>a young man creates the first pangram in Burmese

>

စင်္ကာပူရောက် လူငယ် ဉာဏ်ကြီးရှင် မြန်မာပန်ဂရမ် တီထွင်
မိုးမခအထောက်တော် အမှတ် ၀၀၈
အောက်တိုဘာ ၂၇၊ ၂၀၁၀‘က’ မှ ‘အ’ အထိ အက္ခရာစုံ ပါဝင်သော ၀ါကျတိုကို ပထမဆုံး ဖန်တီးသူ ကိုမောင်မောင်ဆန်း (photo: facebook)


လူငယ် တဦးက မြန်မာအက္ခရာ ၃၃ ခု စလုံး ပါဝင်သည့် ၀ါကျတိုတခုကို တီထွင်လိုက်ကြောင်း တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

တီထွင်သူမှာ စင်္ကာပူတွင် ရောက်ရှိနေသော ကိုမောင်မောင်ဆန်း ဖြစ်သည်။ ဒီဇင်ဘာလက myanmaritpro.com တွင် ဖိတ်ခေါ်ထားသော အက္ခရာ အားလုံး ပါဝင်သည့် ၀ါကျတို ပြိုင်ပွဲ ကြော်ငြာကို တွေ့ပြီး ၀ါကျတိုများ တီထွင်ခဲ့ကြောင်း၊ နောက်ဆုံးတွင် “သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်” ဟူသော ၀ါကျကို ရေးသား၊ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂျာနယ်တွင် ရေးထားသည်။

ကွန်ပျူတာ၊ လက်နှိပ်စက် စာစီစာရိုက် လေ့ကျင့်ခြင်း၊ စာလုံးပုံစံ (font) စမ်းသပ်ခြင်းတို့တွင် အလွန် အသုံးဝင်သော ထိုဝါကျမျိုးကို အင်္ဂလိပ်ဘာသာဖြင့် pangram (ပန်ဂရမ်) ဟု ခေါ်သည်။

The quick brown fox jumps over the lazy dog သည် အင်္ဂလိပ် အက္ခရာ ၂၆ ခုစလုံး ပါဝင်သော အထင်ရှားဆုံး ပန်ဂရမ်မှာ ဖြစ်သည်။ ၁၉ ရာစုတွင် ပေါ်ပေါက်ခဲ့သည်။

o ၄ လုံး၊ e ၃ လုံး၊ h, r, t, u ၂ လုံးစီ ပါဝင်နေသဖြင့် ထို ပန်ဂရမ်မှာလည်း လုံးဝ ပြည့်စုံခြင်း မရှိပေ။

Pack my box with five dozen liquor jugs.
Waltz, bad nymph, for quick jigs vex. ဟူသော ပန်ဂရမ်များသည်လည်း အက္ခရာများ ထပ်နေသည်။

ထိုကြောင့် ၀ါကျတိုသော၊ ဟဒယရွှင်သော၊ “ခွေးငပျင်းပေါ် ခပ်လျင်လျင် မြေခွေးငညို ခုန်ကျော်သည်” ဟူသော ပန်ဂရမ်ကို အသုံးများကြသည်။

http://en.wikipedia.org/wiki/List_of_pangrams ၀ီကီ ၀က်ဆိုက်တွင် နိုင်ငံစုံမှ ပန်ဂရမ်များကို တွေ့နိုင်သည်။ မြန်မာယူနီကုဒ် အခက်အခဲကြောင့် ၀ီကီတွင် မြန်မာပန်ဂရမ်ကို မထည့်သွင်းနိုင်သေးပေ။

မြန်မာဘာသာဖြင့် ပန်ဂရန် ဖန်တီးမှုမှာ အင်္ဂလိပ် ဘာသာထက် အခက်အခဲများ ပိုတွေ့ရသည်။ မြန်မာစာတွင် အက္ခရာများအပြင် လုံးကြီးတင်၊ သေးသေးတင်၊ ၀စ္စနှစ်လုံးပေါက်၊ ယပင့်၊ ရရစ်၊ ၀ဆွဲ၊ ဟထိုး၊ အသတ် စသည်တို့လည်း ပါရှိသောကြောင့် ဖြစ်သည်။

ဝါကျရှည်ခြင်း၊ ရွတ်ဖတ်ရ ခက်ခဲခြင်းတို့ကြောင့် အကြိမ်ကြိမ် ပြုပြင်ခဲ့သည်ဟု ဆိုသော ကိုမောင်မောင်ဆန်း၏ မြန်မာ ပန်ဂရန်များကို အလင်းတန်းတွင် အောက်ပါအတိုင်း တွေ့ရသည်။

၁။ ဗိုလ်ဆံတောက်နဲ့ ဂဠုန်ဟာ အာယုဝဍ္ဎနဋီကာကို သဘောပေါက်စေဖို့ ဌာနေဇနပုဒ်က ဓနိတောထဲ ဈာန်ဝင်စားခဲ့ရမည်။
၂။ ဂဠုန်ဟာ အာယုဝဍ္ဎနဋီကာကို ဂဃနဏ သဘောပေါက်စေဖို့ ဌာနေဇနပုဒ် ဓနိတောထဲမှာ ဈာန်ဝင်စားရင်း ဗိုလ်ဆံတောက် ညှပ်ခဲ့။
၃။ ဂဠုန်ဆရာစံဟာ အာယုဝဍ္ဎနဋီကာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက်မှာ အဓိဋ္ဌာန်၍ ဂဃနဏ ဖတ်ခဲ့သည်။
၎။ ဂဠုန်ဟာ ထီပေါက်စဉ်ကို အာယုဝဍ္ဎန ဆေးညွှန်းမှတ်ပြီး ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်ရင်း ဂဃနဏ ဖတ်ခဲ့သည်။
၅။ သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts