>Google being blocked in Burma by Yatanarpon ISP?

>

ရတနာပုံပေါ်တယ် က ဂူးဂဲကို ပိတ်ဆို့လိုက်ပြီလား
မိုးမခစာဖတ်သူတဦး – ရန်ကုန်
အောက်တိုဘာ ၂၆၊ ၂၀၁၀
ဒီနေ့ ဂျီမေး၊ ဂျီတော့ခ် သုံးလို့မရတော့ဘူး။ Error Message က DNS က ပြသနာ ဖြစ်နေတယ်လို့ ဆိုတယ်။ အင်တာနက်ကလည်း အင်တာနှေး မဟုတ်တော့ဘူး၊ အင်တာပျက် ဖြစ်နေပြီ။ တနာရီလောက် လာပြီးရင် ၂ နာရီ ၃ နာရီ ပြတ်တယ်။ မီးပျက်တာနဲ့ အင်တာနက်က နင်လား၊ ငါလား ဖြစ်နေပါပြီ။
ရတနာပုံ တယ်လီပို့တို့၊ ဆက်သွယ်ရေးဌာနတို့ကို မေးတယ်။ မဖြေနိုင်ကြသေးဘူးဗျာ။ ကိုယ့်ဆိုင်ကနေ တခြားဆိုင်ကို သွားတော့ ဟိုက ပရိသတ်က ကိုယ့်ကို ပြန်မေးတယ်။ အကိုတို့ ဆိုင်က အင်တာနက်လာသလားတဲ့။ မလာဘူးလို့ ဆိုတော့ သူတို့ကလည်း အင်တာပျက်နေလို့ တခြားဆိုင်သွားကြမလို့တဲ့။ ကဲ … မခက်လား။
ရွေးကောက်ပွဲနီးလာလို့ ထုံးစံအတိုင်း အင်တာနက်ကို ပိတ်ကြပြန်ပြီနဲ့ တူတယ်လို့ ပြောကြတယ်။ အထူးသဖြင့်တော့ ဂူးဂဲက မေးတွေ၊ ချက်တွေကို သုံးလို့ မရတော့တာ မြန်မာစားသုံးသူတွေကို အကြီးအကျယ် ထိခိုက်စေတယ်။ ဆိုင်တွေလည်း စီးပွားပျက်တာပေါ့။
အခုအချိန်မှာတော့ လူတွေက ဂျီကျနေရင် မျက်နှာပဲ ကြည့်ကြရုံလို့ ဆိုတယ်။ သဘောပေါက်လား။ ဂူးဂဲမရှိတော့ရင် လူတွေက ဖေ့စ်ဘွတ်ကို သွားကြရုံလို့ ပြောတာပါ။ သို့သော် အင်တာပျက်နေမှတော့ ဘယ်မှ သွားလို့ မရတော့ဘူးလေ။
အယင် ၃ လ လောက်က ရတနာပုံ အတိုက်ခိုက်ခံရတာလားလို့လဲ ထင်ကြေးပေးတယ်။ အဲဒါတော့ မဖြစ်လောက်ဘူးလေ။ မြန်မာအိုင်အက်စ်ပီတွေထဲမှာ အာဏာရှင်နဲ့ အာဏာမဲ့တွေအတွက် ခွဲခြားဖို့ ရတနာပုံပေါ်တယ် ဆိုတာကို သူတို့ပဲ စလုပ်တာ။ သူကနေ နေပြည်တော်တို့၊ စစ်ရုံးတို့၊ တပ်မတော်တို့၊ အစိုးရရုံးတွေအတွက် သီးခြား နက်ဝပ်က တခု၊ ကျနော်တို့လို မျက်နှာမွဲ အင်တာပျက် နက်ဝပ်က တခု ခွဲပြီး ပေးနေတာလို့ ဆိုတာပဲ။ ဆက်သွယ်ရေးဝန်ကြီးအောက်က တခုတည်းသော မိန်းအိုင်အက်စ်ပီပေါ့ဗျာ။ တလောကမှ သူတို့ပေါ်တယ်ကြီး (မိန်းဝက်ဆိုက်) အောက်တိုဘာ ၁၇ မှာ ဖွင့်တယ်လေ။ သူတို့မေးက ၀ိုင်မေးဆိုလားပဲ။ ဂျီမေးကို ယှဉ်ပြိုင်ရန် ၀ိုင်မေးပေါ့ဗျာ။ ပြည်တွင်းက ဆိုက်တွေက မြန်မှမြန်။
ခင်ဗျားတို့ကတော့ ဘယ်သိမှာလဲဗျာ။ နောက် သတင်းတွေပို့ရင် ဓာတ်ပုံတွေ မပါစေနဲ့။ အရမ်းနှေးတော့ ရောက်မလာပဲ လမ်းမှာတင် ကံကုန်သွားမှာစိုးလို့။ မြန်မာပြည်က ဓာတ်ပုံတွေပဲဗျာ … ကိုယ်တိုင်ပဲ ဘတ်စကားစီးပြီး သွားကြည့်လိုက်တော့မယ်လေ။
သင့်
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
(မိုးမခမှတ်ချက် – ရတနာပုံတယ်လီပို့ကိုယ်တိုင် – http://yatanarpon.com.mm လည်း ဒေါင်းနေပါတယ် အကိုရေ။ အပြင်လူမ၀င်ရ၊ အတွင်းလူ မထွက်ရများ ဖြစ်နေပြီလား မသိပါ။ ဓာတ်ပုံ – Planet Myanmar က ရတနာပုံတယ်လီပို့ အဆောက်အအုံ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts