနော် သူတို့ကို ခွင့်လွှတ်နိုင်ပါပြီ။ ညိုထွန်းလည်း နအဖရဲ့ ၂ဝ၁ဝ အတုအယောင် ရွေးကောက်ပွဲကနေ ကျောခိုင်း ထွက်ခွာသွားပါပြီ။ ဝေမှူးသွင်တို့၊ ညိုထွန်းတို့ ဆိုတာက စာပေနဲ့ အနုပညာလောကကို တစ်စုံတစ်ရာ ကိုယ်စားပြုနေတဲ့ သူတွေပဲ မဟုတ်လား ကိုဒေါင်း။
အားလုံးကို လေးစားလျက်-

အောင်ဝေး
စက်တင်ဘာ၁၅-၂ဝ၁ဝ

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts