>NLD drops longtime tourism boycott


>

ကမ္ဘာလှည့် ခရီးသည်များကို NLD ဖိတ်ခေါ်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၈
နိုဝင်ဘာ ၄၊ ၂၀၁၀အင်္ဂါနေ့က ရန်ကုန်မြို့လယ်တွင် ပိုက်ကျော်ခြင်း ခတ်နေသူများ (photo: Reuters)


ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်ကို သပိတ်မှောက်ကြရန် NLD က ဆက်လက် တိုက်တွန်းတော့မည်မဟုတ်ဟု လန်ဒန်အခြေစိုက် The Times သတင်းစာက ယနေ့ ရေးလိုက်သည်။

NLD ခေါင်းဆောင် ဦးဝင်းတင်က ရန်ကုန်တွင် ရောက်နေသော The Times သတင်းထောက်နှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကမ္ဘာ့ အကြမ်းတမ်း၊ အဆိုးဝါးဆုံးသော စစ်အာဏာရှင်တို့၏ အုပ်ချုပ်မှု အောက်တွင် ပြည်သူလူထု မည်သို့ ခံစားနေရသည်ကို တွေ့မြင်ရန် နိုင်ငံခြာသားများ မြန်မာပြည်သို့ လည်ပတ်သင့်ကြောင်း” ဦးဝင်းတင်က ပြောသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အခြေအနေကို ကိုယ်တိုင် တွေ့မြင်ပါက မြန်မာ့အရေးကို ကူညီနိုင်မည်ဟု ယူဆကြောင်း၊ မြန်မာပြည်သို့ လာရောက်လည်ပတ်ခြင်း မပြုရန် တားမြစ်နိုင်မည် မဟုတ်ဟု သူနှင့် NLD ခေါင်းဆောင် ဦးတင်ဦးတို့ မကြာသေးမီက ဆွေးနွေး သုံးသပ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

ခရီးသည်များ မြန်မာပြည်ကို သပိတ်မှောက်ရေး လှုံ့ဆော်မှုမှာ ၁၉၉၆ မြန်မာ့ခရီးသွားနှစ်တွင် အစပြုခဲ့သည်။

စစ်အစိုးရနှင့် ၎င်းတို့နှင့် နီးစပ်သူများသာ အကျိုးရှိစေမည်ဖြစ်သောကြောင့် ထိုသို့ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကမ္ဘာလှည့် ခရီးသည်များ မြန်မာပြည်ကို သပိတ်မှောက်ခြင်းဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရန် တိုက်တွန်းခဲ့သည်။

NLD က ထိုသို့ မူဝါဒ ပြောင်းလိုက်ခြင်းကို ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် သဘောတူမည်ဟု ယူဆကြောင်း ဦးဝင်းတင်၏ ပြောကြားချက်ကိုလည်း The Times သတင်းစာတွင် တွေ့ရသည်။

၂၀၀၈ ခုနှစ်က မြန်မာပြည်သို့ ပြည်ပခရီးသည် ၂ သိန်းရောက် ရောက်ရှိခဲ့သည်။ ထိုနှစ်က မြန်မာပြည်တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ ရသည့် ၀င်ငွေမှာ ဒေါ်လာ ၁၆၅ သန်းခန့် ရှိသည်ဟု သိရသည်။

ဤအတောအတွင်း ဗိုလ်ချုပ်ကြီးတို့က နိုင်ငံခြားသားများ မြန်မာပြည်သို့ ၀င်ရောက်ခြင်းကို ကန့်သတ်နေသည်။ NGO များတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား ၀န်ထမ်းအများအပြားကိုလည်း မြန်မာပြည်တွင် ဆက်လက် နေထိုင်နိုင်ခြင်း မရှိစေရန် ဆောင်ရွက်နေသည်။

ထိုသို့ ဆောင်ရွက်ခြင်းမှာ တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ပြုလုပ်ပုံကို နိုင်ငံခြားသားများ မမြင်တွေ့စေရေး ဖြစ်သည်ဟု အများက ယူဆကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts