>Burmese Community in USA in solidarity against Regime’s 2010 Election

>

စစ်ဝါဒဖြန့်တွေကို လက်မခံတဲ့ အမေရိကန်မြန်မာကွန်မြူနီတီက စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆို
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၁၉၊၂၀၁၀
အမေရိကန်ရဲ့ ပြည်နယ်အနှံ့အပြားမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာကွန်မြူနီတီအများစုက စုပေါင်းပြီးတော့ မြန်မာပြည်က စစ်အစိုးရ ကျင်းပမယ့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကို လုံးဝ လက်မခံတဲ့အကြောင်း၊ အဲသည်ရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကိုလည်း အသိအမှတ်ပြုမှာ မဟုတ်တဲ့အကြောင်း တစုတည်းသော သဘောထားကြေငြာချက်အဖြစ် ထုတ်ပြန်မယ် လို့ ဆိုပါတယ်။
အဲသည် ပြည်နယ်အသီးသီးက မြို့နယ်များက အမေရိကန်မြန်မာကွန်မြူနီတီတွေကတော့ လွန်ခဲ့တဲ့ ၂လ က စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်နဲ့ အပေါင်းအပါတွေ အမေရိကန်ကို ဖျော်ဖြေရေးခရီးထွက်လာစဉ်မှာ သူတို့တွေကို စစ်အစိုးရထောက်ခံအားပေးတဲ့ အစုအဖွဲ့တွေအဖြစ် သတ်မှတ်ပြီးတော့ ကန့်ကွက်ရှုတ်ချပွဲတွေကို မတိုင်ပင်ကြရဘဲ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာမိသားစုတွေပဲ ဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာကွန်မြူနီတီက လက်မခံကြောင်း ထင်ရှားတဲ့အတွက် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ ၀ါဒဖြန့်နဲ့ အပေါင်းအပါတွေရဲ့ ဗီဇာတွေကို အောက်တိုဘာလ ၈ ရက်နေ့မှာ ရုတ်သိမ်းပြီး တိုင်းပြည်က ချက်ခြင်းထွက်ခွာစေခဲ့ပါတယ်။
အခုလို အမေရိကန်မြန်မာကွန်မြုနီတီ အင်အားစုများရဲ့ တစည်းတလုံးတည်း ဆောင်ရွက်နိုင်တဲ့ ရပ်တည်ချက်နဲ့ လုပ်ရပ်အပေါ်မှာ မူတည်ပြီးတော့ မြန်မာပြည်က စစ်အစိုးရကို ထောက်ခံခြင်း မရှိကြောင်း၊ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လုံးဝ အယုံအကြည် မရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များကိုလည်း လက်ခံမှာ မဟုတ်ကြောင်း၊ နိုင်ငံတကာရောက် မြန်မာကွန်မြူနီတီ အားလုံးက တစုတည်း တသံတည်းနဲ့ စစ်အာဏာရှင်နဲ့ အပေါင်းအပါများ၊ ထောက်ခံအားပေးသူများကို ပိတ်ဆို့ အရေးယူသွားကြဖို့ ဆက်လက်ဆောင်ရွက်ကြရန်၊ ၀ိုင်းဝန်းလက်တွဲ သွားကြရန် တိုက်တွန်းကြောင်း မိမိတို့၏ ပြည်သူ့သဘောထားကို ထုတ်ပြန်ကြေငြာမယ်လို့ ပြောလိုက်ပါတယ်။
“ပထမဆုံးအဆင့်အနေနဲ့ ကျနော်တို့ မြန်မာကွန်မြူနီတီတွေရဲ့ ညီညွတ်တဲ့ အလုပ်နဲ့ အသံကို မှတ်တမ်းတင်တဲ့ သဘောဖြစ်ပါတယ်။ ဒီလောက်ကလေးနဲ့ ကျနော်တို့က ကျေနပ်သွားပြီလို့ ထင်မသွားစေချင်ဘူး။ ဒီအရေးအခင်းကို စာနဲ့ မှတ်တမ်းတင်ပြီးတော့ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ရာ အမတ်တွေကို အကြောင်းကြားမယ်။ ကျေးဇူးတင်တဲ့အကြောင်း ပြောမယ်။ နောက်ပြီးတော့ ရန်ကုန်က အမေရိကန်သံရုံးကိုလည်း ပေးပို့ပြီးတော့ နောက်ကို သည်လိုမျိုးလူတွေကို လက်မခံဖို့ ပြောမယ်။ အနီးစပ်ဆုံး အနေနဲ့ အခုလို အရေးအခင်းကို ဖြစ်စေတဲ့ “အရုဏ်ဦးမှာ ဖူးသည်ကြာ” ဇာတ်ကားထဲက လူတွေကို လက်မခံဖို့ မေတ္တာရပ်ခံမယ်။ ဇူလိုင်လကုန်တုန်းက ၀ါရှင်တန်မက်ထရို မြန်မာကွန်မြူနီတီက သံရုံးကို ပို့ခဲ့တဲ့စာကို ပူးတွဲပြီး တင်ပြမယ်။”
ဆန်ဖရန်စစ္စကို မြန်မာကွန်မြူနီတီက ဒီမိုကရေစီရေးလှုပ်ရှားသူတဦးက သူတို့ရဲ့ သဘောထားကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“နောက်တချက်ကတော့ အခုစစ်အစိုးရကို မထောက်ခံဘူး ဆိုတဲ့ အကြောင်းကို သည်ကိစ္စနဲ့ သာဓကပြပြီး ကျနော်တို့က အထင်အရှား ပြောချင်တယ်။ အခုလိုမျိုး အရေးကြီးတဲ့အချိန်၊ စစ်အာဏာရှင် သက်ဇိုးရှည်မယ့် ၂၀၀၈ အခြေခံဥပဒေကို စွဲကိုင်ပြီးတော့ စစ်အာဏာရှင်ရဲ့ ရုပ်သေးလွှတ်တော်တခု တည်ဆောက်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲဟာ လုံးဝ ဒီမိုကရေစီနည်း မကျဘူး။ ဒါကို ဘယ်နည်းနဲ့မှ မထောက်ခံဘူး၊ အဲသည်ရွေးကောက်ပွဲရဲ့ ဘယ်ရလဒ်ကိုမှလည်း အသိအမှတ်မပြုဘူး။ ဒါကို ကျနော်တို့ မြန်မာကွန်မြူနီတီက အခုကတည်းက အတည်ပြုပြောကြားထား ရမှာ ဖြစ်တယ်။ အခုကတည်းက ပြတ်ပြတ်သားသား ရှင်းထားမှ နောင်ကို ဒီမိုကရေစီအရေခြုံပြီး သမိုင်းကို လိမ်ညာလှည့်စားပြီး အာဏာရှင် အသက်ရှည်အောင် လုပ်တဲ့ စနစ်တွေ၊ အလုပ်တွေ၊ လူတွေကို ကန့်သတ်ထားရာ ရောက်မယ် လို့ ထင်တယ်”
လပ်စ်ဗေးဂတ်စ် မြန်မာကွန်မြူနီတီက တက်ကြွလှုပ်ရှားသူတဦးက သူ့အမြင်ကို ပြောပြလိုက်ပါတယ်။
“အခုလိုမျိုး ကျနော်တို့ မြန်မာကွန်မြူနီတီတွေဟာ အမေရိကန်အနှံ့မှာ ပြန့်ကျဲနေပေမယ့် ဒီအရေးအခင်းမှာ တိုင်ပင်စရာ မလိုဘဲ ညီညွတ်ကြတယ်။ တသဘောတည်းရှိကြတယ်။ အခုလာမယ့် ရွေးကောက်ပွဲကိုလည်း နေရာအနှံ့ အသီးသီးမှာ ဆန့်ကျင်ကန့်ကွက်နေကြတယ်။ အခုတော့ ဒါကို ကျနော်တို့ တယောက် တပေါက် မပြောတော့ဘဲနဲ့ တခါတည်း ပြောလိုက်တာ ဖြစ်တယ်။ ပြီးတော့ လာမည့် ရှေ့အပတ်တွေမှာ နိုဝင်ဘာလ ၇ ရက်အထိကို ၀ါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့တော်တွေမှာ ကျနော်တို့တွေက တစုတဝေးတည်း သပိတ်မှောက်တာတွေ၊ ကန့်ကွက်ဆန္ဒပြပွဲတွေ လုပ်ကြတဲ့အခါ အားလုံးက သဘောတူ ထောက်ခံတယ် ဆိုတာကို ပြသရာလည်း ရောက်တယ်။ တခြားနိုင်ငံတကာက မိသားစုတွေကိုလည်း တိုက်တွန်းပါတယ်၊ အားလုံး တယောက်ကို တယောက် အားပေး ထောက်ခံပြီး ပြည်သူ့သဘောထားတွေ ထုတ်ဖော်ပြသကြပါလို့”
ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီက မြန်မာအရေးလှုပ်ရှားနေသူတဦးကလည်း ပြောပြတာ ဖြစ်ပါတယ်။
“အရင်ကဆိုရင် ကျနော်တို့တွေက ကိုယ့်နေရာလေးတွေမှာ ကိုယ့်ဖာသာကိုယ် နိုင်ငံရေး ယုံကြည်ချက်နဲ့ ရပ်တည်ချက်နဲ့ လူရှိသလောက်ကလေးနဲ့ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ လုပ်ခဲ့ကြတယ်။ ကျနော်တို့မြို့မှာဆိုရင် မြို့ရဲ့ ပန်းခြံမှာ အပတ်တိုင်း မြန်မာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက် သပိတ်မှောက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ပြီး ကျနော်တို့ ဆန္ဒပြတယ်။ တခါတလေဆို လူ ၂ ဦးတည်း ရှိတဲ့ ရက်တွေ ရှိတယ်။ ကျနော်တို့မြို့မှာ စက်တင်ဘာ ၂၅ က မြန်မာ့ဒီမိုကရေစီရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ခွပ်ဒေါင်းအလံ လွှင့်ထူခွင့်ရကြတယ်။ ဒီလိုမျိုး ကျနော်တို့ မြို့မှာ ဂုဏ်ယူသလို၊ အင်အားတွေ တက်ကြွသလိုမျိုး အမေရိကန်အနှံ့က မြန်မာတွေကလည်း ကျနော်တို့နဲ့ အတူတကွဖြစ်တယ်လို့ ယုံကြည်ပါတယ်။ တဆက်တည်းပဲ ကျနော်တို့တတွေရဲ့ အသံတွေဟာ မြန်မာပြည်ထဲက ပြည်သူတွေကို ကိုယ်စားပြုတဲ့ အသံဖြစ်တယ်ဆိုတာလည်း သိစေချင်တယ်”
နယူးယောက် ဘတ်ဖဲလိုးမြို့က မြန်မာ့ဒီမိုကရေစီရေး တက်ကြွသူတဦးက သူ့သဘောထားကို ပြောလိုက်ပါတယ်။
“အခုကိစ္စက အနိုင် အရှုံးကို တွက်ပြီး တိုက်နေတာ မဟုတ်ပါဘူး။ အမှန်တရားနဲ့ တရားမျှတမှုကိုပဲ ရပ်တည်ပြီး သဘောထားကို ထုတ်ဖော်ပြောဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီလိုမျိုး အခြေခံချင်း တူသူတွေရဲ့ စည်းရုံးညီညွတ်မှုကို ပြတဲ့ သဘောပါပဲ”
လို့ အိုရီဂွန်ပြည်နယ်၊ ပို့လန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတဦးက ပြောလိုက်ပါတယ်။
အခုလိုမျိုး အမေရိကန်ပြည်နယ်အသီးသီးရှိ မြို့နယ်များ စုဝေးပြီး အမေရိကန်မြန်မာကွန်မြူနီတီရဲ့ စုပေါင်းတဲ့ သဘောထားကြေငြာချက်ကို ထုတ်ပြန်ဖို့ ပြင်ဆင်နေရာမှာ၊ လက်ရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်ကျော်က စာရင်းသွင်းထားပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်လာရောက်စဉ်က ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့ မြို့တွေအပြင် ထိုစတိတ်ရှိုးကို လက်ခံကျင်းပခြင်း လုံးဝမပြုလုပ်ခဲ့တဲ့ မြို့နယ်တွေပါ အတူတကွ ပါဝင်မယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် နယူးယောက်မှာ  – ဘတ်ဖဲလိုးနဲ့ ယူတီကာ၊ အင်ဒီယာနာမှာ  – ဖို့ဝိန်း၊ အိုရီဂွန်းမှာ – ပို့လန်း၊ နီဗားဒါးမှာ လပ်စ်ဗေးဂတ်စ်၊ ၀ါရှင်တန်ဒီစီ မက်ထရို၊ ၀ါရှင်တန်စတိတ်မှာ  ဆီယယ်တဲ နဲ့ ထရိုင်းစီးတီး၊ ကယ်လီဖိုးနီးယားမှာ အယ်လ်အေနဲ့ ဆန်ဖရန်ဘေးဧရိယာ စတဲ့ မြန်မာကွန်မြူုနီတီနဲ့ ဒေသခံ အဖွဲ့အစည်းတွေ တသဘောထားတည်း ရှိတဲ့ ထုတ်ပြန်ချက် ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်လက်တွဲကြမယ့် မြန်မာကွန်မြူနီတီတွေကိုလည်း ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။
မိုးမခမီဒီယာက ၎င်းတို့ ထုတ်ပြန်ချက်နဲ့ စာရင်းကို မကြာမီ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။
(ဓာတ်ပုံ – စက်တင်ဘာ ၂၅၊ ၂၀၁၀ – ဆန်ဖရန်စစ္စကို ဆန္ဒပြပွဲ မြင်ကွင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts