>Zay Hmine – Tribute to Thakhin Ohh Myint

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

သူ သို့မဟုတ် …
ဇေမှိုင်း
စက်တင်ဘာ ၁၉ ၊ ၂၀၁၀
                  သူ့ကို ကျနော်တို့ မိသားစုက အန်ကယ်ကြီးဟု ခေါ်ကြသည်၊၊ ထိုအန်ကယ်ကြီး နံမယ်နှင့် မလိုက်အောင်ပင် သူ့ သွားလာလှုပ်ရှားမှုများက သွက်လက်လွန်းလှသည်၊၊ လစဉ် တွေ့ဆုံဆွေး နွေးမှုများတွင် သူက အလွန် စိတ်အားထက်သန်သည်ကို တွေ့ရသည်၊၊
အဖိုးဂူဗိမာန်ကိစ္စနှင့် ပါတ်သက်၍ သူနှင့် အန်ကယ်ဦးကျော်မင်းတို့ မကြာခန စကားပြောကြ သည်၊၊ သူက အလွန်တက်ကြွလွန်းနေသည် ထင့်၊၊ အဖိုးဂူဗိမာန်စောင့်ရှောက်ရေး ကိစ္စတွေမှာ သူမရှိသည့်အတွက်၊ အန်ကယ်ဦးထွန်းတင် မရှိသည့်အတွက်၊ အဘသခင်ခင်အောင် မရှိသည့်အတွက် “တော်တော်” မရှိသည့်အတွက် အခက်အခဲ အများကြီး ကြုံခဲ့ရဖူးသည်၊၊ မှိုင်း ဂူ စောင့်ရှောက်ရေး အတွက် သူတို့၏ အစီအမံ အများကြီး လိုအပ်သည်၊၊ ခေါင်းခဲကြရသည်မှာ ယော မိသားစု (ဆရာဇေယျ မိသားစု နှင့် ဂူဗိမာန် စောင့်ရှောက်ရေး ကော်မီတီ မိသားစုများ)။
အမှတ်တရ ပြောစရာတွေက အများကြီးရှိသည်ပင်။ သို့သော် ယခုအချိန်မှ ပြောနေ၍ သိပ်မထူးလှတော့ဟု ကျနော်ထင်သည်၊၊
အင်္ကျီအဖြူ လက်ရှည်၊ ဂျင်းဘောင်ဘီ အပြာနှင့် လွယ်အိတ်အိတ်ကြီး တလုံးကို လွယ်ထားသည့် ပိန်သေးသေး တရုတ်ကပြားကြီး တယောက် ဗမာပြည် ဥဒဟို သွားလာနေသည်ကို အများ တွေ့မြင်နိုင်ကြပါလိမ့်မည်၊၊ ဖျင်ကြမ်းတိုက်ပုံ၊ ပုဆိုးနှင့် သူ့ကို မြင်ရ ခဲ ပါသည်၊၊ တော်တော်နှင့် တွေ့လျှင် တော်တော်က “ဂျင်းဘောင်းဘီဝတ်သခင်” ဟု နောက်တတ်ပါသည်၊၊ တို့ဗမာအစည်းအရုံး အမှတ်တရနေ့များတွင် သူ့ကို ဝတ်လုံတော်ရကြီး သခင်လှကျော်နှင့် ယှဉ်တွဲ၍ တွေ့ရတတ်ပါသည်၊၊ တိုက်ပုံ အကြမ်းသားနှင့်၊၊
၉ဝ ကျော်ဝန်းကျင် ထောင်မှလွတ်ခါစ … အဖိုးဂူဗိမာန်ကိစ္စ ဆွေးနွေးရန် လစဉ်အစည်းအဝေးသို့ သူရောက်လာခဲ့သည်၊၊ ဂူဗိမာန် ပြုပြင်ရန်ကိစ္စများ သူ ဆွေးနွေးသွားခဲ့သည်၊၊ သို့သော် ထိုအချိန်က ကော်မတီဝင်များ လူမစုံ။ ကျနော်က မိသားစုကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်မို့ အမှတ်ရနေသေးသည်၊၊
အဖေအောင်( ဦးတင်အောင်မှိုင်း)၊ ဦးစောလွင်( ဗမာအမျိုးသမီး ပုံနှိပ်တိုက်)၊ ဦးစိုးမင်း( ဗလစ) တို့တတွေ ဆုံမိကြသည်၊၊ ကျနော်က ဆေးပေးမီးယူ၊ ပြီးတော့ သိချင်သည်များကို မေး၍ သူတို့ပြောသည်များကို နားထောင်၍ …
မှတ်မှတ်ရရ ပြောလိုသည်များ ရှိပါသည်၊၊ ဥပမာ အဖိုးနှင့်ပါတ်သက်၍ လုပ်ကိုင်စရာရှိသည်များ၊ အဖိုး ဂူနှင့်ပါတ်သက်၍ ဆက်လက် ဆောင်ရွက်စရာရှိသည်များ၊ အမှတ် ၅၊ ချမ်းသာလမ်း နေအိမ်အပေါ် ထားရှိကြရမည့် ဝတ္တရားများ အစရှိသဖြင့် သူ အများကြီး ပြောဆိုဆွေးနွေး ခဲ့ပါသည်၊၊ ထိုဆွေးနွေးချက်များအပေါ် အားလုံးက လက်ခံခဲ့ကြပါသည်။
မှိုင်း မိသားစုဝင် တဦးအနေဖြင့်၊  ဂူဗိမာန် စောင့်ရှောက်ရေး မိသားစုကိုယ်စားလှယ် အဖြစ်၊ သူ သို့မဟုတ် ဂျာနယ်ကျော် ဦးချစ်မောင်၏ ရဲဘော်ဖြစ်ခဲ့သူ၊ အဖိုး၏ လုပ်ဖေါ်ကိုင်ဖက်တဦး ဖြစ်ခဲ့သူ၊ သတင်းစာ ဆရာကြီးတဦး ဖြစ်ခဲ့သူ၊ အန်ကယ်ကြီး သို့မဟုတ် အဘ ဦးအုန်းမြင့် ကွယ်လွန် အနိစ္စ ရောက်သည့်အတွက် ရဲဘော်အားလုံးနှင့် ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းရပါကြောင်း …

(ချိုစိမ့် ခေါ် ဇေမှိုင်း )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts