သန်းဝင်းလှိုင်

Than Win Hlaing – Articles

လူ့ငယ်ဂုဏ်ရည် မြင့်တက်စေဖို့ – အပိုင်း (၅)
သန်းဝင်းလှိုင်
မေ ၁၆၊ ၂၀၁၃


● အတတ်ပညာ
လူငယ်တို့ရေ
ယခုခေတ်ဟာ သိစရာ တတ်စရာတွေ များလှတယ်။ ဝိဇ္ဇာပညာလည်း ဝိဇ္ဇာပညာအလျောက်၊ သိပ္ပံနဲ့ နည်းပညာ လည်း သိပ္ပံပညာအလျောက် ထွေပြားတယ်။ လူတို့ရဲ့ သက်တမ်းနဲ့ နှိုင်းစာရင် သင်ယူဆည်းပူးစရာ တတ်သိပညာတွေ လွန်စွာ များလွန်းလှတယ် ခေါ်ရမှာပဲ။ အလုံးစုံသော ပညာရပ်ကို မဆိုထားဘိ တစ်ခုသောပညာရပ်ကိုပင် တစ်ဖက် ကမ်းခပ် သင်ကြားတတ်မြောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုခေတ်ဟာ ဘွဲ့လေးတစ်ခုရရုံ၊ ဒီဂရီကလေး တစ်ခုရရုံနဲ့ အလုပ်ရနိုင်တာ မဟုတ်ဘူး။ လက်တွေ့အသုံးချနိုင်မယ့် အသက်မွေးဝမ်းကျောင်းဖြစ်ပေမဲ့ ပညာရပ်တစ်ခုခု ကို တစ်ဖက်လူနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိရန် ထွန်းထွန်းပေါက်ပေါက် တတ်မြောက်အောင် ကြိုးစားသင်ကြားထားဖို့ လိုတယ်။
အသက်မွေးဝမ်းကျောင်းပညာ ဆိုတာ အသိပညာလည်း ဖြစ်နိုင်သလို အတတ်ပညာလည်း ဖြစ်နိုင်တယ်။ တစ်နည်းပြောရရင် ဝိဇ္ဇာ၊ သိပ္ပံ ဘယ်ပညာရပ်မဆို ဖြစ်နိုင်တယ်။ ယခုခေတ်ဟာ ဝိဇ္ဇာပညာရပ်ထက် သိပ္ပံပညာရပ်က လူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကိုပိုပြီး အထောက်အကူ ပြုနိုင်ခြေရှိတယ်။
ရှေးခေတ်က  တတ်သင့်တတ်အပ်တဲ့ပညာ  ဟူ၍ အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါး သတ်မှတ်ထားတယ်။ ဆရာဦးသုခ ပြုစုတဲ့ သုခမှတ်စုစာမျက်နှာ ၂၅၇ မှာ ဖော်ပြထားတဲ့ အဋ္ဌာရသ (၁၈) ပါး ဆိုတာတွေကတော့-
(၁) သုတ = အကြားအမြင်အတတ်၊
(၂) သမ္မုတိ = ဓမ္မသတ်အတတ်၊
(၃) သင်္ချာ = အရေအတွက်ဂဏန်းအတတ်၊
(၄) ယောဂါ = တံစည်း စူးဆောက်အတတ်၊
(၅) နီတိ = အကျင့်တရားကို ပြသဆုံးမသော နီတိအတတ်၊
(၆) ဝိသေသကာ = ယာယီယတြာ စသော ဗျာက ရုဏ်း အတတ်၊
(၇) ဂန္ဓဗ္မာ = စောင်းငြင်းစသော ကဗျာလင်္ကာအတတ်၊
(၈) ဂဏိကာ = လက်ဆစ်ချိုး၍ ရေတွက်သော အတတ်၊
(၉) ဓနုဘေဒါ = ဒူးလေးအတတ်၊
(၁ဝ) ပုရာဏာ = စကားဟောင်းအတတ် (ပေါရာဏ)၊
(၁၁) တိကိစ္ဆက = ဆေးအတတ်၊
(၁၂) ဣတိဟာသ = ရယ်ရွှင်ဖွယ်အတတ်၊
(၁၃) ဇောတိ = ဗေဒင်အတတ်၊
(၁၄) မာယာ = လှည့်ပတ်မှုအတတ်၊
(၁၅) ဆန္ဒတိ = ဆန်းကျမ်းအတတ်၊
(၁၆) ကေတု = သံတမန်အတတ်၊
(၁၇) မန္တာ = မန္တာန်အတတ်၊
(၁၈) သဒ္ဒါ = သဒ္ဒါကျမ်းအတတ်၊
စတာတွေပဲ ဖြစ်တယ်။
အဲဒီပညာရပ်အားလုံးကို ယောက်ျားမိန်းမ ဟူသမျှတို့ ဘယ်ခေတ်၊ ဘယ်ကာလမဆို တတ်လျှင် ကောင်းတာပဲ ဖြစ်တယ်ကွဲ့။ အကြားအမြင်အတတ်၊ အရေအတွက်နဲ့ဆိုင်တဲ့ ဂဏန်းသင်္ချာအတတ်၊ နီတိကျမ်းအတတ်၊ ယာယီယတြာ စတဲ့ ဗျာကရိုဏ်းအတတ်၊ စောင်းငြင်းကဗျာလင်္ကာအတတ်၊ လက်ဆစ်ချိုး၍ ရေတွက်သောအတတ်၊ စကားဟောင်း အတတ်၊ ဆေးအတတ်၊ ရယ်ရွှင်ဖွယ်အတတ်၊ သံတမန်အတတ်တွေကို မိန်းမများဟာ အဖျင်းဆုံးအားဖြင့် တတ်အပ် တယ်။ လှည့်ပတ်တတ်သော အတတ်ကို အထူးသင်ဖွယ်ရာလိုသေးလျှင် ထိုအတတ်ကိုပါ သင်သင့်တာပေါ့။ ဒါပေမယ့် လိုမယ်မထင်ဘူး။ နဂိုရှိပြီးသား ‘မာယာ’တွေကပင် များလှပါပြီ။
လောကသာရပျို့မှာ ‘’သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို မှတ်သားသတိ၊ ပညာရှိတို့ တတ်သိအပ်စွာ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုံလည်း၊ တစ်စုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားလော့’’ဟု ဆိုထားတယ်။ ဒါ့ကြောင့် အကုန်မတတ်ရင်တောင်မှ တစ်စုံတစ်ခုကို တတ်အောင် ပညာသင်အပ်တယ်။ များများတတ်လေ ကောင်းလေလေပါပဲ။
အဲဒီအတတ် (၁၈) ပါးကို သေချာစွာလေ့လာကြည့်လျှင် လူဟာ အကြားအမြင်များရမယ် (သုတိ)၊ လူဟာ ရေတွက်ရမယ် (သင်္ချာနှင့် ဂဏိကာ)၊ ဆောက်လုပ်တတ်ရမယ် (ယောဂါ)၊ ကောင်းမွန်စွာ ကျင့်ကြံနေထိုင် သက်မွေးတတ် ရမယ် (နီတိ)၊ နောက်ကြောင်း အထောက်အထားနဲ့ ဆိုတတ် ပြောတတ်ရမယ် (ပုရာဏာ)၊ အချင်းချင်း မှုခင်းတစ်စုံ တစ်ရာဖြစ်တယ် တရားနဲ့အညီ ဆုံးဖြတ်တတ်ရမယ် (သမ္မုတိ)၊ စိတ်ကူးဥာဏ် အဆန်းတကြယ် ကစားရန်၊ ဒါမှမဟုတ် ကိုယ်လိုရာအတိုင်း လူတို့လိုက်နာကျင့်ဆောင်ရန် စာစီစာကုံးကောင်းစွာ ဖွဲ့နွဲ့တတ်ရမယ် (သဒ္ဒါ၊ ဆန္ဒာတိ)၊ စိတ်လက်ရွှင်ပျ နုပျိုနေအောင် ဖျော်ဖြေပြောဆိုလုပ်ကိုင် တတ်ရမယ် (ဣတိဟာသ)၊ ယဉ်ကျေးနူးညံ့သောစိတ်၊ ရွှင်လန်း ပျိုနေသော သတ္တိရှိအောင် ဖျော်ဖြေတီးမှုတ်တတ်ရမယ် (ဂန္ဓဗ္မာ)၊ ရောဂါဘယ မနှိပ်စက်အောင် ကာကွယ်ရန်၊ ဘယ်ဆေးဝါးနဲ့ ဖြိုနှိမ်ကုစားတတ်ရမယ် (တိကိစ္ဆာ)၊ ဥာဏ်ဖြင့် မမြင်ရာသော အနာဂတ်ကိုမြင်ရန် တွက်ချက်တတ်ရမယ် (ဇောတိ)၊ လောလောဆယ်ဖြစ်ပျက်တတ်သော အစီးအနင်း၊ အဖျက်အဆီးနဲ့ အခက်အခဲတွေကို နောင်ဖြစ်လတ္တံ့သော အဖျက်ဆီးများကို ပညာနဲ့ စီရင် ဖယ်ရှားဖြိုခွင်းတတ်ရမယ် (ဝိသေသကာ)၊ ကိုယ်မလိုရာကို ဖယ်ရှားပြီး လိုရာကို မန်းမှုတ် ကာ မျှနဲ့ ဖြစ်စေတတ်ရမယ် (မန္တာ)၊ အကြောင်းကိစ္စ တစ်စုံတစ်ခုဖြစ်လို့ မိမိအား အကျိုးယုတ်စေမဲ့ အခြေအနေရှိတယ် ဒါမှမဟုတ် မိမိအား အကျိုးဖြစ်ထွန်းစေမဲ့ကိစ္စတစ်ခု ဖြစ်စေလိုသော်လည်း မဖြစ်နိုင်ရှိနေပါက ကိုယ်လိုရာကိုရောက်အောင် လှည့်ပတ်ပြောဆိုပြုလုပ်တတ်ရမယ် (မာယာ)၊ ကိုယ်ဖြစ်စေလိုသောကိစ္စကို ဖြစ်ရန်၊ မဖြစ်စေလိုသောကိစ္စကို ဖျောက်ရန်၊ အခြားသူတို့အားဖြစ်စေ၊ အခြားနိုင်ငံ တိုင်းခြားတို့အားဖြစ်စေ သွားရောက်၍ ပြေပြစ်ကျစ်လျစ်စွာ ကိုယ်လိုရာကို ဆွဲငင် ပြောဆို ဆက်ဆံတတ်ရမယ် (ကေတု)၊ မိမိအား ထိပါးလာသော ရန်သူဟူသမျှကို ချဉ်းနင်း ဖြိုဖျက်နိုင်ရန် အပစ်အခတ် အတိုက်အခိုက်ကို တတ်ရမယ် (ဓနုဘေဒါ) ဆိုထားတာမို့ အတတ်ပညာဟာ ရှေးခေတ်ကတည်းက အသိပညာထက် ပိုများတယ်ဆိုတာ တွေ့ရတယ်။ ယခုခေတ်ဆို ဒီထက်ပိုများတာပေါ့။ အဋ္ဌာရသ အတတ် (၁၈) မျိုးကို တူရာတွေ ပေါင်းလိုက် ရင် (၁) နှုတ်မှုပညာ (၂) လက်မှုပညာ (၃) စက်မှုပညာဆိုပြီး ပညာရပ်သုံးမျိုး ခွဲခြားနိုင်တယ်။
အဲဒီပညာရပ်သုံးမျိုးမှာ နှုတ်ပညာ ဆိုတာ ဝိဇ္ဇာပညာ တစ်မျိုးဖြစ်ပြီး၊ ကျန်ပညာရပ်တွေကတော့ သိပ္ပံပညာရပ်ထဲ အကျုံးဝင်တယ်။
အတတ်ပညာတွေထဲမှာ စားရေးသောက်ရေး ပညာရပ်ကလည်း ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ လူတို့အဖို့ စားဝတ် နေရေးဆိုတဲ့ အရေးသုံးပါးမှာ စားရေးဟာလည်း အလွန်အရေးကြီးတယ်။ အိပ်ထောင်တစ်ခုမှာ စားရေးသောက်ရေး အတွက် ကောင်းစွာမစီမံ မချက်ပြုတ်တတ်ရင် ငွေကုန်ကြေးကျများမယ်။ အစီအမံ ညံ့ဖျင်းရင် ငွေကုန်မယ်။ အချက် အပြုတ် ညံ့ဖျင်းရင်လည်း အစားအစာ အာဟာရ ချို့တဲ့ရာမှ အိမ်သူအိမ်သားအားလုံး မကျန်းမမာဖြစ်ပြီး အလေအလွင့် များမယ်။ အဲဒီလို အိမ်ထောင်မျိုးမှာ မီးဖိုချောင်ဟာ တကယ့် ငွေယိုပေါက်ကြီးပဲ။ ရှာသမျှ ဖွေသမျှ ပစ္စည်းဥစ္စာ ငွေကြေး  ဆိုတာ မီးဖိုချောင်မှ ‘ဒလဟော’ ထွက်နေမှာအမှန်ပဲ။
တကယ်လို့ ကောင်းစွာ စီမံခန့်ခွဲပြီး ချက်ပြုတ်တတ်ရင် မိသားစုဟာ ကျန်းမာရေးအတွက် လုံလောက်တဲ့ အစာ အာဟာရကို မှီဝဲရလို့ ဆေးဝါးခပင် ကုန်ကျစရာ မရှိဘူး။ ကောင်းစွာ ချက်ပြုတ်တတ်ခြင်းကြောင့် အစားအစာ အမျိုးမျိုးကို ပြုလုပ်ကာ လှူဒါန်းပေးကမ်းနိုင်သေးတယ်။ အလှူအတန်းတွေမှာ အကျွေးအမွေးအတွက် အစားအစာကို အပြင်မှ ဝယ်ယူမဲ့အစား ကိုယ်တိုင်ချက်ပြုတ် လုပ်ကိုင်ကျွေးမွေးနိုင်ပါက ငွေလည်းအကုန်သက်သာ၊ အရသာလည်းပိုရှိပြီး လာသမျှ ဧည့်သည်တွေကို ဝဝလင်လင် ကျွေးမွေးလှူဒါန်းနိုင်တာပေါ့ကွာ။
အိမ်ရှင်မတစ်ဦးဟာ အချက်အပြုတ် ကျွမ်းကျင်ခြင်း၊ အဝတ်အထည်တို့ကို လျှော်ဖွပ်ချုပ်လုပ်နိုင်ခြင်း၊ ကောင်းစွာ စုဆောင်း သိုမှီးသိမ်းဆည်းတတ်ခြင်း၊ ပရိဘောဂပစ္စည်း အသုံးအဆောင်တို့ကို သန့်ပြန့်သေသပ်လှပစွာ နေရာချထား တတ်ခြင်း၊ သားငယ် သမီးငယ်တို့အား ကျန်းမာသန့်ရှင်း ရောဂါကင်းပြီး လူကောင်းလူတော်တွေဖြစ်အောင် ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်ခြင်း စတဲ့ အိမ်ရှင်မတို့ တတ်အပ်တဲ့ အိမ်တွင်းမှုသိပ္ပံပညာ (Demestic Science) တတ်ထားရင် ကောင်းတာပေါ့။
ဒါ့ကြောင့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထမင်းဟင်း ကောင်းစွာချက်ပြုတ်တတ်ခြင်း အစရှိတဲ့ အိမ်တွင်းမှုသိပ္ပံ ပညာကိုတတ်မြောက်ထားပါက  ဂုဏ်မငယ်ပါဘူး။ တကယ်တော့ ထမင်းဟင်းချက်ပြုတ်ရသူဟာ မီးဖိုချောင်ရဲ့ ကျေးကျွန် (Kitchen Slave) မဟုတ်ပါဘူး။ မီးဖိုချောင်ရဲ့ အရှင်သခင်နဲ့ မီးဖိုချောင်မှာ မိသားစုစားသုံးရန် အစာအာဟာရ ဆေးဝါး ဖော်စပ်သူ (Kitchen Chemist) သာ ဖြစ်ပါတယ်ကွာ။
အချို့က စက်မှုနဲ့ဆိုင်တဲ့ အတတ်ပညာကိုသာ အတတ်ပညာလို့ မှတ်ယူကြတယ်။ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အတတ်ကလည်း အတတ်ပညာတစ်ခုပါပဲ။ ဒါ့ကြောင့် ကန်တော်မင်းကျောင်းဆရာတော်ကြီးက-
‘’အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့် ကြက်က မကြွင်း၊ သိမ်းမွေးပြင်းလျက်၊ များစုံစီ၊ ဖန်တီးဝယ်ရောင်း၊ ထပ်ကာလောင်းလျက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွေမှီတင်း၊ ကြွယ်ဝမင်း’’
ရေးသားခဲ့သလို စံကျောင်းဆရာတော်ကြီးကလည်း-
‘’အချို့သော မြန်မာလူမျိုးများက စာရေးစာချီ အတတ်၊ ပန်းတိမ် ပန်းပဲ အတတ်စသော လက်အတတ်၊ စက်အတတ် တို့ကိုသာ အတတ်ဟူ၍မှတ်ယူ ပြီးလျှင် ကျွဲနွားမွေးမြူခြင်း၊ လယ်ထွန်ခြင်း၊ ကုန်သွယ် ခြင်းတို့ကို အတတ်ဟူ၍ မှတ်ယူလေ့မရှိကြဘဲ ထိုအလုပ်တို့ကို မည်သူမဆို လုပ်လိုက လုပ်နိုင်သည်ဟူ၍ အယူရှိကြ၍ တတ်အောင်သင်ကြားခြင်း မရှိကြဘဲ လုပ်ချင်သူတို့က ဝင်၍ လုပ်ကိုင် တတ်ကြသဖြင့် အကျိုးမခံစားကြရသည့်အပြင် ပျက်စီးခြင်းသို့ပင် ရောက်ကြရကုန်သည်’’ ဟူ၍ သတိ ပေးထားတယ်။
လူငယ်တို့ရေ-
ဘယ်လိုပဲဖြစ်ဖြစ် အတတ်ပညာကို ကောင်းစွာသင် ကြားတတ်မြောက်ကြသူတွေဟာ စားဝတ်နေရေးအတွက် မပူပင် မကြောင့်ကြရဘူး။ စားဝတ်နေမှု ကုံလုံပြီး လူရေးလူမှု တို့ကိုပင်  ရှေးရှုဆောင်ရွက်နိုင်ကြတယ်။  လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကိုလည်း ပွားစီးနိုင်ကြတယ်။ အတတ်ပညာနဲ့ မပြည့်စုံသူတို့ဟာ အစားဆင်းရဲ ခြင်း၊ အဝတ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်းဆိုတဲ့ ဆင်းရဲဒုက္ခအပေါင်းနဲ့ တွေ့ကြုံရသလို အူမမတောင့်သဖြင့် သီလ မဆောက်နိုင်ဘဲ ကိုယ်ကျင့်တရားတောင် ပျက်ပြားရတဲ့ဘဝကို ရောက်လာခဲ့ရတယ်။
ဒီကမ္ဘာလောကကြီးမှာ အတတ်ပညာဟာ သူများကို ပေးကမ်းစွန့်ကြဲလို့ မကုန်ခန်းနိုင်သလို၊ ဘယ်လူဆိုး သူခိုး တို့မှလည်း လုယက်ဖျက်ဆီးနိုင်စွမ်းမရှိဘူး။ အတတ်ပညာ တတ်သူဟာ ကိုယ်သွားလေရာ ထပ်ကြပ်မကွာ အတတ်ပညာ ဟာ ပါလာတာကြောင့် ရောက်ရာနေရာဒေသမှာ လုပ်ကိုင်စားသောက်နိုင်တာမို့ အတတ်ပညာနဲ့ တူတဲ့ ဥစ္စာပစ္စည်း ဆိုတာ မရှိဘူး ဆိုကြတယ်ကွဲ့။ ရောက်ရာနေရာမှာ အတတ်ပညာသည်ဟာ အကြီးအမှူး၊ ဆရာတစ်ဆူ ဖြစ်ရတယ်။ ဒါ့ကြောင့် စံကျောင်းဆရာတော်ကြီးက အခုလိုရေးသားထားတယ်။
‘’အတတ်ပညာနှင့် ပြည့်စုံသောသူ၏အဖြစ်သည် မင်းအဖြစ်ထက်ပင် ကြီးကျယ်မြင့်မြတ်ချေ သေး၏။ အဘယ့်ကြောင့်နည်းဟူမူ မင်းကိုမူကား မိမိတိုင်းပြည်၌သာ ပူဇော်ချီးမြှင့်ခြင်းကို ပြုကြ၍ အခြား တိုင်းပြည်သို့ ရောက်သောကာလ လူသာမညအဖြစ်သို့ ရောက်ရှာရ၏။ အတတ်ပညာရှိသောသူကိုမူကား မည်သည့် အရပ်ဒေသ၌မဆို နှစ်လို ကြည်ဖြူ ပူဇော်လေးမြတ်ခြင်းကို ပြုလုပ်ကြ၏’’
မည်သို့ဆိုစေ ယခုခေတ်ဟာ လေ့လာဆည်းပူးစရာ ပညာရပ်တွေက အလွန်များပြားတာမို့ အားလုံးကိုတော့ မင်းတို့သင်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ဝါသနာပါရာသန်ရာ အတတ်ပညာတစ်ခုခုကို ဆရာတစ်ဆူဖြစ်အောင် အထူးလိုက် စားပြီး သင်ယူသင့်တယ်။ ဘယ်အတတ်ပညာပဲဖြစ်ဖြစ် ထွန်းထွန်းပေါက်ပေါက် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ရင် ဘဝမှာ မင်းတို့ လူတစ်လုံး သူတစ်လုံးအဖြစ် ရပ်တည်နိုင်ပြီပေါ့။
လောကနီတိပျို့မှာလည်း-
‘’တသင်းမှတ်ကြ၊ လူတို့မျှလို့၊ သိပ္ပကိုမူ၊ နည်းသည်ဟူ၍၊ မအောက်မေ့နှင့်၊ တွေ့ရာမှတ်သား၊ မိုးပေါက်များတယ်၊ အင်းနားချောင်းကန်၊ ပြည့်သောဟန်တည့်၊ မှတ်ရန်တစ်ခု၊ နှုတ်မှုလက်မှု၊ အတတ်စု ကို၊ ငယ်နုသောအား၊ မမေ့ငြားနှင့်၊ ရင်းဖျားကုန်စင်၊ တတ် မြော်မြင်က၊ တစ်ခုမျှလက်၊ အသက်မွေး ကြောင်း၊ ဖြစ်တုံနှောင်းပေ’’ ဟူ၍ ဖော်ပြတယ်။
ဒါ့ကြောင့် မင်းတို့လူငယ်တွေ အချိန်မဖြုန်းဘဲ အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် သင်ကြားပါလို့ အစ်ကိုကြီး တိုက်တွန်းပါရစေ။
● မိမိအလုပ်ကို တန်ဖိုးထားပါ
လူငယ်တို့ရေ-
မိမိအလုပ်ကို တန်ဖိုးထားရမယ်။ အလုပ်ထဲမှာ မိမိရဲ့ အလုံးစုံသောကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအားတွေကို ထည့် ထားပါ။ အကျိုးကျေးဇူးတို့ဟာ အလုပ်ရဲ့နောက်မှ ထပ်ကြပ်မကွာ ပါလာပါလိမ့်မယ်။
‘’အလုပ်ဟာ လူ့လောကကို နှိပ်စက်နေတဲ့ ပူဆွေးသောကနဲ့ ဒုက္ခဝေဒနာပေါင်းကို ကုစားပေးနိုင်စွမ်းသော မဟာ သြသဓ ဆေးကြီးတစ်လက် ဖြစ်တယ်’’ လို့ သောမတ်စ်ကာလိုင်းက ဆိုခဲ့ဖူးတယ်။
ကိုယ်ဝါသနာပါတဲ့အလုပ်ဟာ နွမ်းနယ်နေတဲ့စိတ်ကိုပြန်ပြီး အားဖြည့်ပေးတဲ့ ဓာတ်အားပေးစက်ပါပဲ။
အလုပ်ကြိုးစားတဲ့သူကို အထက်လူတို့ သဘောကျတတ်စမြဲပဲကွဲ့။ ဒါပေမယ့် အလုပ်ကို အချိန်ပိုကြိုးစားပြီး လုပ်မယ်ဆိုက ညနေအိမ်အပြန် နောက်ကျခံခြင်းထက် နံနက်ပိုင်းမှာ သူများထက် အချိန်စောစော အလုပ်ဆင်းခြင်းက ပိုလို့ ကောင်းတယ်။ အလုပ်ခွင်သို့ အချိန်စောစောရောက်ခြင်းဟာ ဝီရိယရှိကြောင်း ထင်ရှားစေပြီး နောက်ကျမှ ဆင်းခြင်း က ပုံမှန်အလုပ်ကို အချိန်မီမပြီးလို့ နောက်ကျခံ လုပ်နေရတယ်လို့အများက ထင်မှတ်စရာဖြစ်နိုင်တယ်။
အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် လုပ်ငန်းသဘောအရ လတ်တလော ဆက်ဆံရသူက မိမိထံမှ မျှော်လင့် ထားတာထက်ပို၍ လုပ်ပေးတတ်တဲ့ အလေ့အကျင့်ကိုမွေးမြူပါ။ အများနဲ့ စုပေါင်းဆောင်ရွက်ရတဲ့ ကိစ္စဖြစ်ပါက မိမိရဲ့ လုပ်ဆောင်မှုဟာ သူတစ်ပါးထက်သာပါစေ။ မိမိတစ်ဦးတည်း လုပ်ရသောအလုပ် ဖြစ်ရင်လည်း မိမိခွဲတမ်းထက် နည်း နည်းဖြစ်စေ ပိုလွန်အောင် ကြိုးစားလုပ်ပေးပါ။ ဒီအချက်တွေဟာ ကိုယ်လုပ်နေတဲ့အလုပ်မှာ အကြီးအကဲ (ဝါ) အလုပ် သမားခေါင်းဆောင်တစ်ယောက် ဖြစ်လာစေမဲ့ အရေးကြီးဆုံး အလေ့အကျင့်တွေပါပဲ။
လူရယ်လို့ ဖြစ်လာရင် ကိုယ့်အလုပ်အပေါ် သစ္စာရှိရမယ်ကွဲ့။ မိမိရဲ့အလုပ်အပေါ် သစ္စာရှိခြင်းဟာ ကိုယ့်ကိုယ် ကိုယ် လေးစားခြင်းပါပဲ။ မိမိကိုယ်ကို လေးစားမှုမရှိတဲ့သူကို ဘယ်သူကမှလည်း လေးစားမှာမဟုတ်ဘူး။
မိမိကိုယ်ကို လေးစားသူ၊ မိမိရဲ့အလုပ်အပေါ်သစ္စာရှိသူ၊ လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီး အစဉ်ရိုးသားဖြောင့်မတ် တည်ကြည်စွာ ဆောင်ရွက်တတ်သူတွေဟာ ရေရှည်တည်တံ့တဲ့ နာမည်ကောင်းတစ်ခု အမြဲရရှိပါလိမ့်မယ်။ အဲဒီလူမျိုးကို ဘယ်အလုပ်ရှင်မှ လက်လွတ်ခံမှာ မဟုတ်ဘူး။
ဘယ်အလုပ်မဆို စလုပ်လုပ်ခြင်းတော့ သိပ်အကျိုးအမြတ်ရမှာ မဟုတ်ဘူး။ အနည်းဆုံး သုံးနှစ်မှငါးနှစ်အထိ ကြာအောင်တော့ တည်ဆောက်ရတယ် ဆိုတဲ့အချက်ကို မမေ့သင့်ပါ။
‘အဝေးကမြက် ပိုစိမ်းသည်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ လက်ထဲက ပစ္စည်းထက် အဝေးမှာရှိတဲ့ ပစ္စည်းကိုမှ ပိုပြီး အထင်ကြီးတတ်သူတွေကို သရော်ထားတဲ့စကားပါပဲ။
လူငယ်အများစုဟာ လက်ရှိနေရာ၊ လက်ရှိအလုပ်ထက် အဝေးဒေသ၊ အဝေးအလုပ်ကိုသာ ပိုပြီး တမ်းတတတ်ကြ တယ်။ မတမ်းတချင်ပါနဲ့။ ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့ကိန်းဆိုက်နေဦးမယ်။
တစ်ခါတစ်ရံ လူငယ်တွေဟာ ကိုယ်ဝါသနာမပါသော ကိုယ့်အရည်အချင်းနဲ့မဆိုင်တဲ့ အလုပ်ကိုလုပ်နေရတတ် တယ်။ ဒါပေမဲ့ မပူပါနဲ့။ ကြိုးစားရှာလျှင် သင့်တော်တဲ့အလုပ်ကို ရနိုင်ပါတယ်။ သစ်မရှိခင်တော့ ဝါးခဏကွပ်ရမှာပဲ။
ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်ဟာ တစ်ချိန်က အရောင်းစာရေးလုပ်ခဲ့ဖူးသလို၊ ဝီလျံရှိတ်စပီး ယားဟာလည်း အမဲသားရောင်းရဖူးတယ်။ သိပ်မကြာမီ သူတို့ အဲဒီအလုပ်က ထွက်လိုက်ကြတယ်။ သူတို့ အဲဒီကထွက် တာကိုလည်း အလုပ်ရှင်က ဝမ်းမြောက်ဝမ်းသာနဲ့ ခွင့်ပြုခဲ့တယ်လို့ ဆိုကြတယ်။ နောက်သိပ်မကြာခင်မှာပဲ သူတို့ဟာ စာပေနယ်မှာ အကျော်ဇေယျ စာရေးဆရာတွေ ဖြစ်ခဲ့ကြတယ်။
‘နေရာမှားနေသော’ လူငယ်တွေ အများရှိတယ်။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့လို့ အစ်ကိုကြီး ပြောပါရစေ။ ကိုယ်စွမ်း ကိုယ်စ ရှိသူတွေဟာ ‘နေရာမှန်’ကို ရှာတွေ့မှာအမှန်ပဲ။ မီးတုတ်ကို ဘယ်သူမှ ဇောက်ထိုးထားချင်လို့ မရဘူး။
ရရာအလုပ်၊ ရရာနေရာက စလုပ်ပါ။ ဘာလုပ်ဆိုတာက အရေးမကြီးပါဘူး။ ဘယ်လိုလုပ်သလဲ ဆိုတာကသာ အဓိကပါ။ ဒါ့ကြောင့် ကြိုးစားလုပ်ပါ။ ပို၍ကောင်းအောင်လုပ်ပါ။
အလုပ်လုပ်၍ မျက်စိကိုဖွင့်၊ နားကိုစွင့်၍ထားတတ်အောင် လေ့လာပါ။ မှတ်သားပါ။ ပိုကောင်းအောင် တိုးတက် အောင် တီထွင်ပါ။
လူငယ်အများစုဟာ မိမိလုပ်ရတဲ့အလုပ်ထက် သေးငယ်နေတတ်တယ်။ ဆိုလိုတာက လုပ်နေတဲ့အလုပ်နဲ့ ထိုက် တန်သော အရည်အချင်းပါပဲ။ ဒါ့ကြောင့်လည်း အလုပ်မှာတက်လမ်း မရှိဖြစ်နေတတ်တယ်။ တိုးတက်ချင်ရင် မိမိ အရည် အချင်းက အလုပ်ထက် ကြီးနေရမယ်။ ၁၂ နှစ်သားအရွယ်က မိမိဝတ်ထားသောအင်္ကျီဟာ အသက် ၂ဝ ကျော်မှာ ကျဉ်းသွားပြီး ကိုယ်ခန္ဓာက အင်္ကျီနဲ့ မဆန့်အောင် ကြီးထွားနေသလို ဖြစ်နေတတ်တယ်။ ခန္ဓာကိုယ်နဲ့ ဆန့်အောင် အင်္ကျီကို ကြီးပေးရသလို အရည်အချင်းကို မြှင့်တင်ရတယ်။
ကြီးပွားချင်တဲ့ လူငယ်တိုင်းဟာ အမြဲတမ်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရမယ်။ မိမိရဲ့ အရည်အသွေးကို ဖြည့်ဆည်းပေးနေရမယ်။ အဲဒါတွေဟာ ပိုကောင်းသော အလုပ်အတွက် အသင့်ကြိုပြင်ဆင်ထားမှုတွေပါပဲ။
လခစားဖြစ်ရင် မိမိရဲ့အထက်လူကြီး သို့မဟုတ် အလုပ်ရှင်သဘောကျဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် မိမိရဲ့ လုပ်ရိုးလုပ်စဉ် အလုပ်ကို ကြိုးစားလုပ်ရုံတင် မကဘဲ လိုအပ်ပါက အချိန်ပိုလုပ်ပေးပါ။ ဘဝတူ အမှုထမ်းတွေရဲ့ အလုပ် ကိုလည်း ကူညီလုပ်ပေးပါ။
ဒါ့ထက် အဆင့်မြင့်သော အလုပ်မှာ မိမိလုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုလုံးအတွက် အကျိုးရှိမဲ့ အကြံဥာဏ် တွေ၊ စီမံကိန်းတွေ၊ တီထွင်မှုတွေကို မပြတ် စိတ်ကူးပြီး အခါအားလျော်စွာ ဖော်ထုတ်ပါ။
ဒီနည်းနဲ့ မိမိဟာ သာမန်လခစား မဟုတ်ဘဲ လုပ်ငန်း တစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လာပါလိမ့် မယ်။
စီးပွားရေးမှာ အသားတင်အမြတ် (net profit) ဟာ အရေးကြီးဆုံးပဲ။ ဒါ့ကြောင့် ဘယ်အလုပ်မဆို ကိုယ်လုပ်နေ တဲ့အလုပ်မှာ အမြတ်ပေါ်အောင် ကြိုးစားလုပ်ပေးရမယ်။ မိမိကြောင့် အမြတ်မပေါ်ရင် အလုပ်ပြုတ်ဖို့ အသေချာဆုံးပါပဲ။ ဒါ့ကြောင့် အလုပ်အတွက် အမြတ်ထွက်ဖို့ အမြဲတမ်း ရှာဖွေကြံဆလုပ်ကိုင်နေပါ။
အလုပ်ခွင်မှာ မိမိဟာ စက်ရုပ် (Robot) လူသား မဖြစ်စေဘဲ တွေးခေါ်ဥာဏ်ရှိသူ (Creative Thinker) ဖြစ်ပါစေ။ ကိုယ့်စိတ်ကူးကို သူတစ်ပါး လက်ခံတာဖြစ်စေ၊ လက်မခံတာဖြစ်စေ တိုးတက်မှုအတွက် စေတနာမှန်နဲ့ အမြဲတမ်း အကြံ ပေးပါ။ တင်ပြပါ။ တစ်ချိန်ချိန်မှာ မိမိရဲ့စိတ်ကူး၊ အကြံဥာဏ်ကို လူတိုင်းလက်ခံလာပါလိမ့်မယ်။
လူငယ်တို့ရေ-
ယနေ့ခေတ်ဟာ သိပ္ပံ၊ ဝိဇ္ဇာ ပညာရပ်တွေ၊ အသစ်အဆန်း နည်းပညာတွေ တစ်နေ့တခြား တိုးတက်လွန်းနေ တယ်။ I.T ခေါ် သတင်းနည်းပညာဟာ အံ့မခန်း တိုးတက်ထွန်းကားနေတယ်။
အဲဒီပညာရပ်နဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေ C.D အခွေတွေလည်း အမြဲမပြတ် ထုတ်ဝေနေတယ်။ ဒါ့အပြင် လုပ်ငန်းဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ ကွန်ပျူတာ သင်တန်းတွေလည်း အလျှိုလျှို ပေါ်ပေါက်နေတယ်။
ဒါ့ကြောင့် ပညာလိုချင်တဲ့လူငယ်တွေနဲ့ ကြီးပွားချမ်းသာလိုသော လူငယ်များအတွက် ပိုမိုဆည်းပူးလေ့လာစရာ တွေက အလျှံပယ်ပါပဲကွာ။ အိပ်နေသော ခြင်္သေ့မင်းထက် လှုပ်ရှားနေတဲ့ ကြွက်ငယ်ဟာ ပိုပြီး အရာရောက်တယ်ကွဲ့။
မိမိရဲ့ အနာဂတ်ဘဝ တိုးတက်ရေးအတွက် လောလောဆယ်မှာ အပင်ပန်းခံ၊ အချိန်ပေး၊ ပိုက်ဆံပေးပြီး လေ့လာ ဆည်းပူးစရာ အခွင့်အလမ်းတွေက လူငယ်တွေကို အမြဲလက်ယပ်ဖိတ်ခေါ်နေတယ်။
တစ်နည်းဆိုရရင် ယခုခေတ်ဟာ ကြီးပွားအောင်မြင်လိုတဲ့ လူငယ်တို့အတွက် အခွင့်အလမ်းတွေ ပြည့်လျှံနေတဲ့ ‘ရွှေခေတ်ကြီး’လို့တောင် အစ်ကိုကြီး ခေါ်ချင်တယ်။
ဒါဆို မင်းတို့ရွှေခေတ်ကြီးမှာ ရွှေတွင်းတူးပြီး ရွှေရအောင်ရှာဖွေဖို့က မင်းတို့တာဝန်ပဲပေါ့။ ပတ္တမြားတောင် ထိပ်ရောက်မှ  ပတ္တမြားကျောက်မျက်ကို  မကောက်ဘဲ ကျောက်စရစ်ခဲကောက်ပြီး၊ ပြန်ဆင်းလာမယ်ဆိုရင် မင်းဟာ အရူး ပဲပေါ့။
● အကြံကြီးရမည်
လူငယ်တို့ရေ-
အကြံကြီးမှ ကြီးမြင့်နိုင်တယ်။ အကြံသေးရင် သေးသိမ်တယ်။ အကြံကြီးဖို့ရန်အတွက်လွန်စွာ ဥာဏ်ကြီးဖို့မလို ပါဘူး။ အလုပ်ကြီးအကိုင်ကြီး လုပ်နေသူတွေဟာ ဥာဏ်ထူးသူများမဟုတ်၊ မွေးရာထက်မြက်ကြသူတွေလည်း မဟုတ် ပါဘူး။ အမှတ်သညာများခြင်း၊ မျက်စိနဲ့နားကို ဖွင့်ထားခြင်း၊ အပေါင်းအသင်း အဆက်အသွယ်ကောင်းခြင်း၊ အကျိုးအပြစ် ဆင်ခြင်၍ အရှည်ကို မြင်တတ်ခြင်း၊ စွန့်စားလိုစိတ် ရှိခြင်းသာ အဓိက ဖြစ်တယ်ကွဲ့။
ရွှေ၊ ငွေတို့သာ အဖိုးအနဂ္ဃထိုက်တာ မဟုတ်ဘူး။ လောကမှာ ငွေထက်အဖိုးတန်တဲ့အရာတွေ အများကြီးပဲ။ ဂုဏ်သတင်း၊ အပေါင်းအသင်း၊ ဗဟုသုတ၊ အတွေ့အကြုံ၊ အဆက်အသွယ်တို့ဟာ အဖိုးထိုက်တန် အရင်းအမြစ်တွေပါပဲ။ ဘယ်အလုပ်ပဲလုပ်လုပ် ငွေမျက်နှာတစ်ခုထဲကိုသာ မကြည့်ရဘူး။ ငွေထက် အဖိုးထိုက်တန်တဲ့ အခွင့်အလမ်းတွေ ရှိတယ် ဆိုတာ သဘောပေါက်။
တစ်စုံတစ်ခုကို ကြည့်ရင် စူးစိုက်ဆင်ခြင် စဉ်းစားသော စိတ်နဲ့ကြည့်ပါက အကြံသစ် ဥာဏ်သစ်ကို ရနိုင်တယ်။ မိမိရဲ့အစွမ်းကို ယုံကြည်ကာ ဖြစ်မြောက်အောင် လုပ်ရဲသောစိတ်ရှိက Initiative ခေါ် စထွင်တတ်သော စွမ်းရည်ကို ရရှိနိုင်တယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ စထွင်တတ်တဲ့ စွမ်းရည်ရှိမှသာ ကြီးပွားနိုင်တယ်။
အလုပ်ဟူသမျှမှာ တိုးတက်ရန်လည်း အမြဲရှိတယ်။ ကိုယ့်ဘဝ တိုးတက်လမ်းကို အမြဲရှာနေရမယ်။ ပျက်မှာ ကြောက်အားကြီးပါက မကြီးပွားနိုင်ဘူး။
မဆိုင်တဲ့အလုပ်ကို ဇာမချဲ့နဲ့။ အကြံဥာဏ်ကြီးခြင်းဟာ စွဲမြဲခြင်း၊ ဝီရိယရှိခြင်း၊ နိုးကြားခြင်း၊ စွန့်စားခြင်း၊ မိမိကိုယ် ကို ယုံကြည်ခြင်း၊ လျင်မြန်စွာ ဆုံးဖြတ်တတ်ခြင်း၊ သတ္တိရှိခြင်း စတဲ့ အဲဒီအစွမ်းတို့ ပေါင်းစုခြင်းမှ ထွက်ပေါ်လာတတ် တယ်။
အဲဒီအချက် ပြည့်သူမှန်သမျှ သာမန်လူတို့ထက် ကြီးမြင့်မှာအမှန်ပဲ။ မလုပ်ခင် မဖြစ်ပါဘူး ဆိုတဲ့စိတ်တွေ၊ လုပ်ရမဲ့ အလုပ်ကို မလုပ်ခင်ကတည်းက နိုင်မှနိုင်ပါ့မလားဆိုတဲ့ အဖျက်စိတ်ကို မမွေးရဘူး။ တကယ်ဖြစ်ရင် တကယ်လုပ် အဟုတ် ဖြစ်ရမယ် ဆိုတဲ့စိတ်ကို အမြဲမွေးရမယ်။
ကြီးပွားလိုသူတိုင်း အမြဲနှလုံးသွင်းရမှာက-
ငါတန်ခိုးကြီးတယ်၊
ငါလုပ်လျှင် ဘာမဆို အောင်မြင်မယ်၊ အောင်မြင်ခြင်းဟာ ငါ့အဖို့ဖြစ်တယ်။
ဟူသော စိတ်ထားပဲ ဖြစ်တယ်။
လူ့လောကမှာ ကြီးပွား၊ ထင်ရှား၊ ကျော်ကြားခြင်း မဖြစ်ထိုက်သူ ဆိုတာမရှိဘူး။ သုံးမရတဲ့သစ်ပင် မရှိသလို၊ သုံးမရတဲ့လူဆိုတာ မရှိဘူးမှတ်ပါ။ မိမိအပေါ်မှာပဲတည်တယ်။ ထက်သန်စိတ်၊ ပြင်းပြသောဆန္ဒရှိသူတိုင်းဟာ အောင် မြင်သရဖူကို ဆောင်းရမှာပဲ။ မင်းမရိပ်မိလို့ မသိတာ၊ အောင်မြင်မှု ဆိုတာ မင်းအနားမှာပါ။ မင်းမဆွဲမိလို့ မရတာ အောင်မြင်မှုဆိုတာ မင်းအနားမှာပါ။ မင်းစိတ်မရှိလို့ မမြင်တာ အောင်မြင်မှုဆိုတာ မင်းအနားမှာပါ။
ဒါပေမဲ့ မျှော်လင့်တောင့်တတိုင်းတော့ ဘယ်အရာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက် ဆိုတာ ရလိုသော ဆန္ဒမျှသာ ဖြစ်တယ်။ ဖြစ်ချင်တဲ့ဆန္ဒလို စွမ်းအား၊ လုပ်ရပ်အားထုတ်မှု၊ ဇွဲသတ္တိ၊ ဥာဏ်ပညာတွေနဲ့ ထည့်ပေါင်းမှ အောင်မြင်မှုပန်းတိုင်ကို ရောက်မှာဖြစ်တယ် ဆိုတာကိုတော့ သတိရှိပါ။ မျှော်လင့်ချက်ပန်းတိုင် မရှိသောသူဟာ အတိတ် လည်း အဓိပ္ပာယ်မရှိ၊ အနာဂတ်လည်း အချည်းနှီး၊ ပစ္စုပ္ပန်လည်း အလကားပါပဲ။ ဘယ်ပစ်မှတ်ကိုမှ ချိန်၍ မပစ်သူဟာ ထိချင်ရာထိသွားမယ်။ အဲဒီလူဟာ ရည်မှန်းချက်မရှိ သောသူလည်း ဖြစ်တယ်။ ရည်မှန်းချက် မရှိသူရဲ့ဘဝဟာ ဖြစ်ချင်တာ ဖြစ်သွားနိုင်တယ်။ ရေမျောကမ်းတင် ဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် အောင်မြင်လိုရင် တိကျသော ရည်မှန်းချက်ပန်းတိုင် ရှိရမယ်။ မိမိသွားလိုသော ပန်းတိုင်ကို အတိအကျ သတ်မှတ်ရမယ်။ ပန်းတိုင်ကို ချီတက်ရန် ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရမယ့် အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ရမယ်။ အစီအစဉ် ရေးဆွဲထားရမယ်။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုတော့ပေးရမယ်။ လောကမှာ ဘယ်အရာမှ အလကားမရဘူး။
လူတွေမှာ အကြီးဆုံး အားနည်းချက်က ‘ကြောက်စိတ်’ပဲ။ လုပ်ချင်ဖြစ်ချင်ပါလျက် မလုပ်ဝံ့ မကိုင်ဝံ့ ဖြစ်လာ တာဟာ ကြောက်စိတ်ပါ။ ဝေဖန်ခံရမှာ ကြောက်ခြင်း၊ ဆင်းရဲမှာ ကြောက်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း တို့ဟာ အောင်မြင်မှုနဲ့ မထိုက်တန်သူတွေပဲ။
ကြောက်စိတ်နဲ့ အမြွာညီအစ်ကိုတော်သောအခြား အဖျက်စိတ်ကတော့ ‘သောက’ပါပဲ။ သောကဟာ ကြောက် စိတ်ထက်ပင် ပို၍ ကြောက်စရာ ကောင်းသေးတယ်။ သူက တငွေ့ငွေ့နဲ့ လူကိုသတ်သောစိတ်ပဲ ဖြစ်တယ်။
ကြောက်စိတ်ပျောက်အောင် ကိုယ့်မှာ ခံယူချက်တစ်ခု ရှိရမယ်။ ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီး ပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးမြူရမယ်။ ကိုယ့်ကြောက်စိတ်ထက်ပိုပြီး ပြင်းထန်တဲ့စိတ်တစ်ခုကို မွေးမြူရမယ်။ ကိုယ်ကြောက်တဲ့ စိတ်ထက် ပိုပြီးလုပ်ချင်တဲ့စိတ်က များရမယ်။ လောကမှာ ကြောက်ရမှာက နှစ်ခုပဲရှိတယ်။ တစ်ခုက မတရားတဲ့ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်၊ နောက်တစ်ခုက မမှန်တဲ့ကိစ္စ၊ မကောင်းတဲ့ကိစ္စတွေကို လုပ်ဖို့ကြောက်ရမယ်။ ဒီနှစ်ခုပဲရှိတယ်။
ဒါ့ကြောင့် အောင်မြင်ရမယ်ဆိုတဲ့ မင်းရဲ့အဓိဋ္ဌာန်ဟာ အခြားဘယ်အရာထက်မဆိုပိုပြီး အရေးကြီးတယ်ဆိုတာ မမေ့ဖို့ အစ်ကိုကြီး သတိပေးပါရစေ။
လူငယ်တို့ရေ-
အောင်မြင်ကြီးပွားလိုသူတိုင်း ရှောင်ကြဉ်ရမဲ့ အချက်တွေရှိတယ်။ အဲဒါတွေကတော့ မိမိဘဝ မတိုးတက်အောင် ပိတ်မိနေတဲ့သဘောထား အကျင့်စရိုက်ဆိုးတွေပါပဲ။
အတွေးအခေါ်မှားခြင်း
မအောင်မြင်သူတို့ဟာ မိမိကိုယ်ကိုမိမိ ဘဝအခြေအနေ အဖြစ်သနစ်အပေါ် အမြဲတမ်း လှည့်စားပြီးနေတတ် တယ်။ သာမန်အားဖြင့် မရိုးသားသော သူတို့ဟာ မအောင်မြင်နိုင် ကြဟု တွေးထင်စရာ ရှိသော်လည်း အမှန်မှာ ဆက်ဆံ ရေးမှာ မရိုးသားသောသူများဟာ ယုတ်စွအဆုံး ငွေကြေးအားဖြင့်တော့ ရရှိနိုင်သေးတယ်။
ဒါပေမယ့် မိမိဘဝမှာ ဘယ်နေရာ ရောက်နေမှန်းမသိ၊ အောင်မြင်မှုရရန် ဘာကိုလုပ်လို့ လုပ်ရမှန်းမသိ၊ ဘယ်အချက်မှာ မိမိအားနည်းနေမှန်းမသိတဲ့ သူတွေဟာ မိမိကိုယ်ကိုလှည့်ဖြားရင်း အရှေ့ကို ဇွတ်မှိတ်၍ တိုးနေတာမို့ အောင်မြင်မှုလမ်း ပိတ်ဆို့နေတတ်တယ်ကွဲ့။
အလုပ်မဖြစ်ခြင်း
အသုံးတည့်တဲ့ အတတ်ပညာမျိုးကို မည်မည်ရရ မတတ်မြောက်သူတို့နဲ့ မကြာခဏ စကားပြောဖူးတယ်။ သူတို့ ဟာ တစ်စုံတစ်ရာကို ဖြစ်ဖြစ်မြောက်မြောက် ကိုယ်ကလုပ်ကိုင်တတ်မှ သူများက အခကြေးငွေပေးလိုပြီး ဝင်ငွေရနိုင် တယ် ဆိုတဲ့အခြေခံအချက်ကလေးကိုမှ သဘောမပေါက်နိုင်ဘဲ ရှိနေတတ်တယ်။ များများလုပ်မှ များများရမယ်ဆိုတဲ့ နောက်ဆက်တွဲအချက်ကိုလည်း နားမလည်ကျဘူး။ ဆေးပညာဖြစ်စေ၊ ဥပဒေပညာဖြစ်စေ၊ အနုပညာလုပ်ငန်းဖြစ်စေ လူအများ ကြိုက်နှစ်သက်အောင် ဝန်ဆောင်မှု (ဝါ) ဆောင်ရွက်ပေးနိုင်မှ အကျိုးအမြန်ရမှာ ဆိုတာကို သဘောပေါက်ရမှာ ဖြစ်တယ်။ ကြီးပွားချမ်းသာလိုသူတိုင်းဟာ မိမိကတစ်စုံတစ်ရာကို ဖန်တီးပေးမှ ထုတ်လုပ်ပေးမှ ရနိုင်မယ်ဆိုတာကို နားလည်ထားရမယ်။ အဲဒီလိုလုပ်ရာမှာ စိတ်ကူးယဉ်အိပ်မက်ထဲမှာသာမဟုတ်၊ တကယ်လက်တွေ့ အခြားသူတွေရဲ့ဆန္ဒ ကို ပြည့်ဝစွာ အကျိုးရှိအောင် မိမိကလုပ်ဆောင်ပြနိုင်ရမယ်။
ဘောဂဗေဒပညာရှင်တစ်ဦးက ဘဝမှာ အကျိုးရလာဘ် ဖြစ်ပေါ်စေတာက ငွေကြေးအရင်းနဲ့ လူအရင်းအနှီးတို့ ဖြစ်တယ်လို့ ဆိုတယ်။ ငွေကြေးအရင်းအနှီးမှာ အမွေရသောကြောင့် ရုတ်တရက် လက်ဝယ်ရောက်ချင်ရောက်လာပါ သော်လည်း မသေချာဘူး။ ဒါပေမယ့် လူအရင်းအနှီးကတော့ လေ့ကျင့်အားထုတ်ရင် ရနိုင်ကြောင်း ပြောကြားခဲ့ဖူးတယ်။ မအောင်မြင်သူတို့ဟာ အဲဒီအချက်ကို မျက်နှာလွဲပြီး မသိကျိုးကျွံ ပြုနေလေ့ရှိတယ်။
မိတ်ဆွေများကို အပြစ်ဖို့ခြင်း
မအောင်မြင်သောသူတို့ဟာ ငရဲပန်းကို ရွှေပန်းထင်ပြီး မိမိအားလိမ်စားညာစား၊ သာယာစီးသမားများ နောက်ကိုသာ လိမ်မှန်းညာမှန်းမသိ တတွဲတွဲ လုပ်နေတတ်သလို၊ မိမိကို ကျေးဇူးပြုခဲ့သော မိတ်ဆွေကောင်းတွေကို မေ့လျော့နေတတ်တယ်။ တချို့ဆိုရင် ကျေးဇူးရှင်ကို ကျေးစွပ်တတ် သေးတယ်။ မိတ်ဆွေကောင်းကို တန်ဖိုးမထား တတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် အကျိုးယုတ်အောင် လုပ်နေတာနဲ့ အတူတူပါပဲ။
မဖွယ်ရာသော အမူအရာရှိခြင်း
မအောင်မြင်သော သူတိုင်းဟာ ရိုင်းပျသော စရိုက်ရှိ တတ်တယ်။ ချိန်ထားသောနေရာသို့ အချိန်မှန် မလာခြင်း၊ ပေးကမ်းသူတို့အား လက်ဆောင်အတုံ့အပြန် မပြုခြင်း၊ မိမိရဲ့ မှားယွင်းချွတ်ချော်မှုအတွက် ကျေနပ်ဖွယ် တိုးလျှိုး တောင်းပန်မှု မပြုတတ်ခြင်း စတဲ့အချက်တွေရှိတယ်။
အောင်မြင်ကြီးမားနေသော အလုပ်ကြီးအကိုင်ကြီးလုပ်ပြီး တာဝန်ကြီးကြီးမားမား ယူထားသော သူတို့ဟာ ဖိတ်ကြား ချိန်းဆိုထားရာနေရာကို အချိန်မှန်မှန် ရောက်လာတတ်သော်လည်းလုပ်စရာ မည်မည်ရရ ဘာမှမရှိတဲ့သူတွေ ဟာ အဲဒီလို ဖိတ်ကြားခံရရင် အလွန်နောက်ကျပြီးမှဖြစ်စေ၊ လုံးလုံးပေါ်မလာဘဲဖြစ်စေ လုပ်တတ်တယ်။
အကျွေးအမွေးနဲ့ ဧည့်ခံရင်လည်း အစားအသောက်ကို ချေးများတတ်သေးတယ်။  ပြန်ခါနီး  အိမ်ရှင်ကိုတောင် ကျေးဇူးတင်စကား ပြောရမှန်းတောင် မသိတဲ့လူစားမျိုးတွေဖြစ်တယ်။ အောင်မြင်တဲ့သူများတော့ အိမ်ရှင်လို ကြည်ရွှင် ပျော်ပါးစွာနဲ့ နှုတ်ဆက်ပြီးမှ ထွက်ခွာသွားတတ်ကြတယ်။
ဝတ်စားပုံမတင့်တယ်ခြင်း
တစ်ခါက အစ်ကိုကြီးရဲ့ မိတ်ဆွေတစ်ဦးဟာ ချောမောလှသော အမျိုးသမီးငယ်တစ်ဦးအား အလုပ်အကိုင်ကောင်း တစ်နေရာရရှိရေးအတွက် ကုမ္ပဏီအကြီးအကဲတစ်ဦးနဲ့ မိတ်ဆက်ပေးဖူးတယ်။ ကုမ္ပဏီအင်တာဗျူးမှာ အဲဒီအမျိုးသမီးဟာ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ ဒေါက်ဖိနပ်စီးဝတ်စားပြီး အင်တာဗျူး သွားဖြေတာသိလိုက်ရတယ်။ သူ့ရဲ့ဝတ်စားပုံကို မြင်မြင် ချင်းပဲ အလုပ်ခန့်မဲ့ မန်နေဂျာက မကြိုက်ဖြစ်သွားတယ်။ မိတ်ဆက်ပေးခဲ့တဲ့ မိတ်ဆွေခမျာမှာလည်း မျက်နှာပျက်စရာ ဖြစ်ခဲ့ရတယ်။
မအောင်မြင်တဲ့သူတွေဟာ ‘ကာလံဒေသံ အဂ္ဃံဓနံ’ ဆိုသလို အချိန်အခါ နေရာဒေသနဲ့ ညီညွတ်အောင် ဝတ်စား ဆင်ယင်ခြင်း မပြုတတ်ဘူးကွဲ့။ အကျအနဝတ်စားရမဲ့ လူကြီးလူကောင်းပွဲသဘင်၌ ကုတ်အင်္ကျီဝတ်စုံတို့အကြား ဂျင်းဘောင်း ဘီတကားကား တီရှပ်ကြောင်ကြောင်ကျားကျားနဲ့ အမြင်မတော်ဆင်တော်နဲ့ ခလောက် ဆိုသလို ကန့်လန့် ဖြစ်နေတော့တယ်။ သူတို့အဖို့ ဖက်ရှင်လုပ်ပြလိုက်ရလို့ ကျေနပ်ကောင်း ကျေနပ်နေပါလိမ့်မယ်။ ဒါပေမယ့် မိမိရဲ့ တန်းမဝင်မှုကို ပြသရုံသာမက လူကြီးလူကောင်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်အပေါင်းကို စော်ကားမော်ကား ပြုရာလည်းရောက် နေတယ်ဆိုတာ သူတို့သိချင်မှသိမယ်။ ဒါ့ကြောင့် ‘လူမှာအဝတ်၊ တောင်းမှာအကွပ်’ လို့ ဆိုကြတယ် မဟုတ်လား။ ဝတ်စား ဆင်ယင်မှုက နေရာဌာနနဲ့ အံဝင်မှု မဝင်မှုကို ချင့်တွက်ရတယ်။ အလုပ်အကိုင်ကိစ္စနဲ့ သွားလာရင်ပိုပြီး ဆင်ခြင်သင့်တာ ပေါ့ကွာ။
မကောင်းသောစရိုက်
မအောင်မြင်သူတို့မှာ အဆိုးမြင် ရှုထောင့်များ ရှိတတ်တယ်။ သူတို့ဟာ မိမိအလုပ်ကိုလည်း မပျော်ပိုက်၊ လောက ကြီးကိုမနှစ်ခြိုက်၊ ပတ်ဝန်းကျင်မှ လူအများကိုလည်း ထီမထင်သဘောထား တင်းမာကြတတ်ကြသေး။ သူတို့ရဲ့ အကောင်းမမြင်တတ်တဲ့ စိတ်ပျက်လက်လျှော့မှုဟာ သူတစ်ပါးကိုပင် ကူးစက်သွားတတ်တယ်။ သူတို့ ဘေးထိုင် ဘိုင်ကျ၊ ဘုတောကာ တစ်ရွာလုံး ရန်ဖြစ်နေချင်ကြတယ်။ ဘာကိုမျှ ထိထိရောက်ရောက် ကောင်းအောင်လုပ်နိုင်စရာမရှိ ဟူသော အစွဲနဲ့ ယုံကြည်ချက် ပျောက်နေကြတယ်။ သူတို့ ဝေဒနာဒုက္ခကို လူတကာတွေ့တိုင်း ညည်းပြတတ်တယ်။ အဲဒီလို ပြုမူနေခြင်းဟာ မိမိတို့ဟာ ဘဝရဲ့အရှုံးသမားဖြစ်ကြောင်း လူသိရှင်ကြား ကြော်ငြာနေတယ်ဆိုတာကို သတိပြုမိပုံ မပေါ် ဘူး’’
အစ်ကိုကြီးအသိ အမျိုးသမီးတစ်ဦးဆိုရင် အလုပ်ခွင်ရောက်တာနဲ့ ရုံးခန်းက အိုက်လွန်းတယ်၊ လူတွေဟာ ကိုယ့် အတ္တပဲသိတယ်။ သူ့ဘက်ကိုနည်းနည်းမှ မစဉ်းစားဘူး၊ အထက်လူကြီးကလည်း အုပ်ချုပ်ရေး ညံ့ဖျင်းကြောင်းနဲ့ အလုပ်ခွင် ညံ့ဖျင်းကြောင်းတွေကို အမနာပပြောဆိုလေ့ရှိတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလည်း ဒီလိုအလုပ်မျိုး လုပ်နေတာ အချိန်အလဟဿဖြစ်ရကြောင်း ပြောတတ်တယ်။ နောက်မကြာမီမှာပင် သူအလုပ်ကနေ ထွက်သွားတာ သိလိုက်ရတယ်။ ၃ နှစ်အတွင်း သူ အလုပ်ငါးခု ပြောင်းခဲ့တယ်။ အလုပ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရာတွင်လည်း သူ့အကျင့်စာရိတ္တ ကိုယ်ရည်ကိုယ်သွေးနဲ့ စပ်လျဉ်းပြီး ဘယ်အလုပ်ရှင်ကမှ ထောက်ခံချက်ကောင်းကောင်း မပေးလိုက်ကြဘူး။ မြန်မြန် ထွက်ရင်အေးရောပုံစံနဲ့ လိုအပ်တဲ့အချက်တွေ ကိုသာမြန်မြန် ထုတ်ပေးလိုက်ကြတယ်။ ဒီလိုနဲ့ပဲ သူ့ဘဝဟာ ဆင်းရဲခြင်း သံသရာနဲ့ လုံးချာလိုက်နေလေရဲ့။
● မလိုအပ်ဘဲငြင်းခုန်ခြင်း
မအောင်မြင်သောသူတို့ဟာ ငြင်းခုန်ရခြင်းကို သဘောတွေ့ပြီး အကြောင်းမဲ့ ငြင်းခုန်ပြောဆိုတတ်ကြတယ်။ ငြင်းခုန်ခြင်းဖြင့် ပြဿနာအချီအချ ဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုအကင်းပါးကြောင်း၊ လိမ္မာကြောင်း ဘေးလူကို ပြောပြ နေတတ်တယ်။
‘သင့်မြတ်လိုလျှင် အလိုက်သင့်ပြုပါ’ ဆိုရိုးစကားရှိတယ်ကွဲ့။ အရာရာကို ဘယ်သူက ဘာပြောပြော လိုက်လျော ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် လူတိုင်းနဲ့ ခိုက်ရန်ဖြစ်နေရင်တော့ ဘယ်သူ့ထံမှ အကူအညီ မျှော်လင့် နိုင်တော့ မှာ မဟုတ်ပါဘူး။
အလုပ်ပြီးအောင် လုပ်သူတွေဟာ ဘယ်သူနဲ့မှ မလိုအပ်ဘဲ ငြင်းခုန်ခြင်းဖြင့် အချိန်ဖြုန်းလေ့မရှိကြဘူး။ သူတို့ကို ရန်လုပ်ရင်လည်း ရှောင်သွားတတ်ကြတယ်။ ချိတ်ချိတ်ခြင်း ချိပ်သလို ကိုယ်က အချိပ်မခံရင် ဘယ်သူမှ လာပတ်သက်လို့ မရသလို ပြဿနာလည်း ရှာလို့မရဘူးပေါ့။
● ဦးစားပေးသင့်သည်ကို နောက်မှလုပ်ခြင်း
မအောင်မြင်သူတိုင်းဟာ အလုပ်ကို အရေးကြီးမှုအလိုက် ဦးစားပေး၍ မလုပ်တတ်ကြဘူး။ အားလုံးဟာ အဓိကကျ တယ်ဆိုရင် အားလုံးဟာ သာမည ဖြစ်သွားတတ်တယ်။ အဓိကနဲ့ သာမည ခွဲတတ်ဖို့တော့လိုတယ်။
တချို့ဟာ အဓိကလုပ်ရမဲ့ လုပ်ငန်းကြီးတွေကို လက်လွှတ်ပြီး၊ ဝါသနာအရ လုပ်ကိုင်သော လုပ်ငန်းကလေးတွေ နဲ့သာ ဘဝကို အချိန်ကုန်နေကြတယ်။ ပြောပြလျှင်လည်း ဆင်ခြေဆင်လက်နဲ့ ဆိုတော့ နောက်ပိုင်း ဘယ်သူကမှ အကြံ မပေးကြတော့ဘူး။ ပျော်သလိုသာ နေပေတော့ဆိုပြီး ပေကလျာကံ ပြုထားကြတယ်။ ဒါနဲ့ပဲ သူတို့ဟာ သာမန်ဘဝနဲ့ပဲ ဘဝဇာတ်သိမ်းသွားကြတာ များတယ်။
အမှန်အားဖြင့် စိတ်ကူးယဉ်သမျှ အရာအားလုံးကို ဘယ်သူမှ လုပ်ကိုင်ဖို့ အချိန်ရကြတာမဟုတ်ဘူး။ ဦးစား ပေးရမဲ့ အလုပ်ကို ရှေ့ကထားပြီး လုပ်ရမယ်ဆိုတာ သူတို့သဘောမပေါက်ကြဘူး။ သဘောပေါက်တဲ့အချိန်မှာ သူတို့ ဘဝ နေဝင်ချိန်ရောက်သွားပြီ။ ဒါ့ကြောင့် အရေးကြီးတဲ့ လုပ်ငန်းအတွက် အရေးမပါသော အသေးအဖွဲ ကိစ္စလေးတွေကို မလုပ် ဘဲ နေရခြင်းဟာ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရမယ် ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ လောကမှာ ဦးစားပေးသင့် တာကို ဦးစားပေးပြီးလုပ်မှ အကျိုးအမြတ် ရရှိနိုင်တယ်ကွဲ့။
● မှားမှာကြောက်သည့်စိတ်
အမှားလုံးဝကျူးလွန်ခဲ့ခြင်း မရှိသူဟာ ဘာတစ်ခုမှ မလုပ်ခဲ့သူသာဖြစ်တယ်။ လုပ်၍မှားတတ်ပါတယ်။ အမှား ဆိုတာ အမှန်ရဲ့လမ်းစမို့ အမှားတကာ့အမှားထဲမှာ ဘာတစ်ခုမှ မလုပ်ခဲ့ခြင်းဟာ အကြီးမားဆုံး အမှားပါပဲကွာ။
● ကိုယ်ရည်ကိုယ်သွေး
ကိုယ်ရည်ကိုယ်သွေးဟာ  လူတစ်ယောက်ရဲ့  ဘဝ အဆင်ပြေရေးအတွက် လူဟာမွေးကတည်းက ကောင်းသော ကိုယ်ရည်ကိုယ်သွေးနဲ့ မကောင်းသော ကိုယ်ရည်ကိုယ်သွေးများ ပါလာတယ်။ အသက်ကြီးရင့်လာတဲ့အခါ ကိုယ်ရည် ကိုယ်သွေးဟာလည်း ကြီးထွားရင့်ကျက်လာတတ်တယ်။ ကောင်းသော ကိုယ်ရည်ကိုယ်သွေး ရရန်ပြုစု ပျိုးထောင်ယူ ရမယ်။ Personalityကိုယ်ရည်ကိုယ်သွေးဟာ ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းနဲ့ သဏ္ဌာန်တူတယ်။ ဥယျာဉ်ခြံမြေဆိုတာ ဂရုတစိုက် ပြုစုရင် ပန်းများနဲ့ သီးနှံများဝေဆာစည်ပင်နေလိမ့်မယ်။ မပြုစုဘဲ ပစ်ထားရင်တော့ ချုံနွယ်ပိတ်ပေါင်းများစွာနဲ့ တောထနေပါ လိမ့်မယ်။
ကောင်းသော ကိုယ်ရည်ကိုယ်သွေးဟာ ‘သံလိုက် ဓာတ်’လိုပါပဲ။ လူတကာကို ဆွဲဆောင်နိုင်တယ်။ မိတ်ဆွေ ပေါပြီး တပည့်လက်သား များစေနိုင်တယ်။
မကောင်းသော ကိုယ်ရည်ကိုယ်သွေး ရှိရင်တော့ ‘လူ မုန်းဆေး’ပါပဲ။ လူတိုင်းက ဝေးဝေးရှောင်ပြေးမှာပဲ။ လူ တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အင်္ဂလိပ်စကားလုံး Personality ကို ဘာသာပြန်ထားတာ ဖြစ်တယ်။ ဒါပေမဲ့ မူရင်းစကားလုံးဟာ အင်္ဂလိပ်စကားလုံး မဟုတ်ဘူး။ ဂရိစကားလုံး Persona မှ ဆင်းသက်လာပြီး မျက်နှာဖုံး (Mask) လို့ အဓိပ္ပာယ်ရတယ်။ အကျင့်စာရိတ္တ၊ ဥပဓိရုပ်၊ စိတ်နေစိတ်ထား၊ စရိုက်၊ ဥာဏ်ရည်နဲ့ အကျင့်သိက္ခာတို့ကို ပေါင်းစပ်ခေါ် လိုက်တာပဲ ဖြစ်တယ်။
ကောင်းသော ကိုယ်ရည်ကိုယ်သွေးရှိသူဟာ ကြင်နာ သနားတတ်တယ်။ တက်ကြွလန်းဆန်းမှု ရှိတယ်။ အရာရာ ကို ကောင်းတဲ့ဘက်မှ ကြည့်ပြီး အကောင်းမြင်တတ်တယ်။
မကောင်းသော ကိုယ်ရည်ကိုယ်သွေး ရှိသူကတော့ အကြင်နာတရားမရှိသလို၊ အရာရာကို မကောင်းဘက်မှ တရားသေ၊ ဆုပ်ကိုင်တတ်သလို အဖျက်သဘောပဲ ကြည့်ရှုတတ်တယ်။
● ကျန်းမာရေးသည်အဓိက
အသက်ရှည်ရှည်နဲ့ ကြီးပွားအောင်မြင်လိုလျှင် ကျန်းမာရေးကို အထူးဂရုစိုက်ရမယ်။ ကျန်းမာမှသာ ကိုယ်ဖြစ်တာ ကို စိတ်သွားတိုင်း ကိုယ်ပါပြီး စိတ်ချမ်းချမ်းသာသာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်။
ကျန်းမာရန် ဆေးလိပ်၊ အရက်သေစာ ရှောင်ကြဉ်၍ အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်မခံပါနဲ့။ ကြေညက် လွယ်သောအစာကို ညက်ညက်ဝါးစားပါ။ အဆီလျော့ပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက် များများစားပါ။ ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းအောင် ဂရုစိုက်ပါ။ လေကောင်း လေသန့်ရှူပြီး၊ ရေကောင်းရေသန့် သောက်ပါ။ ကျန်းမာရန် အမြဲ လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ဖြစ်နိုင်လျှင် လမ်းများများ လျှောက်ပေးပေါ့။ စီးပွားဥစ္စာ ပျက်စီးဆုံးရှုံးခြင်းဟာ ဆိုးဝါးတယ်။ ထို့ထက် ကျန်းမာရေး ဆုံးရှုံးခြင်းက ပို၍ ဆိုးတာကိုသတိပြုပါ။
● သတ္တိမွေးပါ
လူငယ်ဆိုတာ သတ္တိရှိရမယ်။ သတ္တိဆိုတာ မကြောက်တာဟာ တကယ့်သတ္တိမဟုတ်ဘူး။ ကြောက်လျက်နဲ့ ကိုယ် လုပ်သင့်တာလုပ်ထိုက်တာကို လုပ်တာဟာ တကယ့်သတ္တိပဲ။ အဲဒီတော့ ဒူးတုန်တုန်နဲ့ လုပ်တဲ့သူဟာ တော်တော်သတ္တိ ရှိတယ်လို့ ခေါ်ရမှာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဖူး တယ်။
သတ္တိကို နှစ်မျိုးခွဲထားတယ်။ စိတ်ဓာတ်သတ္တိနဲ့ ကာယသတ္တိပဲ။ စိတ်သတ္တိ ဆိုတာမကောင်းတာ၊ မမှန်တာ မလုပ်ဘဲ နေရဲပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ရဲတာဟာ စိတ်ဓာတ်သတ္တိ ရှိတာပဲ။ ကာယသတ္တိဆိုတာ အမှန်တရား လုပ်တဲ့အတွက် ကိုယ့်အခွင့်အရေး၊ ကိုယ်ခန္ဓာ နာကျင်ထိခိုက်သွားမှာကို မမှုဘဲ ခံရဲတယ်ဆိုတဲ့သတ္တိပါ။
ဒါ့ကြောင့် လူငယ်တို့ဟာ အမှန်တရားကိုလုပ်ရဲတဲ့ သတ္တိနဲ့ အမှားတရားကို မလုပ်ဘဲ ရှောင်ခဲ့တဲ့အတွက် နစ်နာ လာမယ့် ဘေးအန္တရာယ်ကို ရင်ဆိုင်ခံရဲတဲ့ သတ္တိရှိဖို့လိုတယ်။
● ဘဝရည်မှန်းချက်
ပျမ်းမျှအားဖြင့် လူ ၁ဝဝ မှာ ၉၅ ယောက်ဟာ တိကျတဲ့ ဘဝရည်မှန်းချက် မရှိကြဘူးကွဲ့။ နေ့စဉ် လုပ်စရာ ရှိတဲ့ သမားရိုးကျ အလုပ်ကလေးတွေလုပ်ပြီး စားလိုက် အိပ်လိုက် ပျော်လိုက် ပါးလိုက်နဲ့သာ တစ်နေ့တာအချိန် ကုန်ဆုံးသွား ကြတယ်။
သူတို့ဘဝဟာ မနက်ဖြန် ဒီအတိုင်းပဲ၊ သန်ဘက်ခါလည်း ဒီအတိုင်းပါပဲ။ ကုန်ကုန်ပြောရရင် သေတဲ့အထိ ဒီလိုပုံစံ နဲ့ပဲ စခန်းသွားကြတယ်။
လူတစ်ယောက် အလုပ်လုပ်ရုံ သက်သက်နဲ့တော့ အောင်မြင်ကြီးပွားစရာ မရှိပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရ ဘဝတွေပါပဲ။ မလုပ်တဲ့တစ်နေ့ စားစရာမရှိတော့ ချေးငှားသုံးနဲ့။ ဒီလိုနဲ့ပဲ အကြွေးသံသရာလည်နေတဲ့သူတွေ အများကြီး ပါပဲ။ လောကမှာအလုပ်ကို ကြိုးစားလုပ်နေကြသော်လည်း အောင်မြင်မှု မရကြသူတွေ တစ်ပုံကြီးရှိတယ်။ အမှန်ကစဉ်းစား ဥာဏ်သာလျှင် အောင်မြင်မှုကို ပေးစွမ်းနိုင်တယ်။ တို့တွေလက်တွေ၊ ခြေတွေကတို့ရဲ့ ‘ဦးနှောက်အလုပ်’ကို အကူအညီ ပေးဖို့သာ ဖြစ်သင့်တယ်။
တစ်ခါက လူတစ်ယောက်ဟာ ငွေသိန်း ၅ဝ အမွေရ လိုက်တယ်။ ဒါပေမဲ့ သူက ရူးကြောင်ကြောင် လူစားဆိုတော့ အဲဒီငွေကို အကျိုးရှိအောင် မသုံးစွဲတတ်။ ဟိုလူက ချေးလိုက်၊ သည်လူက ချေးလိုက်၊ ဟိုလူပြောတာလိုက်လုပ်လိုက်၊ သည်လူပြောတာ လိုက်လုပ်နဲ့ နောက်ဆုံး လေးငါး ခြောက်နှစ်အတွင်း အမွေရတဲ့ငွေအားလုံး ပြောင်တလင်းခါသွား တော့တယ်။
လူအများစုဟာ ကိုယ်လုပ်ချင်တယ်၊ ဘာလိုချင်တယ် ဆိုတာကို ပြတ်ပြတ်သားသား မသိကြဘူးကွဲ့။ သူတို့ဟာ နေ့စဉ်သမားရိုးကျ ရရစားစားဘဝနဲ့ပဲ လုံးထွေးရစ်ပတ်ရင်း ဘဝသံသရာလည်ကာ ပန်းတိုင်ပျောက်နေကြတယ်။ သူတို့ ဟာ ရေစကူးသောသူနဲ့ တူနေကြတယ်။ ခွန်အားတွေကို အများကြီးသုံးပြီး ကူးခပ်သော်လည်း ဘယ်မှမရောက်ဘဲ ဖြစ်နေကြတယ်။
သူတို့ရဲ့ အားနည်းချက်က စဉ်းစားတွေးခေါ်မှုမရှိ။ လမ်းညွန်ချက်မရှိ၊ ဘဝလမ်းပြမြေပုံမပါ၊ ပန်းတိုင်မရှိ။ ဒါ့ကြောင့် ဖောင်စီးရေငတ်ဆိုသလို မျှော်မှန်းရာကို မရောက်ဘဲ လမ်းခုလတ်မှာ အမောဆို့ကာ ပြည်ဖုံးကားချသွားရရှာ တယ်။ ဒါ့ကြောင့် ဘဝရည်မှန်းချက်ကို ခိုင်ခိုင်မာမာချပါလို့ အစ်ကိုကြီး ပြောပါရစေ။
● လွဲမှားနေသောမာန
မာနဆိုတဲ့ ပါဠိဝေါဟာရ ထောင်လွှားခြင်း၊ မောက်မာခြင်း၊ စိတ်ကြီးဝင်ခြင်းတဲ့ အဓိပ္ပာယ်တွေရှိတယ်။ ဒါ့ကြောင့် သျှင်မဟာရဋ္ဌသာရရဲ့ ‘ကိုးခန်းပျို့’မှာ ‘ဇာတိပုည၊ ဂုဏ်မာနဖြင့်၊ သိပလုံးစုံ၊ ဘက်မဲ့ကြုံသား’ စပ်ဆိုထားသလို၊ တွင်း သင်းတိုက်ဝန် မဟာစည်သူရဲ့ ‘မဟာဇနကပျို့’ နိဂုံးမှာ ‘ငါစာဆိုဟု၊ ကိုယ်ကိုကြိမ်းပ၊ ထင်မှတ်ကြလျက်၊ မာနထောင် စောက်၊ ဘောင်ရှည့်မြောက်သား၊ လက်အောက်ခံတန်း၊ ပညာဝန်ပေါ့’ဟူ၍ စပ်ဆိုထားတယ်။
မာနသုံးမျိုးရှိကြောင်း ကျီးသဲလေးထပ် ဆရာတော်ရေးသားပြုစုတဲ့ ‘မနေရထပူရဏီကျမ်း’စာမျက်နှာ ၃၆ မှာ-
‘’ဤမာနသည် သေယျမာန်၊ သဒိသမာန်၊ ဟိန မာန်ဟူ၍ သုံးပါးအပြားရှိ၏။ ထိုသုံးပါးတွင် ငါအား ဤသူတို့ထက် အမျိုးအားဖြင့်မြတ်၏။ အကျင့်အားဖြင့် မြတ်၏ဟူ၍လည်းကောင်း၊ အတတ် ပညာအားဖြင့်မြတ်၏ ဟူ၍လည်းကောင်း ထောင်လွှားခြင်းသည် ‘သေယျမာန်’ဖြစ်၏။ ငါသည် အမျိုးအား ဖြင့် အကျင့်အားဖြင့် အတတ်ပညာအားဖြင့် ဤသူနှင့်တူ၏ ဟူ၍ထောင်လွှားခြင်းသည် ‘သဒိသမာန်’ မည်၏။ ငါသည် အမျိုးအားဖြင့် အကျင့်အားဖြင့် အတတ်အားဖြင့် ညံ့သော်လည်း ဤသူလို မကဲ့ရဲ့သင့် ဟူ၍လည်းကောင်း၊ မထေမဲ့ မပြုသင့် ဟူ၍လည်းကောင်း ထောင်လွှားခြင်းသည် ဟိနမာန်မည်၏’’ ဟူ၍ ဖော်ပြထားတယ်။
မာနဟာ လူတိုင်း၌ ရှိတတ်တယ်။ ချမ်းသာဆင်းရဲ၊ ကြီးကြီးငယ်ငယ်၊ ဘယ်သူမဆို မာနရှိတယ်။ ချမ်းသာသူ၊ ရာထူးဂုဏ်ဖြင့် သူ့မှာသာ ရှိတယ်လို့ မယူဆအပ်ပေ။ ဆင်းရဲ သူဂုဏ်နိမ့်သူတို့မှာလည်း သူ့မာနနဲ့သူရှိကြတယ်။ မာန ပုံစံ ခြင်းသာ ကွဲချင်ကွာမယ် ပုထုဇဉ်မှန်သမျှမှာ မာနရှိတယ်။
‘’သင်းတို့က ဇိမ်နဲ့နေရမှ နေနိုင်တာ၊ တို့လို ပဲပြုတ်စားပြီး တဲကုပ်မှာနေနိုင်တာမျိုး မဟုတ်ပါဘူး’’ဟူသော ဆင်းရဲသား မာနမျိုးဟာ ရှာနေစရာ မလိုအောင်ပင် ပေါများလှတယ်။
မာနကို မိမိကိုယ်တိုင် မချိုးနှိမ်နိုင်သမျှ အကျိုးမကျပေ။ သူတစ်ပါးက နည်းအမျိုးမျိုးနဲ့ နှိမ်တယ်ဆိုရင် နှိမ်လေ လေ၊ မာနဟာ မာနရှင်ရဲ့ ရင်ထဲမှာတက်၍နေလိမ့်မယ်။ အခါအခွင့်မသင့်လို့ အပြင်သို့ထွက်မပြသာ ဖြစ်နေချင်ဖြစ်မယ်။ သူ့မာနကျိုးအောင် အမျိုးမျိုးချိုးနှိမ်မယ်လို့ သဘောထားဖြင့် အမျိုးမျိုးရှုတ်ချ၊ နှိပ်ခတ်၊ ချိုးနှိပ်စေကာမူ မာနဟာ မပျောက် ပျက်သွားဘူး။
မာန်စွယ်ချိုးတယ်ဆိုရာမှာ ဘုရားရှင်သော်မှ အာဠာဝကဘီလူးကို ဦးစွာအကြမ်းဖက်ခြင်းတည်း ဟူသော အချည်းနှီး ကိစ္စလို ပြပြီးလျှင် တရားပြမှ မိမိမာနဟာ မိုက်မဲ၍ အချည်းနှီးပါတကားဟု အာဠာဝက ကိုယ်တိုင်သဘော ပေါက်လာအောင် ဆုံးမတော်မူခဲ့တယ်။ တစ်နည်းပြောရရင် အာဠာဝက ဘီလူးဟာ မိမိရဲ့ မာနကို မိမိကိုယ်တိုင် သိမြင်ပြီး ကိုယ်တိုင်ရိုက်ချိုးမှ မာနကျိုးသွားခဲ့ရတယ်။ သူတစ်ပါးက မာနရဲ့မိုက်မဲခြင်း၊ အချည်းနှီးဖြစ်ခြင်းကိုပြ၍ ဆုံးမနိုင်ရုံမျှသာ တတ်နိုင်တယ်ကွဲ့။
လူတိုင်းဟာမာနကို မိမိကိုင်တိုင် ချိုးနှိမ်ပစ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပဲ။ တကယ်တော့ မာနဆိုတာ လောဘနဲ့ဒေါသ ပေါင်းစပ်ထားတဲ့ ပစ္စည်းလိုပါပဲ။ အတ္တစိတ် ကြီးမားမှုလို့ ဆိုနိုင်တယ်။ ငါပိုင်တယ်၊ ငါဆိုင်တယ်၊ ငါတော် ငါထက်၊ ငါပြောတာမှ မှန်တယ်၊ ငါလုပ်တာ တရားတယ်၊ အဲဒီလို သဘောထားတွေဟာ မာနရဲ့သရုပ်တွေပဲပေါ့။
ပြီးတော့ မာနဟာ လောဘရဲ့သား ဖြစ်တာမို့ရှိပြီး တာကိုရှိကြောင်း ပြည်သူတစ်ပါးရဲ့ အထင်ကြီးမှုကို လိုချင် သောဆန္ဒ၊ မရှိသေး မရှိနိုင်တာကို ရှိပြီးလေဟန်ပြု၍ အထင်ကြီးခြင်းကို လိုချင်သောဆန္ဒ။ အဲဒီဆန္ဒတွေရဲ့ ပြယုဂ်တွေပါ ပဲ။
ဘယ်လိုပဲဖြစ်ဖြစ် လွဲမှားတဲ့ မိုက်မာနကိုတော့ မထားသင့်ဘူးပေါ့။ မိမိရဲ့ယုံကြည်ချက်၊ ခံယူချက် မိမိဂုဏ်သိက္ခာ အတွက် ထားသင့်တဲ့မာနမျိုးလည်း ရှိသင့်ပါတယ်။ အစ်ကိုကြီးက ထိုက်တန်တဲ့မာနကို ခေါ်ချင်တယ်။ သူတကာ တတ်နိုင်လျှင် ငါလည်း ကြိုးစားရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့  မာနဟာ အားမာန်လိုဖြစ်စေသော၊ ဇွဲကိုဖြစ်စေသော တိုးတက် မှု လှုံ့ဆော်သော မှန်ကန်တဲ့မာနမျိုးကိုတော့ လူတိုင်းတားသင့်တာပေါ့။
တစ်ခုတော့ရှိတယ်။ မာန်ခေါ်မာနဟာ အားကိုဖြစ်စေသင့်တယ်။ အဲဒီလို မဟုတ်ဘဲ မောက်မာမှု၊ ကြွားဝါမှုကို ကြီးထွားရင်မာနမှာ အစွယ်ပေါက်လာတတ်တယ်။ အဲဒီအစွယ်ကို တပ်ပေးတဲ့အရာက အောင်မြင်မှုပါပဲ။ ဒါ့ကြောင့် အောင်မြင်မှုရသူတိုင်း သတိနဲ့ ပညာတို့က ထိန်းမပေးရင် အစွယ်ပေါက်လာသော ဘီလူးတွေ ဖြစ်လာတတ်တယ်ကွဲ့။
ဒီနေရာမှာ အောင်မြင်ခြင်းဟူသည် အမြဲမဟုတ်။ မမြဲသောတရား။ လောကဓံရဲ့ အစိတ်အပိုင်းမျှ ဆိုတာကို နားလည် သဘောပေါက်လာအောင် သတိမူနေနိုင်မှ မာန်စွယ်မပေါက်ဘဲ ရှိလိမ့်မယ်။ ‘နှိမ်ချခြင်း’ ခေါ် ‘နိဝါတ’ များဟာ အကောင်းဆုံးဖြေဆေးမို့ အမြဲစားသုံးသင့်တာပေါ့။
အစ်ကိုကြီး နောက်ဆုံးပြောချင်တာ မာနဆိုတာ ပင့်ပေးလေတက်လေပဲ။ နှိမ်နိုင်သလောက် နှိမ်ပြီး အားတက်ဖို့ ဘက်မှာ သုံးတတ်ဖို့လိုတယ်။ မာနဆိုတာ ရယ်စရာလည်း ကောင်းတယ်၊ ကြောက်စရာလည်း ကောင်းတယ်၊ ရွံ့စရာ လည်းကောင်းတယ်၊ လူပုဂ္ဂိုလ်တွေမှာ မာနကြောင့် ပဋိပက္ခတွေ ဖြစ်တယ်။ တိုင်းနိုင်ငံတွေ လူမျိုးတွေမှာ မာနကြောင့် ပြည်တွင်းစစ်တွေ၊ ကမ္ဘာနဲ့ချီတဲ့ စစ်ကြီးတွေ ဖြစ်နေကြတာ မျက်မြင်မို့ မာနကို အထူးပြုဖို့တော့ လိုတယ်ပေါ့ကွာ။
● ကိုယ့်တန်ဖိုးကိုယ်သိပါ
ကိုယ့်တန်ဖိုး  ကိုယ်မသိတဲ့လူဟာ  ဘယ်တော့မှ မအောင်မြင်ဘူး။ စဉ်းစားကြည့်လေ။ မင်းရှောင်ကွန်နရီ ဖြစ်ချင် တယ်။ ဖြစ်လို့ရသလား။ ဂျက်လီဖြစ်ချင်လို့ ရမလား။ ကျော်ဟိန်းဖြစ်လို့ ရမလား။ ကိုယ့်တန်ဖိုးကိုမှ ကိုယ်မသိဘဲ တခြား သူရဲ့ဘဝကိုမှ အားကျနေလို့မဖြစ်ဘူး။
မင်း ချမ်းသာချင်သလား။
မင်း အောင်မြင်ချင်သလား။
မင်း ကျော်ကြားချင်သလား။
တခြားလူတွေကို သွားအတုမခိုးနဲ့။ အားမကျနဲ့။ ကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်။ ကိုယ့်ရဲ့အဆင့်ကို သိအောင်လုပ်။ လိုနေတာကို ထပ်ဖြည့်။ သိလာတဲ့၊ ပြည့်လာတဲ့ မင်းကိုမင်း ကျေနပ်ပါ။ လက်ခံပါ။
မင်းဟာ မင်းပဲ အခြားသူမဟုတ်ဘူး။
မင်းဟာ မင်းပဲဖြစ်ပါစေ။
● သူ့ပေတံနှင့်သာ တိုင်းတာပါစေ
အောင်မြင်လိုသူတိုင်း တစ်ဖက်လူနဲ့ စကားပြောရာမှာ သူနားမလည်နိုင်သောဝေါဟာရ၊ အသုံးအနှုန်းများနဲ့ ဥပမာ၊ ဥပမေယျများကို ဘယ်တော့မှ မသုံးပါနဲ့။ သူ့အလုပ်၊ သူ့ အခြေအနေနဲ့ အနီးစပ်ဆုံး အသုံးအနှုန်းများလို့သာသုံးပါ။
ကိုယ့်ပစ္စည်း၊ ကိုယ့်အယူအဆ၊ ကိုယ့်အဖြစ်အပျက်ကို တစ်ဖက်လူအား တင်ပြရာမှာ အဲဒီလူရဲ့ဝါသနာ၊ အတွေ့ အကြုံ၊ လုပ်ငန်းတို့နဲ့ နီးစပ်ပတ်သက်တဲ့ အပြောအဆို၊ အသုံးအနှုန်းများဖြင့် တင်ပြနိုင်မှသာလျှင် ကိုယ့်ရည်မှန်းချက် အောင်မြင်နိုင်ပါလိမ့်မယ်။
ဒါ့ကြောင့် တစ်ဖက်လူနဲ့ ပြောဆိုဆွေးနွေးရင် ‘ကိုယ့် ပေတံ၊ ကိုယ့်အထွာ’နဲ့ တိုင်းတာပြောဆိုခြင်း မပြုပါနဲ့၊ ‘သူ့ပေတံ’နဲ့သာ တိုင်းတာပြောဆိုပါစေ။
ရေထဲက ငါးဟာ တီကောင်ကြိုက်တယ်။
တောထဲက ကျားဟာ အသားကြိုက်တယ်။
ခြံထဲက နွားဟာ မြက်ကြိုက်တယ်။
ဒါ့ကြောင့် ငါးမျှားရင် ငါးစာအဖြစ် တို့တွေ တီကောင်ကို သုံးပြီးမျှားမှ ငါးမိပါလိမ့်မယ်။
ဒီတိုင်းပဲ။
လူတွေကို ကိုယ့်ဘက်ပါအောင် လုပ်နိုင်ဖို့ ဆိုတာသူတို့ ကြိုက်တာကို ချရွေးမှကိုယ့်ဘက်ပါလာအောင် လုပ်လို့ ရနိုင်ပါတယ်။
လူတိုင်းဟာ ကိုယ့်ဆန္ဒကိုပဲ အလေးထားတယ်။ အခြားကိုယ့်ဘေးက လူတွေ ဘာလိုချင်နေတယ်ဆိုတာ မသိကြ ဘူး။ စိတ်မဝင်စားကြဘူး။ ကိုယ်လို ချင်တာကိုပဲ ပြောဆိုနေလေ့ ရှိကြပါတယ်။
ဒါ့ကြောင့် လူတစ်ယောက်ကို ကိုယ့်ဘက်ပါလာအောင် လုပ်ချင်ရင် သူ့အခြေခံဆန္ဒက ဘာလဲဆိုတာ ပထမဆုံးသိ အောင် လုပ်ရမယ်။
ကမ္ဘာကျော် သူဌေးကြီး အင်ဒရူးကာနယ်ဂျီဟာ ငယ်စဉ်ကအလွန် ဆင်းရဲခဲ့ဖူးတယ်။ တစ်နာရီလုပ်ခ ၂ ဆင့် လောက်နဲ့ အလုပ်လုပ်ခဲ့ရဖူးတယ်။ 
ဒါပေမယ့် တစ်နေ့ သူ့ဟာ ဒေါ်လာ ၂၆၅ သန်းကို လှူပစ်နိုင်တဲ့ဘဝအထိ ချမ်းသာ ကြွယ်ဝခဲ့တယ်။
သူ ဘာကြောင့် ချမ်းသာခဲ့သလဲ။
အဖြေက ရိုးစင်းလှပါတယ်။
အဓိကက အရည်အသွေးက လူတွေကို သူ့ဘက် ပါအောင် စည်းရုံးနိုင်တဲ့ စွမ်းရည်ရှိလို့ပါပဲ။
‘’ခင်ဗျားပြောတာ မဟုတ်သေးဘူး။ ဒီမှာ ကျွန်တော် ပြောပြမယ်’’ ဟူသော စကားမျိုးသွားသုံးရင် တစ်ဖက်လူက ကိုယ့်ကို ဆန့်ကျင်သွားလိမ့်မယ်။ သူ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်မြင့်နေသူ ဆိုလျှင် ဆက်ဆံရတာ အခက်ခဲဆုံးပေါ့။
‘’ဒီမှာမိတ်ဆွေ၊ မိတ်ဆွေပြောသွားတာတွေဟာ အတော်ကောင်းပါတယ်။ မိတ်ဆွေပြောတာကို နားထောင်ရင်း ကျွန်တော် စိတ်ကူးတစ်ခု ရလာတယ်။ မိတ်ဆွေ သိပြီးသားပါ။ ဒါပေမယ့် မေ့ချင်မေ့နေလိမ့်မယ်။ ကျွန်တော် စိတ်ကူးမိတာက ဒီလိုပါ’’
ဟူသော အသုံးအနှုန်းမျိုးနဲ့ ချဉ်းကပ်လိုက်ပါက ကိုယ့်စကားကို အာရုံစိုက်လာလိမ့်မယ်။ သူမသိသေးသော စိတ်ကူးတစ်ခုကို တင်ပြလျှင်လည်း သူမေ့နေတာကို ပြန်ပြောပြတဲ့ အနေမျိုးဖြင့် တင်ပြမှသာ သူက ကိုယ့်ကို လက်ခံ လာပါလိမ့်မယ်ဆိုတာ မမေ့ဖို့ပြောပါရစေ။
လူငယ်တို့ရေ-
နောက်ဆုံး အစ်ကိုကြီး ပြောပြချင်တာကတော့ အောင်မြင်ကြီးပွားချင်သူတိုင်းဟာ ကြီးပွားအောင်မြင်ခြင်းရဲ့ သော့ ချက်တွေ၊ ဗိုလ်ဖြစ်အောင် လုပ်နည်း၊ ကိုယ်ဘာကို အလိုရှိသလဲ၊ ဘယ်လိုဘဝမျိုး တည်ဆောက်မှာလဲ၊ တည်ကြည် ခြင်း၊ ဆန္ဒ၊ မိမိအပေါ် ယုံကြည်မှု၊ စကားရဲ့ အရေးပါမှု၊ အပြစ်ဖြစ်သော စကားများ၊ ဝါကြွားပြောဆိုခြင်း၊ အနိုင့်အထက် ပြော သော စကား၊ သူတစ်ပါးစကားလို အာရုံစိုက်နားထောင်တတ်ခြင်း၊ ချီးမွမ်းစကားဆိုခြင်း၊ အချိန်ကို တန်ဖိုးထားခြင်း၊ အတတ်ပညာ၊ မိမိအလုပ်ကို တန်ဖိုးထားပါ။ အကြံကြီးရမည်၊ အတွေးအခေါ်မှားခြင်း၊ အလုပ်မဖြစ်ခြင်း၊ မိတ်ဆွေများကို အပြစ်ဖို့ခြင်း၊ မဖွယ်ရာသော အမူအရာရှိ ခြင်း၊ ဝတ်စားပုံ မတင့်တယ်ခြင်း၊ မကောင်းသော စရိုက်၊  မလိုအပ်ဘဲ ငြင်းခုံခြင်း၊ ဦးစားပေးသင့်သည်ကို နောက်မှလုပ်ခြင်း၊ အကြောက်စိတ်၊ ကိုယ်ရည်ကိုယ်သွေး၊ ကျန်းမာရေးသည် အဓိက၊ သတ္တိမွေးပါ၊ ဘဝရည်မှန်းချက်၊ လွဲမှားနေ သောမာန၊ ကိုယ့်တန်ဖိုးကို သိပါ။ သူ့ပေတံနှင့်သာတိုင်းပါစေ စတဲ့ ကဏ္ဍတွေမှာပါတဲ့ ဆောင်သင့် ရှောင်သင့် အချက်တွေကို အချိန်ရရင်ရသလို တစ်နေ့ ခေါင်းစဉ်တစ်ခုဖတ်ပြီး ကျင့်ကြံအားထုတ်ရင် မင်းတို့ဟာ များမကြာမီအတွင်း အောင်မြင်ကြီးပွား ထွန်းပေါက်တဲ့ လူငယ်တွေဖြစ်ပြီ ဆိုတာကို အစ်ကိုကြီး အတိအကျ ပြောလိုက်တော့မယ်။
လူငယ်တိုင်းကြီးပွားတိုးတက် အောင်မြင်မှုတွေရနိုင်ပါစေလို့ အစ်ကိုကြီး ဆန္ဒပြုလိုက်ပါတယ်ကွာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts