Uncategorized
Maung Luu Way – Articels
မောင်လူဝေး
ဇွန် ၄၊ ၂၀၁၃
ပြီးခဲ့တဲ့ လ လောက်ကဖြစ်မယ်ထင်ရဲ့ …ထိုင်းနိုင်ငံမြန်မာသံရုံးတာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံရောက်အလုပ်သမားတဦး လုပ်ငန်းခွင်မှာအပြင်းအထန်ထိခိုက်ဒဏ်ရာရတဲ့အတွက် ထိုင်းနိုင်ငံမဲဆောက်ရှိ အလုပ်သမားအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရရှိသူအလုပ်သမားရဲ့နစ်နာချက်အတွက် နစ်နာကြေးတွေရအောင်လုပ်ပေးနိုင်တဲ့သတင်းလေး ဖတ်လိုက်ရတယ်။
ဟော ..နောက်တခါ မဲဆောက်မှာလားမမှတ်မိတော့ ၊မြန်မာအလုပ်သမားအမျိုးသမီးလေးတဦးအသတ်ခံရတဲ့ကိစ္စကိုလည်း ထိုင်းနိုင်ငံ ရောက်မြန်မာသံရုံးက တာဝန်ရှိသူတွေ ဘန်ကောက်မြန်မာသံရုံးရှိရာကနေ အပြေးပေါက်ချလာပြီးမဲဆောက်အလုပ်သမားအဖွဲ့အစည်းတွေနဲ့ပဲ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကူညီပေးသတဲ့၊ အလှုငွေတွေလဲ ပေးသွားသတဲ့ ၊ အမှန်အတိုင်းပြောရရင်ရင်ထဲမှာတော်တော့်ကို ကျေနပ်မိပြီး သာဓုနှစ်ကြိမ်ခေါ်မိပါရဲ့  …မောင်မင်းကြီးသားများပြောင်းလဲ လာပြီ ဆိုတာ ဟုတ်လောက်တယ်ထင်ပါတယ်ပေါ့ ..စစ်ယူနီဖေါင်းချွတ် ဦးသိန်းစိန်ဦးဆောင်တဲ့ ဖားတပိုင်းငါးတပိုင်းအစိုးရကြီး ဦးဆောင်မှု့ကြောင့် မြန်မာသံရုံးတွေ အကျင့်ဟောင်းတွေ၊ အကျင့်ဆိုးတွေ ပြင်သွားပြီလို့ ကျနော် တော့ တွေးမိသလိုလိုရှိမိပါရဲ့ ..         ကျနော်တို့ကလည်း ၀ါသနာသတင်းသမားတွေကိုး …ဆိုတော့ သတင်းတွေစုံ အတင်းတွေစုံအဖျင်းတွေလည်းစုံတဲ့ အင်တာနက်လှုမှုဝက်ဆိုက်ဒ် ကြီးဖြစ်တဲ့ ဖေ့ဘုတ်ခ်ကို ညတိုင်းတက်ဖြစ်တယ်၊ ကြည့်ဖြစ်တယ်ပေါ့လေ။
ဒါပေမဲ့ ..ဒီလ ဂျွန်လ. ၂ ရက်နေ့ ညကတော့ ထိတ်လန့်စရာထူးဆန်းသတင်းတွေတက်လာတယ်၊  မလေးရှားဆာလာရမ်းဈေးကြီးမှာ လူသတ်မှု့ဖြစ်သတဲ့ ..ဆယ်ယောက်သေသတဲ့ ..အများအပြားဒဏ်ရာရသတဲ့ …စာချည်းသက်သက်သတင်းတွေဆိုတော့ သိပ်မယုံဘူးပေါ့ ၊ ဖေ့ဘုတ်ခ် ဆိုတော့လည်း သိတဲ့အတိုင်းပဲလေ၊  ဖေ့ဘုတ်ခ်လူမှုကွန်ယက်ကဖြင့် မြန်မာတွေကြားမှာ ဖွ ဘုတ်ခ် လို့တောင် ပြောစရာဖြစ် လို့နေတော့ မဖြစ်နိုင်ပါဘူး၊ ဒီလိုပဲ လျှောက်ဖွတယ် မှတ်တယ်။
နောက် ..မလေးရှားနိုင်ငံ ဘနားမားသတင်း banamanews တီဗွီရုပ်သံ နဲ့ မလေးရှားရုပ်သံ ntv 7 က အင်္ဂလိပ်လို ကြေငြာသွားတော့မှ တကယ် လူသတ်မှု့ဖြစ်တယ်ဆိုတာကို ယုံတော့တယ်။ 
နောက် ( kepong ) ကပ်ပုန်းဘုန်းကြီးကျောင်းမှာ မြန်မာအလုပ်သမားတွေ ထွက်ပြေးလာလို့ ကူညီစောင့်ရှောက်ထားတဲ့သတင်းတွေ၊ဓါတ်ပုံတွေနဲ့ အတိအကျ တက်လာတော့တယ်။ မြန်မာလူမှုရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ကပ်ပုန်း( kepong )နာရေးကူညီမှုလူမှုရေးအသင်းက တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ထားတဲ့သတင်းတွေ ဖတ်ရတော့ စိတ်မကောင်းလည်းဖြစ်မိတယ်၊ ကူညီကြတဲ့ လူမှုရေးအဖွဲ့အစည်းကလူတွေကိုလည်းသာဓုလဲအကြိမ်ကြိမ်ခေါ်မိပါရဲ့ ၊ တဆက်တည်းပဲ တို့ မြန်မာနိုင်ငံသားတွေဟာ ဘုံရန်သူ ကို မမြင်နိုင်ပဲ ဖြစ်နေရတာလဲလို့  …စိတ်ထဲမှာ ကသိကအောက်ဖြစ်မိတယ်။
 နောက်တဖြည်းဖြည်းနဲ့ ဒီနေ့ ထိ ဖေ့ဘုတ်ခ်မှာတက်လာတဲ့ သတင်းဓါတ်ပုံတွေက မကြည့်ရဲစရာ၊ သွေးသံရဲရဲနဲ့ခံလိုက်ရတဲ့သူတွေ၊ ဆေးရုံရောက်နေတဲ့ ဓါတ်ပုံတွေ၊ နောက်.တဆက်တည်းပဲ သူတို့တွေကိုမှီခိုနေကြတဲ့မြန်မာပြည်က မိသားစုတွေကို ကျနော့်မျက်လုံးထဲမှာပြေးမြင်မိတယ်။  ပြည်တွင်းမှာလဲ မိထ္ထီလာဖြစ်စဉ်တွေ၊ ဥက္ကံဖြစ်စဉ်တွေ၊ ခုလောလောလတ်လတ်လားရှိုးဖြစ်စဉ်တွေဟာတကဲ့ကိုစိတ်မချမ်းမြေ့စရာသတင်းတွေ….ဘာသာရေး၊လူမျိုးရေးမှိုင်းတိုက်ပြီး ကိုယ့်အာဏာတည်မြဲရေး၊ ကိုယ်အာဏာရရေးအတွက် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူတွေကိုလည်း ရှုံ့ချမိပါတယ်၊ ကျိန်ဆဲမိတာလည်းအမှန်ပါပဲ။ 
ခု မလေးရှား နိုင်ငံ ဆာလာရမ်းဈေးမှာ ညဖက် 11.45pm  လောက်မှာဖြစ်ပွားတဲ့ သတ်ဖြတ်မှု့တွေကတော့ မြန်မာပြည်က ဖြစ်စဉ်တွေနဲ့ ပတ်သက်တယ်လို့ ကောက်ချက်ချသူက ကောက်ချက်ချကြ၊ပြောကြ ဆိုကြနဲ့၊ ဒီနေ့ ၃.ရက်နေ့မှာပဲ( ampang ) ဖက် မှာ ကားရေဆေးလုပ်နေတဲ့ မြန်မာတယောက်ထပ်အသတ်ခံရပြန်ပြီဆိုတဲ့သတင်းကလည်း ဓါတ်ပုံတွေ၊ဗွီဒီယိုတွေနဲ့ထပ်တက်လာပြန်တော့ … ကျနော်ချက်ခြင်းအရင်ဦးဆုံးသတိယလိုက်တာက မြန်မာသံရုံးသံအမတ်ကြီး ဦးတင်လတ် တို့ ၊ နောက် ဦးကျော်ဇေယျ တို့ ကိုပါပဲ။  
နိုင်ငံခြားသတင်းဌာနတခု က အင်တာဗျူးမှာ မြန်မာသံအမတ်က ဦးတင်လတ်က  မလေးရှားရဲချုပ်ကိုလည်း သတင်းပို့ထားတဲ့အကြောင်း၊ မလေးရှားနိုင်ငံခြားရေးဌာနကိုလည်းသတင်းပို့ထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံသားများကို ကာကွယ်ပေးဖို့ ကူညီဖို့လုပ်ဆောင်နေတဲ့အကြောင်းကို   မြန်မာပြည်ရှိအစိုးရပိုင်သတင်းစာထဲတောင်ထည့်သွင်းပြီး ဖေါ်ပြသတဲ့ …မြန်မာနိုင်ငံရှိ ပြန်ကြားရေးဌာန၀န်ကြီး ဦးရဲထွဠ်က လည်း အရင်က  ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ( ၀ဲ ကျော်ဆန်းလို့ ) အမည်တွင်ခဲ့တဲ့ ပြန်ကြားဝန်ကြီးထက် ဖြီး တဲ့ ဖြန်းတဲ့နေရာ မညံ့တဲ့သူဖြစ်ကြောင်းကိုတော့ ဦးရဲထွဠ် ဖေ့ဘုတ်ခ်မှာတောင်ရေးထားတယ်၊  အစကတော့ ဆာလာရမ်းဖြစ်စဉ်နဲ့ပတ်သက်လို့  ပြန်ကြားဝန်ကြီးဦးရဲထွဠ်က ကောလဟလသတင်းဖြစ်တဲ့အကြောင်း၊မလေးရှားနိုင်ငံရှိမြန်မာသံရုံးနဲ့လည်းအမြဲတမ်းဖုန်းအဆက်အသွယ်ရှိနေတဲ့အကြောင်းတွေနဲ့ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရန် နှင့် ကူညီနိုင်ရန် အဆင့်သင့် ဖြစ်နေတဲ့အကြောင်း ခပ်တည်တည်နဲ့ ဖြီးတယ်၊ လိမ်တယ်၊ နောက်တော့ လိမ်လို့မရတော့ဘူး ၊ အင်တာနက်ခေတ်မှာ သတင်းတွေက ဓါတ်ပုံတွေနဲ့၊ ဗွီဒီယိုဖိုင်တွေနဲ့ တက်လာတော့မှဦးရဲထွဠ်လည်း  သွားလေသူ ၀ဲကျော်ဆန်း အတိုင်း  ဖြီးနေကျ ပါးစပ်ကြီးအာစေးမိသလို ဖြစ်သွားတော့တာ၊ အခု သူဘာမှ အာမမခံနိုင်တော့ဘူး ။ 
မလေးရှားသံအမတ်ဦးတင်လတ်ကတော့ အိမ်ထဲကတောင် ထွက်ရဲဟန်မရှိဘူးဗျ ၊ သူလဲ ကြောက်နေဟန်တူရဲ့ ..  
တကယ်အဖြစ်မှန်ကတော့  ဆာလာရမ်းဖက်အခင်းဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာနိုင်ငံကတာဝန်ရှိသူတွေနဲ့ သွားရောက် လေ့လာတာ၊ စုံစမ်းတာတွေ အခုကျနော်ဒီစာရေးတဲ့အချိန်ထိ လုံးဝမရှိ၊ မသွား ..မလာ … ဆာလာရမ်းအခင်းဖြစ်ပွားရာနေရာကို မသွားရင်တောင်မှ ကပ်ပုန်း ( kepong ) မြန်မာဘုန်းကြီးကျောင်းကိုရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို သံအမတ်ဖြစ်တဲ့ဦးတင်လတ်မသွားရဲ ရင် သံရုံးက အခြားတာဝန်ရှိသူတွေကိုလွှတ်ပါတော့လား ?..မေးမြန်းစုံစမ်းပါတော့လား..? ဒီလိုလဲ မြန်မာသံရုံးတာဝန်ရှိသူတွေဟာ တကောင်တမြှီးမှ ပေါ်မလာရေးချာ ပေါ်မလာ တာ ခုချိန်ထိပဲ။ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ …ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေဟာ သံရုံးကို အားမကိုးတာ ဘာဆန်းသလဲ…? …ထူးအိမ်သင် သီးချင်းထဲကလို …အရင်အတိုင်း ပါပဲဗျာ …
သမ္မတကြီး ဦးသိန်းစိန်ကတော့ အမြဲ ဖြီးလေ့ရှိတဲ့စကားတလုံးရှိတယ်၊ ကျနော်တို့ဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရ တဲ့ …အရပ်သားအစိုးရ တဲ့..ဒီမိုကရေစီကိုဖေါ်ဆောင်နေတဲ့အရပ်သားအစိုးရဆိုပဲ၊ နောက်ပြီး ပြောတာရှိသေးတယ် ၊ အစိုးရ နဲ့ ပြည်သူဆိုတာ မိဘနဲ့ သားသမီး ပါတဲ့ … မပြုံးပဲ ၀ါးလုံးကွဲတောင် ရီ ရပါ့ ။ အစိုးရ ဟာ  မိဘ ဆိုတော့ ကျနော်က အဝေးရောက်သားသမီးတွေကိုယ်စားမေးပါရစေ …?မလေးရှား မြန်မာသံရုံးက သံအမတ်ကြီးနှင့်တကွ  သံရုံးတာဝန်ရှိသူတွေဟာ  ဆာလာရမ်းဖြစ်စဉ်၊ နောက်ဆက်တွဲ အမ်ပန်း ( ampang ) ဖြစ်စဉ် တွေမှာ ဘာတွေ ကူညီနေပါသလဲ…..? သတင်းမေးလေးတောင်ရပါရဲ့လား..?
ဆာလာရမ်းဖြစ်စဉ်မှာ တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမားတွေဆေးရုံတွေမှာအတွင်းလူနာအဖြစ် ရောက်နေတာလည်း မသိမဟုတ်၊ သိသိကြီးနဲ့ကို မသွားဘူး ၊မမေးဘူး၊ မမြန်းဘူး ဗျာ ၊ မလေးရှားဆေးရုံတွေမှာ ဆေးရုံတက်ရပြီဆိုရင်အဲဒီဆေးရုံတက်နေတဲ့လူနာတွေအတွက် ကုန်ကျစားရိတ်ဆိုတာ ရှိတယ်၊ ဘယ်သူပေးမလဲ …? ..ဆေးရုံရောက်နေတဲ့ လူနာတွေရဲ့သက်ဆိုင်တဲ့အလုပ်ရှင်ကိုစုံစမ်းဆက်သွယ်ပြီး လူမှုရေးအရသော်၎င်း၊ အလုပ်သမားဥပဒေအရသော်၎င်း၊ အကူအညီပေးဖို့လောက်ကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ဆောင်ပေးသင့်တယ်၊ ဒီသတ်ဖြတ်ခံရတဲ့ လူတွေရော၊ ဆေးရုံရောက်နေတဲ့လူနာတွေရော ၊ တရားဝင်အလုပ်သမားဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ မြန်မာနိုင်ငံသား ဖြစ်နေရင် မြန်မာသံရုံးအနေနဲ့လူမှုရေးအရ ၊ နိုင်ငံသားအခွင့်အရေးအရ ….တခုခုတော့လုပ်ပေးဖို့အရမ်းကိုလိုအပ်နေတာကလည်းလက်တွေ့မျက်မြင်ပဲဖြစ်လို့နေပါတယ်။
ကပ်ပုန်းလူမှုရေးအဖွဲ့အစည်းတွေကိုလည်းနိုင်ငံခြားသတင်းဌာနတွေက မေးကြမြန်းကြတာတွေမှာလည်း သံရုံးရဲ့ အကူအညီကို လိုအပ်နေတာအထင်အရှား ကြားနေသိနေပါရက်နဲ့ မျက်နှာပြောင်တိုက်ပြီး အိမ်ထဲကမထွက်ပဲနဲ့ နေနိုင်တာ ဟာ …လက်ရှိစစ်တပိုင်း ဦးသိန်းစိန်အစိုးရ ကို မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ ။     
ဘယ်လိုလဲ..သမ္မတကြီး ဦးသိန်းစိန်ရေ ..ခင်ဗျားပြောတဲ့ပြည်သူကတင်မြှောက်ထားတဲ့အရပ်သားအစိုးရ ဆိုတာ .ဒါလား ..?
ဘယ်လိုလဲ..နိုင်/ ခြားဝန်ကြီး  ဦးဝဏ္ဍမောင်လွင်ရေ ….ခင်ဗျားပြောထားတဲ့မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက အကူအညီပေးဖို့ ညွှန်ကြားထားပါတယ်ဆိုတာ …ဒါလား ?
ဘယ်လိုလဲ..ပြန်/ ကြားဝန်ကြီး  ဦးရဲထွဠ် ရေ …. ခင်ဗျားပြောတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးဖို့ မြန်မာသံရုံးက အဆင့်သင့်ဆိုတာ …ဒါလား ?
မလေးရှားမြန်မာသံရုံးကသံအမတ်ကြီးရဲ့ တာဝန်မဲ့မှု့ …နိုင်ငံသားချင်းစာနာစိတ်၊ လူသားချင်းစာနာစိတ်လေးတောင် မတွေ့လိုက်ရတဲ့အတွက် ထိုင်းနိုင်ငံက သံအမတ်ကြီးကို ကျနော်ဒီနေရာကနေက သာဓုနှစ်ကြိမ်ခေါ်ထားရာကနေသာဓု သုံးကြိမ်ခေါ်လိုက်ပါပြီဗျား လို့ရင်နာနာနဲ့ပြောကြားလိုက်ပါတယ်၊ 
မလေးရှားသံရုံး တာဝန်ရှိသူတွေဟာ သိပ်ပါးနပ်ပါတယ်။ အခုဖြစ်စဉ်ဟာ ငွေတွင်း မဟုတ်ပဲ …ရာဇ၀တ်မှု့တွင်းကြီးဖြစ်နေတော့ မလာမှာတော့သေချာတယ်၊  ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် မလေးရှားအစိုးရ ရဲ့ 6.p အစီအစဉ်တုန်းကတော့ တော်တော်အပင်ပန်းခံနိုင်ကြတယ်ဗျ …အိုဗာတိုင်တောင် ဆင်းပြီးလုပ်နေရသတဲ့ …ချီးကျူးမိပါတယ်၊ ငွေရပေါက် ပွပေါက်ကြီးတိုးသွားတာ ကိုး ဗျ …သံအမတ်ကြီးနှင့်တကွ သံရုံးတာဝန်ရှိသူ တွေ နောက်ဆုံး ဒရ၀မ်အပေါက်စောင့်ကအစ  သန့်ရှင်းရေးအဆုံး  ကားတွေတောင် ၀ယ်စီးနိုင်သတဲ့ ….သာဓုအနုမောဒန ခေါ်ပါတယ်၊ မောင်မင်းကြီးသားများ ကျမ္မာပြီး ဒီထက်မက ချမ်းသာကြပါစေ ဗျား ….
ကျနော် မောင်လူဝေး ပါ ..၃. ၆. ၂၀၁၃
(မှတ်ချက်) ယခင်ပြန်/ ကြားဝန်ကြီး ဦးကျော်ဆန်းသည်နိုင်ငံခြားသတင်းထောက်တဦးနှင့်အင်တာဗျူးစဉ်တွင်.ခြေထောက်တဖက်အား ၀ဲ ကုတ်နေသကဲ့သို့ ကုတ်၍ကုတ်၍စကားပြောနေသည့်ဗွီဒီယိုဖိုင်များအားကြည့်ရှုမိသည့်မြန်မာအရေးစိတ်ဝင်စားသူများက ခေါ်ဝေါ်သဖြင့် ၀ဲ ကျော်ဆန်း  ဟု နံမည်တွင်နေခြင်းဖြစ်ပါသည်၊ တကယ်လဲ အဲဒီတုန်းက ဦးကျော်ဆန်းမှာ ၀ဲပေါက် ၀ဲစွဲနေဟန် ရှိပါသည်။ (စာရေးသူ)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts