>Thurain Htet – Construction & Exile Media

>

ဒါလည်း ဟုတ်တာပဲ
သူရိန်ထက်
အောက်တိုဘာ ၂၆၊ ၂၀၁၀

အဲဒီနေ့က ကျနော်တို့ တံခါးပိတ် အရေးပေါ် အစည်းအဝေး လုပ်ကြတယ်။ ကျနော်တို့ဆိုတာက အင်ဂျင်နီယာတွေ ပါတယ်။ တာဝန်ခံကုမ္ပဏီက လူတွေလည်း ပါတယ်။ ဒေသခံ မြို့မိမြို့ဖတွေလည်း ပါတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ တိုင်းအုပ်ချုပ်ရေးပိုင်းကလူတွေ ပါတယ်။ နောက် … တိုင်းမှူးနဲ့ လူကြီးတွေလည်း ပါတယ်။ လူစုံ ဆိုပါတော့ဗျာ။ အဲ … မီဒီယာသမားတွေတော့ မပါဘူး။ မပါဘူး ဆိုတာထက် မခေါ်ထားသေးဘူးဆိုရင် ပိုမှန်မယ်။ ခေါ်ထားလို့လည်း မဖြစ်သေးဘူးလေ။ ကျနော်တို့ ပတ်သက်ဆက်နွယ်သူတွေ အကုန်စုပေါင်း ဆွေးနွေးပြီး အထက်ကိုတင်ပြ။ အထက်က အိုကေဆိုမှ မီဒီယာက တဆင့် တင်ပြရမှာကိုး။

ဖြစ်ပျက်ပုံကို ခင်ဗျားတို့သိပြီးသား မဟုတ်လား။ ကဲပါလေ … အစကပဲ ပြန်ရှင်းပြမယ်ဗျာ။ ကျနော်တို့ဆီက သတင်းမီဒီယာတွေမှာ ဟိုးလေးတကျော် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖော်ပြနေတဲ့ “အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှာ နေပြည်တော်-မန္တလေး လမ်းမသစ်ကြီး ဖွင့်ပွဲလုပ်တော့မယ်” ဆိုတဲ့သတင်းလေ။ ဟုတ်တယ် … သတင်းတွေမှာ စာလုံးမဲကြီးနဲ့ သတင်းဂျာနယ် အစုံစုံက ဖော်ပြနေတာလေ။

ဖွင့်ပွဲကို ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဖွင့်ပါဆိုပြီး အထက်ကလည်း ညွှန်ကြားထားတော့ ကျနော်တို့ တာဝန်ရှိသူတွေလည်း ဝါယမစိုက်ပြီး အပတ်တကုတ် ကြိုးစားခဲ့တာပေါ့။ သတင်းမီဒီယာတွေမှာ၊ တီဗွီတွေမှာ အဖွင့်သတင်းကြီးအနေနဲ့ အရေးပါတဲ့လူကြီးတွေကိုယ်တိုင် ဖွင့်လှစ်ပေးမှာဆိုတော့လည်း ဘက်ပေါင်းစုံက ထောင့်စေ့အောင် ကြိုးပမ်းခဲ့ရတာပေါ့ဗျာ။

အဖြူအစိမ်းဝတ်တွေကိုလည်း ချောဆွဲရတယ်။ အမျိုးသမီးတွေဆိုတာ ပုဝါစိမ်းတွေ တပြင်ပြင်ပေါ့။ ဆိုင်းဘုတ်ကြီးတွေ၊ မုဒ်ဦးကြီးတွေ ကြိုလုပ်ထားရတယ်။ ဖဲကြိုးတွေ၊ မိုးပျံပူပေါင်းတွေကအစ အစုံစီစဉ်ထားတာလေ။ သတ်မှတ်ရက်အချိန်မှီ လမ်းမကြီးပြီးစီးအောင်လည်း နေ့ညမအား ကြိုးစားရတာပေါ့ဗျာ။ ဖဲကြိုးဖြတ်မယ့်လူကြီးဆို မှန်ရှေ့မှာ ကတ်ကြေးလေး တကိုင်ကိုင်နဲ့ စတိုင်ကျကျ ဖဲကြိုးဖြတ်ဖို့အခါခါ စမ်းသပ်လေ့ကျင့်ပြင်ဆင်ထား ရရှာတာဆိုပဲ။ ကျောင်းသားလေးတွေလည်း အဲဒီနေ့ အကုန်လာဖို့ စီစဉ်ထားရတာ။ ကျုပ်တို့ ခြင်္သေ့ပါတီက လူတွေကလည်း အင်ပြည့်အားပြည့်ပေါ့ဗျာ။ ရပ်ကွက်တွေ မြို့တွေထဲက အနည်းဆုံး တအိမ်တယောက် မလာမနေရ။ စီစဉ်ထားပြီးသားလေ။

အဲ … ဖြစ်ချင်တော့ ခင်ဗျားတို့သိတဲ့အတိုင်း လမ်းမကြီးက ဖွင့်တောင်မဖွင့်ရသေးဘူး။ ဖွင့်ပွဲလုပ်ဖို့ အစစ ပြင်ဆင်ပြီး အသင့်ဖြစ်ပြီဆိုမှ လမ်းမကြီးမှာ ဟိုနား ဒီနားက ပျက်ဟဲ့ ကျိုးဟဲ့ ပဲ့ဟဲ့ နဲ့ ဖြစ်ပါလေရော။ သွားပြီ။ ကျနော်တို့အားလုံး ခေါင်းကျိန်းပါလေရော။

တကယ်ဆို လမ်းမဖွင့်ပြီးမှ တံတားကျိုးကျိုး၊ ကားမှောက်မှောက်၊ လူသေသေ ဖြစ်ချင်ရာဖြစ်ပေါ့။ အခုတော့ မဟုတ်ပေါင်။ လမ်းဖွင့်တော့မယ်ဆိုမှ ကပ်ပြီး ကျိုးကြ ပျက်ဆီးသကိုးဗျ။ ခင်ဗျားတို့ပြောသလို ရှက်ဖွယ်လိလိ ဖြစ်တာပေါ့။ သူများနိုင်ငံတွေမှာဆို ရှက်လွန်းလို့ ရာထူးက နှုတ်ထွက်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေတောင် ရှိကြမှာပေါ့။ အဲ … ကျနော်တို့ကတော့ ရိုးနေပါပြီ။ ရှက်ကျိုးလည်း ဖြတ်ထားတာ ကြာလှပေါ့။ အဲဒီလို တလွဲတချော်တွေ ဖြစ်တိုင်းသာ နှုတ်ထွက်ရရင် ကျနော်တို့ အုပ်ချုပ်ရေးပိုင်းမှာ လူတောင်ကျန်မယ်မထင်ဘူး။ ဟီး … ကျနော်တို့ကတော့ အရေထူနေတော့ ရှက်ပါဘူး။ ရှက်စရာကို ရှက်ရမယ်မှန်းတောင် မသိလို့ ရှက်စရာကို ဖြစ်နေတာကိုး။

ထားပါတော့ဗျာ … လမ်းမကြီးက ပျက်ကရော။ ဆိုတော့ ခုနပြောသလို အစည်းအဝေး လုပ်ကြတယ်။ ဘယ်လိုဖြစ်တာလဲ။ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းမလဲ။ ဘယ်သူတာဝန်ရှိသလဲ။ မီဒီယာကနေ ဘယ်လို တင်ပြမလဲ။ အစုံပေါ့ဗျာ ဝိုင်းဆွေးနွေးကြတယ်။

အင်ဂျင်နီယာတွေကလည်း သူတို့တာဝန်အတိုင်း အတိအကျလုပ်တယ်။ ဘိလပ်မြေ ရသလောက်နဲ့ ခိုင်အောင်ကောင်းအောင် ကွန်ကရစ်လမ်းကို ခင်းပါတယ်ပေါ့။ ကွန်ကရစ်ဆိုတာ ရေထိလေ ခိုင်လေဆိုလား ပြောကြတော့ အခုလို ရေတိုက်စားလို့ ပျက်စီးတာ သဘာဝလွန်ဖြစ်နေတယ်ပေါ့။ သူတို့က သူတို့ကို ခိုင်းတဲ့အတိုင်း စနစ်တကျလုပ်တယ်။ အခုဟာက ဆည်က ရေတိုက်စားလို့ ဖြစ်ရတာပေါ့။ အသေးစိတ် သေချာရှင်းပြတယ်။ ဒါလည်း ဟုတ်တာပဲ။

လမ်းတာဝန်ခံကလည်း အောက်ခံမြေပျော့တယ်ဆိုပေမယ့် သာမန်ရေ တိုက်စားမှုဆို မပြိုလောက်ပါဘူးပေါ့လေ။ သူတို့အတွေ့အကြုံအရ ဘယ်သို့ဘယ်ပုံ ရှင်းပြပြန်တယ်။ နောက် အထက်က ချပေးတဲ့ငွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါပေါ့။ အင်း … ဒါလည်းဟုတ်တာပဲ။

တာဝန်ခံဆောက်လုပ်တဲ့ ကုမ္ပဏီကလည်း ရှင်းပြပြန်တယ်။ အချိန်မီပြီးစီးဖို့ စနစ်တကျ ဆောင်ရွက်ရတဲ့အကြောင်း၊ နေ့မအိပ် ညမအိပ် လုပ်သားခ ပိုပေးပြီးတောင် လုပ်ခဲ့ရတဲ့အကြောင်း။ သတ်မှတ်ရက်အမီ ပြီးစီးခဲ့ပါကြောင်း၊ ဘိလပ်မြေ သဲ စတာတွေလည်း ခိုခိုကပ်ကပ် မလုပ်ခဲ့ပါကြောင်း … စုံလို့ပေါ့လေ … ရှင်းပြပြန်တယ် … ။ အင်း … ဒါလည်း ဟုတ်တာပဲ။

နောက် … ဆည်မြောင်းက ရေတွေဖောက်ချတာကြောင့် ဖြစ်ရတယ်ဆိုတဲ့အပေါ်လည်း ဆည်မြောင်းတာဝန်ခံက ရှင်းပြပြန်တယ်။ သူတို့လည်း မိုးကြီးပြီး သတ်မှတ်ရေထက်ကျော်လွန်လို့ အထက်က ညွှန်ကြားတဲ့အတိုင်း ဖောက်ချရတာဖြစ်ကြောင်း၊ ဆည်ရေဖောက်ဖို့ လူထုကို အသိပေးပြီးမှ ဖောက်ရမယ်လို့ သတ်မှတ်ပေးထားတာမရှိလို့ ဖောက်ဖို့လိုမယ်ထင်တဲ့အချိန် ဖောက်ရကြောင်း၊ ဆည်က အရင်ကတည်းက ရှိနှင့်ပြီးသားဖြစ်လို့ နောက်မှဖောက်မယ့် လမ်းသမားတွေက ရေဖောက်ရင် ဒီလို ဖြစ်မယ်ဆိုတာကို ထည့်မတွက်ကြလို့သာဖြစ်ကြောင်း၊ သူတို့မှာ အပြစ်မရှိကြောင်း ထွက်ဆိုပြန်တယ်။ အင်း … ဒါလည်း ဟုတ်တာပဲ။

ဒီတော့ အင်ဂျင်နီယာပိုင်း လူကြီးတချို့ကလည်း ပြန်ရှင်းပြန်ရော။ အထက်က လူကြီးက ရေစီးဆင်းနိုင်ဖို့ တံတားမထိုးပဲ ရေထွက်မြောင်းကြီး လုပ်ရင်ရတယ်ဆိုလို့ လုပ်ရကြောင်း။ တံတားထိုးခဲ့ရင် ရေစီးဆင်းဖို့နေရာ လုံလောက်လို့ အခုလို ကျိုးမှာမဟုတ်ကြောင်း၊ အနီးဝန်းကျင်မှာ ဆည်ကြီးရှိပြီး ဒီလို ရေစီးရင် ဒီလိုပျက်ဆီးနိုင်တဲ့လို့ ဘယ်သူမှ သတိမပေးရဲခဲ့။ မပြောရဲခဲ့လို့ အခုလိုဖြစ်ရကြောင်း ပြောပြန်ရော။ ဒါလည်း ဟုတ်တာပဲ။

မြို့နယ်အုပ်ချုပ်ရေးလူကြီးတွေကလည်း ဒါ ဆောက်လုပ်သူ၊ စီမံကိန်းဆွဲသူ၊ ရေကာတာ၊ ဘာညာ အားလုံးမှာ ရာသီဥတုက ဖျက်လို့ဖြစ်ရကြောင်း ပြောပြန်တယ်။ ဒါလည်း ဟုတ်တာပဲ။

အားလုံးက အပြစ်မရှိ။ တာဝန်မရှိ။ ဆင်ခြေတွေအပြည့်နဲ့ဆိုတော့ တိုင်းမှူးလည်း ဘာပြောရမှန်း မသိ ဖြစ်နေတယ်။ ဘယ်လို အရေးယူရမှန်းမသိ ဖြစ်နေတယ်။ အရေးယူဖို့ထက် ဘာကြောင့် ဘယ်လို ဖြစ်ရတာလဲဆိုတာကို အထက်ကလူတွေဆီ ကျေလည်အောင် တင်ပြနိုင်ဖို့ ခက်နေပုံပဲ။ ဆွေးနွေးပွဲကလည်း သူလည်းမဟုတ် ငါလည်းမဟုတ်နဲ့ ပြောရရင်တော့ ‘ရွှေသမင် ဘယ်ကထွက် …’ ဆိုသလို ဖြစ်နေပြီလေ။ အဲ … ‘မင်းကြီးတာက ထွက် …’ ဆိုပြီး မပြောကြရုံတမယ်ပဲရှိတာ။

ဒါနဲ့ … အစည်းအဝေးကြီးက အီလည်လည်တွေဖြစ်ပြီး အဖြေမရဖြစ်နေပြီ။ အစည်းအဝေး ဆုံးဖြတ်ချက်ချပြီး ရုတ်သိမ်းရမယ့်အချိန်လည်း ရောက်ပြီ။

ဟော … တာဝန်ကြီးကြီးယူထားတဲ့ တိုင်းမှူးကြီးရဲ့ ကောက်ချက်ဆွဲ ဆုံးဖြတ်ချက် ထွက်လာပါပြီဗျာ။ အထက်ကို တင်ပြဖို့ … မီဒီယာတွေကတဆင့် ဖော်ပြဖို့ … ပြောကြားလိုက်တာက …

“နေပြည်တော်-မန္တလေး လမ်းမကြီး ပျက်ဆီးသွားသဖြင့် ဖွင့်ပွဲကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်း ကြောင်း၊ လမ်းပျက်ဆီးခြင်းသည် ဆည်ရေဖောက်သူများလည်း တာဝန်မရှိကြောင်း၊ အင်ဂျင်နီယာများလည်း အပြစ်ကင်းကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီလည်း အပြစ်မရှိကြောင်း၊ မိမိတို့ စီစဉ်ဆောင်ရွက်သူများလည်း သဘာဝဘေးဒဏ်ကို ထည့်မတွက်မိသဖြင့် ဖြစ်ရခြင်း မဟုတ်ကြောင်း၊ သက်ဆိုင်ရာမှ သတ်မှတ်ကုန်ကျစားရိတ် များချပေးရာတွင်လည်း မိမိတို့အဆင့်ဆင့် တာဝန်ရှိသူများက သင့်တော်သလို ယူသင့်တာယူ သိမ်းသင့်တာ သိမ်းပြီး လမ်းခင်းရန် ချပေးသင့်သလောက်ချပေးခဲ့သဖြင့် မိမိတို့တာဝန်ရှိသူများလည်း တာဝန်မရှိကြောင်း …။ အမှန်တကယ် အပြစ်ရှိသူ တာဝန်ရှိသူများမှာ ပြည်ပရောက် အတိုက်အခံအင်အားစုများနှင့် ပြည်ပမီဒီယာများကြောင့်သာ ဖြစ်ကြောင်း။ ၎င်းတို့က ဝိုင်းဝန်းသွေးထိုးသဖြင့် လမ်းသစ်ကြီးမှာ ယခုကဲ့သို့ ပျက်ဆီးသွားခြင်းဖြစ်ကြောင်း … … ပါတဲ့ ခင်ဗျာ။

ဒါလည်း ဟုတ်တာပဲ … နော်။ ကဲ … ကျုပ်တို့လူကြီးတွေ မတော်လားဗျာ။

မူရင်း သတင်းစုံကို http://www.news-eleven.com/index.php…-38&Itemid=113 မှာ လေ့လာနိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts