သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

ဘားနတ်စာကြည့်တိုက်ကိုတည်ထောင်ခဲ့သော ဆာချားလ်ဘားနတ်
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၂၄၊ ၂၀၁၃

ဘားနတ် အခလွတ်စာကြည့်တိုက် (Bernard Free Library) သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက် လာသော ပြည်သူတို့အား အခမဲ့ကြည့်ရှုခွင့်ပြုသည့် စာကြည့်တိုက်ဖြစ်သည်။

ဘားနတ်စာကြည့်တိုက် ဟု ခေါ်တွင်ခြင်းမှာ ထိုစဉ်က အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်ဘာနတ်သည် မိမိပိုင်စာ အုပ်များဖြင့် ခရစ် ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် (မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) ဗုဒ္ဓဟူးနေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သောကြောင့် ဖြစ်သည်။ စတင် တည်ထောင်စဉ်က ဘားနတ်အခလွတ်ပိဋိကတ်တိုက်ဟု ခေါ်တွင်၍ ၎င်းကိုယ် ပိုင်အိမ် (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ လသာ အထက (၁)နေရာ)၌ ဖွင့်လှစ်ခဲ့သည်။ ‘အခလွတ်’ဟု ခေါ်ဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေးကျောင်းသားများ၊ သုတေသီများကို စာအုပ်စာတမ်းလေ့လာနိုင်ရန် အိမ်တွင်းစာကြည့်တိုက် ပမာဏ ကိုကျော်၍၊ သုတေသနလုပ်နိုင်စေရန် ရည်ရွယ်သောကြောင့် ဖြစ်လေသည်။

နောက်ပိုင်းတွင် ဘားနတ် စာကြည့်တိုက်သည် တရားပိုင်မင်းကြီး ဂျာဒင်း၏ စာစုများ၊ ရန်ကုန်ကောလိပ်မှ ပါမောက္ခချီးလ်ဒါး၏ ပါဠိစာစုများ၊ ပေးအပ်လှူဒါန်းမှုနှင့် ရန်ကုန်မြို့မှ ကုန်သည်ကြီး ဦးမြို့နှင့် ရာဇဝတ်ဝန် ဦးဘိုးမြှင်တို့က ရေစက်ချလှူဒါန်းသော ငွေတသောင်းတန်မွန်၊ မြန်မာ၊ ပါဠိ ပုရပိုက်စာစုများကြောင့် တိုးပွားလာခဲ့သည်။ ပါမောက္ခချီးလ်ဒါး သည်သီဟိုဠ်ကျွန်း (သီရိလင်္ကာ)တွင် ဗုဒ္ဓဘာသာကျမ်းဂန်များကို လေ့လာသင်ကြားပြီးနောက် အင်္ဂလန်တွင် ‘ပါဠိ-အင်္ဂလိပ်အဘိဓာန်ကြီး”ကို ပထမဆုံး ပြုစုခဲ့သူဖြစ်သည်။

သီပေါမင်းပါတော်မူပြီးသည့်နောက်တွင်ကား ဘားနတ်စာကြည့်တိုက်ရှိ စာစုများသည် အလွန်တိုးပွားလာခဲ့သည်။ တိုးပွားပုံမှာ ၁၈၈၅ နိုဝင်ဘာ ၂၈ တွင် အင်္ဂလိပ်စစ်တပ်များ မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထို့အခါ စစ်သားများသည် နန်းတွင်းရှိ ရွှေ၊ ငွေ ရတနာ လိုချင်ဇောဖြင့် ပေပုရပိုက်များထည့်ထားသော စာတိုက်သေတ္တာကြီးများကို မွေနှောက်ရှာဖွေရာ ပေပုရပိုက်များကျိုးပဲ့ပျက်စီးခဲ့ရသည်။ ဗြိတိသျှ စစ်ဗိုလ် စစ်သားများက အမှိုက်ရှုပ်သည်ဟု ဆိုကာ မီးရှို့ပစ်ကြသည်။ ထိုအချိန်က နန်းတွင်းသို့ ရောက်လာသည့် မည်သူမဆို ပေပုရပိုက်များကို ယူချင်သလောက် ယူနိုင်သည်။ မီးတင်ရှို့သည်မှာ တစ်ပတ်ခန့် ကြာမြင့်သည်ဟု ဆိုသည်။ ဤတွင် တောင်ခွင် မင်းကြီးဦးမြဲက ကာနယ်စလေဒပ် ထံ လူလွတ်၍ အရေးတယူပြောဆိုသဖြင့် မီးရှို့ခြင်း၊ ယူငင်ခြင်း မပြုရန် ကာနယ်စလေဒပ်က အမိန့် ထုတ်တားမြစ်လိုက်သည်။ ထိုကြွင်းကျန်ရစ်သော ပေပုရပိုက်များသည်  သုံးစုကွဲ၍ တစ်စုသည် ယိုးဒယားဘုရင်ထံသို့ လည်းကောင်း၊ ကျန်တစ်စုသည် လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်ရုံး စာကြည့်တိုက်သို့လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးရုံးမှတဆင့် ဘားနတ်စာကြည့်တိုက်သို့လည်းကောင်း ရောက်ရှိခဲ့လေသည်။ ထို့နောက် ၁၈၉၄ တွင် မြန်မာနိုင်ငံအစိုးရက မြန်မာ၊ ပါဠိ၊ မွန် ဘာသာဖြင့် ရေးသားထားသော ကျမ်းဂန်ပေါင်း ၁၈၄ စောင်ကို လည်းကောင်း၊ ၁၉၀၀ ပြည့်နှစ်တွင် ရှမ်းဘာသာဖြင့် ရေးသားခဲ့သော ကျမ်းဂန်များကိုလည်းကောင်း၊ စုဆောင်းခဲ့သည်။ ၁၈၉၅တွင် ယိုးဒယားဘုရင်က ရှမ်းဘာသာဖြင့် ရေးသားထားသော ပါဠိ ပိဋိကတ်သုံးပုံ ၃၉ ပုံကို လှူဒါန်းခဲ့ပြန်သည်။

၁၉၀၅ တွင် ဖယ်ယာပြတိုက် ရွှေ့ပြောင်းဖျက်သိမ်းလိုက်သောကြောင့် ဖယ်ယာပြတိုက်ရှိ စာအုပ်အချို့ကို ဘားနတ်စာကြည့်တိုက်က ရရှိခဲ့သည်။

တဖန် ၁၉၂၁ တွင် ကင်းဝန်မင်းကြီးဦးကောင်း၏ ပေပုရပိုက်များကို ၁၅၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍လည်းကောင်း၊ ၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်ဦးတင်၏ ပေပုရပိုက်များကို ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍လည်းကောင်း ဘားနတ်စာကြည့်တိုက်တွင် ထည့်ခဲ့ပြန်သည်။ သို့ဖြင့် ၁၉၄၀ ခုနှစ်တွင် ပုံနှိပ်စာ ၂၀၃၀၅၊ ပေပုရပိုက် ၇၅၈၈ အထိ တိုးတက်လာခဲ့သည်။

ဘားနတ်စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများကို အမျိုးအစားခွဲခြားပါက –
(က) အနောက်တိုင်းစာပေ
(ခ) အရှေ့တိုင်းစာပေ ဟူ၍ နှစ်မျိုးရှိသည်။

အနောက်တိုင်းစာပေအများစုမှာ ပုံနှိပ်စာအုပ်များသာ ဖြစ်သည်။ အရှေ့တိုင်းစာပေတွင် ပုံနှိပ်စာအုပ်၊ လက်ရေးစာမူ ဟူ၍ခွဲခြားထားသည်။ လက်ရေးစာမူတွင် ပေစာ၊ ပုရပိုက်စာ၊ စက္ကူစာ ဟူ၍ သုံးမျိုးခွဲခြားထားသည်။

အဆိုပါ စာကြည့်တိုက်ကိုမူလက ပညာရေး ဆင်ဒီကိတ် အဖွဲ့က အုပ်ချုပ်ခဲ့သည်။ ထို့နောက် အစိုးရခန့် ပုဂ္ဂိုလ်သုံးဦး၊ ရန်ကုန် တက္ကသိုလ်ကောင်စီခန့် ပုဂ္ဂိုလ်သုံးဦး၊ ရန်ကုန်မြူနီစပယ်ခန့် ပုဂ္ဂိုလ်သုံးဦးပါဝင်သော အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ ရန်ပုံငွေကို အစိုးရ နှင့် ရန်ကုန်မြူနီစပယ်က ပူးပေါင်းကာ ပေးအပ်ခဲ့သည်။ ပါမောက္ခချားလ်ဒူရာဇယ် စသောပုဂ္ဂိုလ်ကြီးများက အကျိုးဆောင်လိုက်စိုးအဖြစ်ဆောက်ရွက်၍ အမြဲတမ်းဝန်ထမ်းများမှာ ပထမလက်ထောက်တိုက်စိုး၊ ဒုတိယလက်ထောက် တိုက်စိုး စသည်တို့  ဖြစ်လေသည်။

ဘားနတ်အခလွတ်စာကြည့်တိုက် ဦးပေါ်ဦးလျှောက်ထုံးပြုစုခဲ့သော ဆရာအောင်၊ သဘင်ဝန်ဦးနု၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဆရာဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသော ပုဂ္ဂိုလ်များ၏ မှီခို လဲလျောင်းရာဌာနဖြစ်သည်။ ၁၉၄၂ တွင် စစ်ကြီးဖြစ်ပွားခဲ့သောကြောင့် ဘားနတ်စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများ၊ ပရိဘောဂများ မြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်။ စစ်ပြီးနောက် ဘားနတ်စာကြည့်တိုက်ကို ၁၉၄၈ ခု သြဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၁၉၅၂ ဇွန်လ ၁ ရက်နေ့တွင် ယဉ်ကျေးမှုဌာနက ဘားနတ်စာကြည့်တိုက်ကို သိမ်းယူ၍ ဂျူဗလီဟောရုံသို့ ပြောင်းရွှေ့ကာ အမျိုးသားစာကြည့်တိုက် ဟု အမည်ပြောင်းဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဘားနတ်စာကြည့်တိုက်အဖြစ်လဲ အမျိုးသားစာကြည့်တိုက်တိုက်ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁ တွင် အမှတ် ၁၆၆၊ ပန်းဆိုးတန်း ဒုတိယထပ်နှင့် တတိယထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုမှတဖန် ၁၉၆၅တွင်မြို့တော်ခန်းမ တတိယထပ်တောင်ဘက်နှင့်အနောက်ဘက်ခြမ်းရှိ အခန်းများသို့ ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ပြန်သည်။ ၁၉၈၄ ဒီဇင်ဘာလ ၂၄ တွင် ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံး ပထမထပ်နှင့် ဒုတိပထပ်သို့ တဖန်ပြောင်းရွှေ့ခဲ့သည်။

နအဖ စစ်အစိုးရလက်ထက်တွင် ၂၀၀၂ ခုနှစ်၌ ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ မြေနေရာ ၁၀ ဧက ကျယ်ဝန်းသော သီးသန့်အဆောက်အအုံ (ဆောက်လက်စ အဆောက်အအုံ) သို့ ပြောင်းရွှေ့၍ ၂၀၀၂ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါအဆောက်အအုံကို ပုဂ္ဂလိကလက်သို့ အစိုးရလွှဲပြောင်းရောင်းချ၍ တဖန် အမျိုးသားစာကြည့်တိုက်ရှိစာအုပ်များကို ထက်ဝက်ခန့်ကို နေပြည်တော်သို့လည်းကောင်း၊ တဝက်ကို ရန်ကုန်မြို့တွင် ထားရှိ၍ ၂၀၀၈ သြဂုတ်လတွင် အမှတ် (၈၅-က) သီရိမင်္ဂလာရိပ်သာလမ်းသွယ် ကမ္ဘာအေးဘုရားလမ်း ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့၍ ဖွင့်လှစ်ခဲ့သည်။

အမျိုးသားစာကြည်တိုက်၏ဆောင်ပုဒ်မှာ “မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ စာပေအမွေအနှစ် ပစ္စည်းများနှင့် အသိပညာဗဟုသုတ အလုပ်များကို သုတဘဏ်တိုက်ကဲ့သို့ စုဆောင်းထိန်းသိမ်းစောင့်ရှောက်၍ စာကြည့်တိုက် သတင်းအချက်အလက်များကို ဝန်ဆောင်မှု ပေးရန်” ဟူ၍ ကမ္ဘာသိကြွေးကြော်နေသော်လည်း ယနေ့တိုင် စာကြည့်တိုက် နေရာအတိကျ မရရှိသည်မှာ ဆာချားလ်ဘား နတ်၏ စေတ နာနှင့်လက်ရှိအစိုးရ၏ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာဗဟုသုတမြှင့်မားရေးကို ထားရှိသော စေတနာမှာ ရေနှင့် ဆီလိုကွာခြား နေသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။

သို့ကလို မြန်မာနိုင်ငံတွင် ပြည်သူတို့အား အခမဲ့ကြည့်ရှုခွင့်ပြုခဲ့သည် ပထမဆုံး ဘားနတ်အခလွတ် စာကြည့်တိုက်ကို တည်ထောင်ခဲ့သော ဆာချားလ်အက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) ကို ၁၈၃၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလန်ပြည် ဗရစ္စတိုးမြို့၌ အဖ ဆရာဝန် ဂျိမ်းဖိုဂိုးဘားနတ် (Dr.James Fogo Bernard, M.D)နှင့် အမိ မာရီယန်နီ အမ်မီလီယာလောရန့်စ် (Marianne Amelia Lawrence)တို့မှ ဖွားမြင်ခဲ့သည်။

ဘားနတ်သည် ရပ်ဂမီကျောင်း (Rugby School)အက်ဒစ်ကုံဘီ (Addiscombe) ကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီးနောက် ၁၈၅၅ တွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ယင်းနောက် ပြန်တမ်းဝင်အရာရှိ အဖြစ် စစ်မှုထမ်းနေစဉ်မှာပင် ဟေလီဗာရီကောလိပ် (Hailey bury Colledge) သို့ တက်ရောက်သင်ကြားခွင့်ရရှိခဲ့သည်။ ယင်းကောလိပ်တွင် သင်္ချာဘာသာ၊ ပါရှန်ဘာသာ နှင့် ဟိန္ဒူစတန္နီဘာသာ တို့၌ ထူးချွန်သဖြင့် ပညာသင်ဆု များရရှိခဲ့သည်။

၁၈၅၇ ခုနှစ်တွင် ပဋိညာဉ်ခံဝန်ထမ်း (I.C.S) ဖြစ်ခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်တွင် ဦးလေးတော်သူ ဆာဂျွန် လောရင့်လက်အောက်၌ ဝင်ရောက်အမှုထမ်းခဲ့သည်။ ထို့နောက် အိန္နိယဗဟိုပြည်နယ်၌ မဟာဝန်ရှင်တော်မင်းကြီးများဖြစ်သော ဆာရောဘတ်တင်ပယ်နှင့် ဆာ ဂျော့ကင်းဘဲလ်တို့လက်အောက်တွင် အမှုထမ်း၍ ထင်ရှားလာခဲ့သည်။ ၁၈၆၂ တွင် ရစ်ချက် တော်နီ၏ သမီးဆူဆန်ကပ်ပဲတော်နေ (Susan Capel Tawney) နှင့် ကာလကတ္တားမြို့တွင် လက်ထပ်၍ သားသမီး ၈ဦး ထွန်းကားခဲ့သည်။

ထို့နောက် ၁၈၇၄ ခုနှစ်မှ ၁၈၇၇ ခုနှစ်အထိ အိန္ဒိယ နိုင်ငံအလယ်ပိုင်းပြည်နယ်တွင် ကော်မရှင်နာမင်းကြီးအဖြစ် ထမ်းရွက်ခဲ့၍ ၁၈၇၅ တွင် C.S.I (Companion of the Star of India) ခေါ် အိန္ဒိယ သဟာယ ကြယ်တရာ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံရသည်။ ၁၈၈၇ ခုနှစ်တွင် ဆာရစ် ချတ်တင်ပယ်ခေါင်းဆောင်သည့် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေး ကော်မရှင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက် အိန္ဒိယအစိုးရပြည်ထဲရေးဌာန အတွင်းဝန် ဖြစ်လာခဲ့သည်။

၁၈၈၀ ပြည့်နှစ်တွင် ဆာချားလ်ဘားနတ်သည် အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်းခံရသည်။ ၁၈၈၃ ခုနှစ်တွင် ရန်ကုန်မြို့၌ အခလွတ်စာကြည့်တိုက်တည်ထောင်ခဲ့ရာ သူ့အား ဂုဏ်ပြုသောအားဖြင့် ဘားနတ်အခလွတ်စာကြည့်တိုက် ဟုခေါ်တွင်ခဲ့သည်။ထို့ နောက် အထက်မြန်မာနိုင်ငံဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခံရသည်။ သို့သော် မငြိမ်မသက် မင်း ပြောင်းမင်းလွဲ အချိန်မျိုးတွင် အုပ်ချုပ်ရေးတာဝန်ကို ထမ်းရွက်ခဲ့ရသောကြောင့် သူ၏ တာဝန်မှာ အတော်ပင်ကြီးမားလှသည်။ သို့ရာတွင် သူ၏ လိမ္မာပါးနပ်သော အုပ်ချုပ်ရေးစွမ်းရည်ကြောင့် အစစအရာရာအဆင်ပြေအောင်မြင်ခဲ့သည်။

ဆာချားလ်ဘားနတ်၏အကြောင်းကို သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဆာဟားဗတ်သာ ကယ်ဝှိုက်က သူရေးသားခဲ့သော ‘မြန်မာနိုင်ငံမှ ပဋိညာဉ်ခံဝန်ထမ်းတစ်ဦး’ စာအုပ်၌ –

“ဆာချားလ်ဘာနတ်သည် ပြည်သူလူထုအပေါ်လေးစားကြင်နာတတ်သူဖြစ်သည်။ ကိန်းကြီးခန်းကြီး လုပ်ရမည်ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်သည်။ သူ့အပေါ်ကျရောက်လာသော တာဝန်နှင့် ဝတ္တရားကိုလည်း  ဦးလည်မသုန်စွမ်းအားရှိသမျှ ဆောင်ရွက်တတ်သည်။ သူကိုယ်တိုင်လည်း စည်းကမ်းလိုက်နာ၍ သူတပါးအားလည်း ထိုအတိုင်းဖြစ်စေချင်သူ ဖြစ်သည်။ အိန္ဒိယအင်ပါယာကြီးဖြစ်အောင်ပြုစုပျိုးတောင်ခဲ့သူအများအပြားရှိသည့်အနက် စာရိတ္တနှင့် ဥာဏ်ရည်တွင် သူတကာထက်ထူးချွန်သူ ဖြစ်သည်။ မှတ်ဥာဏ်အထူးကောင်း၍ လုပ်ငန်းဆောက်ရွက်ရာ ယှဉ်မမီအောင်လျင်မြန်လှသည်” ဟုရေးသားထားလေသည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ရက်တွင် ဗြိတိသျှတို့ အထက်မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆာချားလ်ဘားနတ်သည် မန္တလေးရတနာပုံနေပြည်တော်သို့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးကိစ္စများကို စီမံခန့်ခွဲခဲ့သည်။

ဘားနတ်သည် ၁၈၈၆ ဇန်နဝါရီလတွင် K.C.S.I ဘွဲ့ဖြင့် သူကောင်းပြုခြင်းခံခဲ့ရသည်။ ထိုနှစ်မတ်လတွင် မန္တလေးနေပြည်တော်တွင် ဆာအက်ဒွပ်စလေဒင် ဦးစီးသော လွှတ်တော်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း၍ မဟာဝန်ရှင်တော်မင်းကြီးတိုက်ရိုက်အုပ်ချုပ်သော စနစ်ကို ရေးဆွဲကာ မစ္စတာ ဟော့ကင်းဘင်အား အထူးဝန် ရှင်တော်မင်းကြီးအဖြစ် ခန့်အပ်၍ အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စေခဲ့သည်။ သူကိုယ်တိုင်ကမူ အထက်မြန်မာနိုင်ငံကို အာရုံစိုက်အုပ်ချုပ်ခဲ့သည်။ အထက်မြန်မာနိုင်ငံ ကော်မရှင်နာမင်းကြီးအဖြစ် ၁၈၈၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ ၁၈၈၇ ခုနှစ် မတ်လ ၁၂ ရက်နေ့အထိ အုပ်ချုပ်ခဲ့လေသည်။ နယ်မြေအသစ်ကို အုပ်ချုပ်ခဲ့ရသော ဘားနတ်သည် ခေါင်းတလုံးနှင့် ရေအိုးသုံးလုံးရွက်ထားရသကဲ့သို့ တာဝန်ကြီးလှသည်။ ရာဇဝတ်မှုရေးရာကိစ္စ၊ ဆူပူအုံကြွမှုကိစ္စ၊ စီးပွားရေးကိစ္စ များအတွက် တစ်ဦးတည်း ဒိုင်ခံစီမံအုပ်ချုပ်ခဲ့ရသည်။

ဆာချားလ်ဘားနတ်သည် မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းပညာရေးစနစ်ကို အထူးနှစ်သက်၍ ထောက်ပံ့ကူညီမှု ပေးခဲ့သည်။ သာသနာပိုင် ဆရာတော်ကိုပင် ဝင်ရောက်တွေ့ဆုံ၍ အောက်မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ သာသနာတော် ပြန့်ပွားစေရန် ဆောင်ရွက်စေသည်။ သာသနာပိုင်ကြီးနှင့် တကွ အခြားထင်ရှားသော ဆရာတော်နှစ်ပါးကိုလည်း ဆွမ်းဆန်၊ဆေး၊သင်္ကန်း၊ကျောင်း စသောပစ္စည်းလေးပါး နှင့်စရိတ်ထောက်ပံ့ခဲ့သည်။

အုပ်ချုပ်ရေးအောင်မြင်စေရန် လမ်းပန်းဆက်သွယ်ရေးသည် အရေးပါးသည်ကို သိသောဘားနတ်သည် ရန်ကုန်တောင်ငူမီးရထားလမ်းကို ဖောက်လုပ်စေခဲ့သည်။ ထို့နောက် တောင်ငူ-မန္တလေး မီးရထားလမ်းကိုလည်း ဆက်လက်ဖောက်စေခဲ့သည်။

မြန်မာနိုင်ငံအုပ်ချုပ်ရေးတွင် အရေးပါသော မြို့အုပ်များ ရွေးချယ်ရာတွင်လည်း အစိုးရနှင့် အလွမ်းသင့်သောသူများကို ဆွဲခန့်သည့်စနစ်အစား မြို့အုပ်လောင်းများကို စာမေးပွဲဝင်ရောက်ဖြေစေ၍ ထူးချွန်စွာ အောင်မြင်သူများကိုသာ ခန့်အပ်စေခဲ့သည်။

၁၈၈၇ ခုနှစ်တွင် ဆာချားလ်ဘားနတ် အိန္ဒိယနိုင်ငံသို့ ပြန်၍ အိန္ဒိယအတွင်းဝန်ရုံးတွင် အခွန်တော်ဌာနအတွင်းဝန်အဖြစ်၊ ၁၈၈၇ မှ ၁၉၀၁ ခုနှစ်အထိ ၁၄ နှစ်တိုင် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၀၁ ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့တွင် အသက် ၆၄ နှစ်၌ အင်္ဂလန်ပြည် ရှာမိုနစ် (Chamonix)မြို့၌ ကွယ်လွန်ခဲ့လေသည်။

Base on:
၁) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ) ပညာရွှေတော် စာအုပ်တိုက် ပကြိမ် ၂၀၁၀။
၂) တိုက်စိုး၊ ပညာသိုက် နှစ်ကာလများစာအုပ်တိုက်၊ ဒုကြိမ် ၂၀၁၁။
၃) မြင့်ဆွေ “ဘားနဒ်အခမဲ့စာကြည့်တိုက်” ရှုမဝရုပ်စုံမဂ္ဂဇင်းတွဲ ၂၈၊ မှတ် ၃၃၄၊ ၃၃၅။ (၁၉၇၅ မတ်၊ ဧပြီ)
၎) Sir Charles Edward Bernard, wikipedia, The Free encyclopedia.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts