>SPDC copies the flag of exile government

>

စင်ပြိုင်အစိုးရ အလံကို ဗိုလ်ချုပ်ကြီးတို့ ခိုးယူ
မိုးမခအထောက်တော် အမှတ် ၀၀၆
အောက်တိုဘာ ၂၆၊ ၂၀၁၀ စင်ပြိုင်အစိုးရ အလံနှင့် ဗိုလ်ချုပ်ကြီးတို့ နှစ်သက်သည့် အလံ


ကြာသပတေးနေ့က စတင် အသုံးပြုသည့် မြန်မာနိုင်ငံအလံသည် ပြည်ပရောက် စင်ပြိုင်အစိုးရက တီထွင်ထားသည့် အလံနှင့် ဆင်တူနေသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူများသည် အာဏာအပ်နှင်းခြင်း မခံရသည့် အတွက် နယ်စပ်ဒေသတွင် စင်ပြိုင်အစိုးရ ဖွဲ့စည်းပြီး ၂ နှစ်အကြာတွင် ထိုအလံကို ဒီဇိုင်းဆွဲ အသုံးပြုခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးတို့က ထိုအလံကို ပုံတူကူးယူခြင်းဖြစ်ကြောင်း၊ အလံ မတိုင်ခင်ကလည်း နိုင်ငံအာဏာကို ပြည်သူလူထု ရွေးချယ်ထားသည့် ၎င်းတို့ထံ လွှဲအပ်ခြင်း မရှိဘဲ ဆုတ်ကိုင်ထားခဲ့ကြောင်း စင်ပြိုင်အစိုးရမှ ဦးဘိုလှတင့်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

လမ်းဖောက်၊ တံတားဆောက်ခြင်းအကြောင်းများကို ၀မ်းသာအားရ ပြောပြတတ်သည့် ဗိုလ်ချုပ်ကြီးတို့ကမူ ထိုအလံ ပုံစံတူသွားခြင်းနှင့် ပတ်သက်ပြီး ရေငုံနေသည်။

၎င်းတို့က ထို သုံးရောင်ခြယ် ကြယ်တပွင့် အလံ ကို ၁၇ နှစ်ကြာ အချိန်ယူ ကျင်းပခဲ့သည့် အမျိုးသား ညီလာခံကြီးတွင် ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

ထိုအလံပုံစံ ပါဝင်သော အခြေခံဥပဒေကို လူထုက တခဲနက် ထောက်ခံပြီးဖြစ်ကြောင်း ၎င်းတို့က မကြာခဏ ထုတ်ဖော်လေ့ရှိသည်။

ထိုအလံကို ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက် ပြောင်းလဲ အသုံးပြုခြင်းကြောင့် အများပြည်သူတို့ အံ့အားသင့်ခဲ့သည်။ ဧရာဝတီ၊ အလဲဗင်းမီဒီယာ အင်တာနက် စာမျက်နှာများတွင် စာဖတ်သူများက ထိုအလံသစ်ကို နိုင်ငံတော်အလံအဖြစ် သတ်မှတ်ခြင်းကို မနှစ်သက်ကြောင်း စာရေးသား တုံ့ပြန်ကြသည်။ ကျက်သရေမရှိ ဟုပင် ဆိုကြသည်။

ရန်ကုန် မြို့တော်ခန်းမ အလံသစ်တင်သည့် အစီအစဉ်တွင် ဦးဆောင်သူ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဆင်ကြယ်ဖိနပ် စီးထားသည်ကို သတင်းဓာတ်ပုံတခုတွင် တွေ့ရသည်။

ဦးအောင်သိန်းလင်းက အဘယ်ကြောင့် ထိုဖိနပ်ကို ထူးထူးခြားခြား အသုံးပြုရကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဆင်ကြယ်ဖိနပ်နှင့် ဦးအောင်သိန်းလင်း (ဓာတ်ပုံ-ဧရာဝတီ)


အောက်တိုဘာ ၂၁ ရက်နေ့က အလံဟောင်းဖြုတ်ချပြီး အလံသစ်တင်ခြင်းကို တနိုင်ငံလုံးတွင် အချိန်ကိုက် ပြုလုပ်ကြသည်။

ထိုအစီအစဉ်မှာ ဗိုလ်ချုပ်ကြီးတို့ အာဏာသက်ရှည်ရေးအတွက် ယတြာခြေခြင်းဖြစ်သည်ဟု အများအပြားက ယူဆသည်။

ရှေ့လဆန်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပြီးတွင်လည်း ဗိုလ်ချုပ်ကြီးတို့ မြန်မာ့နိုင်ငံရေးမှ ဆုတ်ခွာမည်ဟု ယူဆသူမှာ တဦးတလေခန့်သာ ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts