News Features

Return from SF Burmese Community Event with 88 Generation Leaders

ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများနဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တို့ တွေ့ဆုံပွဲက အပြန်
SFBC Organizers and Friends ။ ဇွန် ၄၊ ၂၀၁၃
ပြီးခဲ့တဲ့ ဇွန် ၁ စနေနေ့က ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများနဲ့ အမေရိကန်ပြည်ကို လာရောက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို ဒေသခံမြန်မာတိုင်းရင်းသားများအားလုံးရဲ့ ပံ့ပိုးကူညီမှုနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 

 
အဲသည်နေ့ နံနက် စနေနေ့ မနက်ခင်းမှာ ပွဲစီစဉ်သူများ၊ လုပ်အားပေးများနဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ နံနက်စာ စားသောက်ရင်းက ညနေခင်းတွေ့ဆုံပွဲအစီအစဉ်ကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 
ပုံမှန်ဟောပြောပွဲတခုထက် မြန်မာ့အရေးစိတ်ဝင်စားသူ ပရိသတ်တွေအားလုံးနဲ့ ပွဲမစမီမှာ သူတို့ ၂ ဦးနဲ့ လွတ်လပ်စွာ တွေ့ဆုံနှုတ်ဆက်နိုင်ဖို့ အစီအစဉ်တခုကိုပါ ထည့်သွင်းထားတဲ့အကြောင်း၊ မြန်မာပြည်အပြောင်းအလဲနဲ့ ပတ်သက်ပြီး လူတန်းစားစုံ၊ ထောင့်ပေါင်းစုံက ပါဝင်ပတ်သက်နိုင်ဖို့ အခမ်းကဏ္ဍများ၊ ပကတိအခြေအနေများ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ စတာတွေကို ဒေသခံတွေနဲ့ ဆွေးနွေးနိုင်ဖို့ မေးခွန်းများကို အချိန်ယူပြီး ဖြေကြားပေးနိုင်ဖို့ စီစဉ်ကြ ဆွေးနွေး ပြင်ဆင်နိုင်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို နေ့ခင်း ၂ နာရီမှ စမှာ ဖြစ်ပေမယ့် နေ့ခင်း ၁ နာရီခွဲကတည်းက လုပ်အားပေးများ၊ စေတနာရှင်များက တယောက်တလက် လာရောက်ပြီး ပြင်ဆင်ကြ၊ နေရာထိုင်ခင်းများအတွက် ဆောင်ရွက်နေကြတဲ့အပြင် ဒေသခံဧည့်ပရိသတ်တွေကလည်း ၂ နာရီ မတိုင်မီကတည်းက ကြိုတင်ရောက်ရှိလို့ နေကြတာကြောင့် ၀မ်းမြောက် အားတက်ဖွယ်ရာ တွေ့ဆုံပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်နိုင်ခဲ့ပါတယ်။
မြန်မာပွဲများ ကျင်းပနေကျ Little Theater က ဧည့်သည် ၃၃၀ ခန့်သာ ဆန့်တာမို့ ကြိုတင်ပြီး ဧည့်စာရင်းများ ရယူခြင်း၊ ဧည့်သည်များကို စောင်ရေကြိုတင် ရိုက်နှိပ်ထားတဲ့ ၈၈ အထိမ်းအမှတ်စတစ်ကာများ တပ်ဆင်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားဖြစ်မြောက်ဖို့ ကြိုတင်ကောက်ခံရတဲ့ အလှူငွေက ဒေါ်လာ ၂ ထောင်ကျော်ဖြစ်ပြီး အခမ်းအနားမှာ ၈၈ မျိုးဆက်ခေါင်းဆောင်များကို ဂုဏ်ပြုလိုတဲ့ ဧည့်သည်များရဲ့ ၀ိုင်းဝန်းထည့်ဝင်မတည်မှုများစွာ တိုးတက် ရရှိခဲ့တာဖြစ်ပါတယ်။ 
ဒ့ါအပြင် ဧည့်ပရိသတ်တွေက သူတို့ကိုယ်တိုင် ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံနှုတ်ဆက်ခွင့် လွတ်လပ်စွာ ရရှိခြင်း၊ သူတို့ရဲ့ လက်ဆောင်ပစ္စည်းများကို တိုက်ရိုက်ပေးအပ်နိုင်ခြင်း၊ အမှတ်တရမှတ်တမ်းများ ရယူနိုင်ခြင်းတို့ကြောင့် မြန်မာမိသားစုတွေ အချင်းချင်း နွေးထွေးစွာ တွေ့ဆုံတဲ့ မိတ်ဆုံပွဲလေးအဖြစ် ခံစားရကြောင်း ပြောကြားကြပါတယ်။ ၈၈ ခေါင်းဆောင်များရဲ့ လက်မှတ်များနဲ့ ဒီဇိုင်းလုပ်ထားတဲ့ ကျေးဇူးတင်လွှာ၊ သူတို့အကြောင့် ဂုဏ်ပြုထုတ်ဝေတဲ့ SFBC နဲ့ မိုးမခရဲ့ အခမဲ့သတင်းလွှာတို့ကို ဝေငှပေးနိုင်ခဲ့ပါတယ်။ 
စားသောက်ဖွယ်ရာတွေကို စေတနာရှင်တွေ၊ အလှူရှင်တွေက တည်ခင်းပြီး ကျွေးမွေးလှူဒါန်းတာကြောင့်လည်း ပရိသတ်တွေက ၈၈မျိုးဆက် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရန် စောင့်ဆိုင်းနေချိန်နဲ့ အခမ်းအနားကို ပြင်ဆင်နေချိန်မှာ အဆင်ပြေချောမွေ့စွာ စောင့်ဆိုင်းနိုင်ခဲ့ကြပါတယ်။ တကယ်တမ်းခန်းမက ၃၃၀ ဆန့်ပြီး အခမ်းအနား စတင်ပြီးနောက်မှ ၀င်ရောက်လာတဲ့ ဧည့်သည်တွေအပါအ၀င်ဆိုရင် ဧည့်ပရိသတ် ၃၅၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

အခမ်းအနားမှာ ဒေါ်မာမာအေး သီဆိုထားတဲ့ မူလအမျိုးသားသီချင်းကို ဖွင့်လှစ်ပြီး ဖွင့်လှစ်ခဲ့ကြပါတယ်။ ပြီးနောက် မြန်မာပြည် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ကျဆုံးခဲ့သူများ၊ စွန့်လွှတ် အနစ်နာခံသူများအားလုံးကို ရည်စူးဂုဏ်ပြုတဲ့ အနေနဲ့ ၈ စက္ကန့် ငြိမ်သက်ပြီး အလေးပြုခဲ့ကြပါတယ်။ ဒေသခံတိုင်းရင်းသူ မြန်မာအမျိုးသမီးငယ်များက ၈၈ ခေါင်းဆောင် ၂ ဦးကို ပန်းစည်းများ အလှည့်ကျ ပေးအပ်ပြီးတော့ ဆန်ဖရန်ဘေးဧရိယာကိုယ်စား ချစ်ခင်စွာ ကြိုဆိုမှု ပြုခဲ့ကြပါတယ်။
 ဒေသခံများရဲ့ ကိုယ်စား ဘေးဧရိယာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေထဲက ကိုထွန်းမြတ်ဦးက အခမ်းအနားမှူး၊ ကိုတိုးလွင်ကတော့ ဧည့်သည်တော်များကို ကြိုဆိုတဲ့ နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။
 အဲသည်နောက် ၈၈ မျိုးဆက်ခေါင်းဆောင်များကို အမေရိကန်ပြည်အနှံ့ လိုက်လံပို့ဆောင်နေတဲ့ သူတို့ရဲ့ ဗကသရဲဘော်ဟောင်း၊ မိတ်ဆွေ ကိုအောင်ဒင်က မိတ်ဆက်စကားပြောကြားပါတယ်။ သူက သူရဲ့ သူငယ်ချင်း မင်းကိုနိုင်နဲ့ အတွေ့အကြုံ ဖြတ်သန်းမှုများကို အမှတ်တရပြောကြားပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။ 
အဲသည်နောက်မှာ ဆန်ဖရန်ဘေးဧရိယာဒေသခံ၊ ဘာကလေတက္ကသိုလ်က ပါရဂူဘွဲကျမ်းပြု၊ သတင်းစာဆရာ၊ တက္ကသိုလ်ကျောင်းဆရာ ကိုမင်းဇင်ကနေပြီးတော့ သူရဲ့ ၈၈ အရေးတော်ပုံကာလက အကိုကြီး၊ နောင်တော်ကြီးသဖွယ် လက်တွဲလှုပ်ရှားခဲ့တဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ မိတ်ဆက်ပေးပါတယ်။
သူတို့ရဲ့ အသီးသီးမိတ်ဆက်ပေးမှုတွေနောက်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့က အချိန်အနည်းငယ်ယူပြီးတော့ ဟောပြောမှုများ ပြုလုပ်ပေးခဲ့ကြပါတယ်။ 
ကိုမင်းကိုနိုင်က အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ နီးပါး အထီးကျန်ဖြတ်သန်းခဲ့တဲ့ ရင်ဆိုင်ခဲ့ရမှုအချို့ကို ကောက်နုတ်ပြောကြားပါတယ်။ အချိန်တွေ ပေးဆပ်ခဲ့ရတယ်။ အခွင့်အလမ်းတွေ ပေးဆပ်ခဲ့ရတယ်။ ခံစားမှုတွေ ပေးဆပ်ခဲ့ရတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းနဲ့ ပြည်ပက မြန်မာပြည်သူတွေရဲ့ မေတ္တာတရားတွေ၊ ကြင်နာမှုတွေ၊ အားပေးချစ်ခင်မှုတွေကို အခုအချိန်မှာ ပြန်လည်ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အပြောင်းအလဲကာလကို မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေနဲ့ လက်တွဲပြီး ဖြတ်သန်းနိုင်ကြဖို့၊ အနာဂတ်ပျောက်ဆုံးနေတဲ့ကလေးတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ မိသားစုတွေနဲ့ လက်တွဲပြီး ရုန်းကန်ကြဖို့ကို ပြောကြားသွားပါတယ်။ 
 ကိုကိုကြီးက ပြောကြားရာမှာ အကျဉ်းထောင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရတဲ့အတွက် မိမိအပေါ် ရန်သူသဖွယ် ကျင့်သုံးတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ ၀န်ထမ်းတွေ၊ အာဏာပါးကွက်သားတွေရဲ့ အတက်အကျတွေကို တွေ့ကြုံခဲ့ရပုံ၊ ရန်သူတွေကို မိတ်ဆွေဖြစ်လာအောင် မိမိတို့က ကိုယ့်ရပ်တည်ချက်၊ ယုံကြည်ချက်နဲ့ လမ်းစဉ်ကို မစွန့်လွှတ်ဘဲနဲ့ လက်ကမ်းခဲ့ရပုံ၊ နောင်တခါ မိမိယုံကြည်မှုကြောင့် ချုပ်နှောင်ဖမ်းဆီးခံရလျင်လည်း ထောင်တွေမှာထက် စစ်တပ်စခန်းတွေမှာ မိမိကို ဖမ်းဆီးချုပ်နှောင်စေလိုကြောင်း ပြောကြားသွားပါတယ်။ ယခုအပြောင်းအလဲဆိုတာက နှစ်ပေါင်းများစွာ မိမိလာရာလမ်း၊ လားရာအရပ်ကို မမှိတ်မသုံ၊ မမေ့မလျော့ပဲ ဖြတ်သန်းကြလို့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲဖြစ်တယ်။ ဒါဟာ သူများ သဒ္ဓါကြေးနဲ့ ရတဲ့အရာမဟုတ်ဘူး၊ ဒီလိုမျိုး အသိတွေ သတိတွေနဲ့ ဆက်လက်ဖြတ်သန်းကြဖို့ ပြောကြားသွားပါတယ်။ ဥပမာတခုအနေနဲ့ ယခုပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံခဲ့စဉ်က သူရဦးရွှေမန်းက မိမိတို့တတွေ အနှစ် ၂၀ နီးပါး ထောင်ထဲမှာ နေခဲ့ကြရတယ်လို့ ပြောတဲ့အခါ (သူကနေ မေးလို့ ဖြေတဲ့အခါ) သူရရွှေမန်းကိုယ်တိုင်က အနှစ် ၂၀ နီးပါး မိမိတို့ကို ထောင်ထဲထည့်ထားခဲ့တာကို တအံ့တသြ ဖြစ်တဲ့အကြောင်းကို ကောက်နုတ်ပြောပြသွားပါတယ်။
အဲသည်နောက်မှ ပရိသတ်နဲ့ အမေးအဖြေကဏ္ဍကို စတင်ခဲ့ပါတယ်။ အဲသည်မှာလည်း ပရိသတ်ထဲကနေပြီး လက်ရှိ အပြောင်းအလဲတွေအပေါ်မှာ သူတို့သိရှိလိုတဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းမေးပြီး ၈၈ ခေါင်းဆောင်တွေကလည်း လွတ်လပ်စွာ ဖြေကြားသွားကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်မှုကို မေးရာမှာ ၁၉၉၀တုန်းကလည်း သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်၊ ပြီးတော့ အာဏာကော လွှဲနိုင်လို့လား၊ အခု ၂၀၁၅မှာကော ဘာဖြစ်လာမလဲ။ ကျနော်တို့တွေ ထောင်ထဲ ပြန်ရောက်မသွားဘူးလို့ကော အာမခံနိုင်မလားဆိုပြီး ဖြေကြားသွားပါတယ်။ ပြီးတော့ အပြောင်းအလဲကနေ တိုးတက်မှုကို သွားတဲ့လမ်းမှာ အထုပ်တွေက လမ်းပေါ်မှာ လာပြီး ကျလာကြောင်း၊ ကချင်စစ်ဘေး၊ ရခိုင်အရေး၊ လက်ပံတောင်းတောင်၊ အလုပ်သမား၊ လယ်သမား၊ ဘာသာရေး ပဋိပက္ခ မျိုးစုံဖြစ်ကြောင်း၊ အဲသည်အထုပ်ကြီးတွေ ဖွင့်လိုက်လျင် အထုပ်အသေးလေးတွေ အများကြီးဖြစ်ကြောင်း၊ သည်အထုပ်တွေကို မရှင်းဘဲ လမ်းကို အတင်းရှေ့ဆက်လျောက်လို့မရကြောင်း၊ ပြည်သူတွေနဲ့အတူ လမ်းကို ရှင်းပြီး လျောက်နေရတာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ 
အဲသည်လိုမျိုး ဥပဒေတွေ နည်းလမ်းတွေ ပြောင်းလဲဖို့ လွှတ်တော်တွင်းမှာ ဆောင်ရွက်နိုင်ဖို့ လိုအပ်သလို၊ လွှတ်တော်ပြင်ပ လူထု လူတန်းစား အဆင့်ဆင့်၊ နယ်ပယ်အသီးသီးမှာ ကွန်ုမြူနီတီအဆင့်တိုင်းမှာ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ် ဆိုတဲ့အကြောင်းများကို အကျယ်တ၀င့် ပြောကြားသွားကြပါတယ်။ တစုတစည်းတည်း လုပ်ပါ တစုတစည်းတည်း လုပ်ပါလို့ ပြောနေမယ့်အစား ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ အကွဲကျင့်ဖို့ ကွဲတတ်ကြဖို့ လိုတဲ့အကြောင်း၊ တခါကွဲပြီး ပြန်မဆက်တော့တာထက်၊ ကွဲပြားပြီး ဆက်အလုပ်လုပ်နိုင်ဖို့ လိုကြောင်း၊ အကွဲကျင့်ဖို့ ကွဲတတ်ဖို့ အခြေအနေနဲ့ အချိန်လိုကြောင်း၊ ကွဲတာကို အခွင့်ကောင်းယူပြီးတော့ တိုင်းပြည်ကို ၀င်ဝင်ပြီး ကယ်နေတာမျိုးက မဖြစ်သင့်ကြောင်း ထောက်ပြသွားပါတယ်။
(ရုပ်သံ ရိုက်ကူးထားတဲ့အတွက် မကြာမီ အပြည့်အစုံ တင်ဆက်ပေးမှာ ဖြစ်ပါတယ်)

အဲသည်နောက်မှာ ဘေးဧရိယာမြန်မာတိုင်းရင်းသားမိသားစုများကိုယ်စား ဒေါက်တာမောင်မောင်သော်က အမှတ်တရနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုတွေမှာ တထောင့်တနေရာကနေပြီးတော့ တတ်စွမ်းသမျှ မိမိတို့ ဒေသခံများက တယောက်တလက် ပူးပေါင်းဆောင်ရွက်ကြဖို့ အဆိုပြုပါကြောင်း တင်ပြသွားပါတယ်။ အခမ်းအနားကို နေ့ခင်း ၂ နာရီက စတင်ခဲ့ရာမှာ ညနေ ၇ နာရီခန့်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
တွေ့ဆုံပွဲကို အကြောင်းပြုပြီး ရရှိတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့အား ဂုဏ်ပြုလှူဒါန်းမှုများအားလုံးကို တခါတည်း စာရင်းသွင်း၊ စာရင်းချုပ်ပြီး ၎င်းတို့အား တိုက်ရိုက် ဂုဏ်ပြုနိုင်ခဲ့ပါတယ်။ ဂုဏ်ပြုပေးအပ်နိုင်တဲ့ အလှူငွေ စုစုပေါင်း ဒေါ်လာ ၁သောင်း ခန့် ရှိတယ်လို့ သိရပါတယ်။ အခမ်းအနားဖြစ်မြောက်ရေး ကုန်ကျစာရိတ်က အနည်းငယ်မျှသာ ရှိပြီး အများစုသော ကုန်ကျစာရိတ်ကို တွေ့ဆုံပွဲဖြစ်မြောက်ရေး ကြိုတင်မတည် ထည့်ဝင်တဲ့ အလှူရှင်များ၊ စေတနာရှင်များထံက ရရှိခဲ့တာဖြစ်ပါတယ်။
 အားလုံးသော ဧည့်သည်တော်များ၊ ဧည့်ပရိသတ်များကို သည်နေရာကနေပြီး ကျေးဇူးတင်ကြောင်း၊ ဂုဏ်ယူကြောင်း၊ အလေးအနက် တင်ပြလိုက်ပါတယ်။ ၈၈ ခေါင်းဆောင်များကလည်း ကွဲကွာနေတဲ့ သားချင်း မိသားစုများ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့ နွေးထွေးချစ်ခင်ရင်းနှီးတဲ့ တွေ့ဆုံပွဲအဖြစ် ပြောကြားသွားပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts