>Last StageShow with Junta’s Propaganda’s actress – canceled in WDC Metro

>

စစ်အစိုးရ၀ါဒဖြန့်တို့၏ စတိတ်ရှိုး ၀ါရှင်တန်ဒီစီ မက်ထရိုတွင် ပွဲဖျက်သိမ်း
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၈၊ ၂၀၁၀
 
(Burmese Young Students protesting against the Burmese Junta Propaganda’s Actress, Sept 25th 2010)
လာမည့် စနေနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာပြည်က ဧည့်သည်အနုပညာရှင်များ၏ နောက်ဆုံးနှုတ်ဆက်သည့် တေးဂီတဖျော်ဖြေပွဲကို ရုတ်သိမ်းလိုက်ကြောင်း ပွဲစီစဉ်သူတို့က ကြေညာလိုက်သည်ဟု သိရှိရသည်။ အဆိုပါ စတိတ်ရှိုးအဖွဲ့တွင် စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်တဦး ပါဝင်ပြီး ၎င်းတို့ ရောက်ရှိရာ အရပ်တိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ ဆန့်ကျင်ကန့်ကွက် ဆန္ဒ̔ပြမှုများနှင့် တောက်လျောက် ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရသည်။
ဝါရှင်တန်ဒီစီ မက်ထရိုဒေသ၊ ဆင်ခြေဖုံးအရပ်ရှိ ဟောလီးဒေးအင်း ခန်းမဆောင်တွင် နောက်ဆုံး နှုတ်ဆက်ပွဲကို ဒေသခံ မြန်မာအသိုင်းအ၀ိုင်းက အတန်တန် ကန့်ကွက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများကြားထဲမှ ပွဲသမားတို့က မဖြစ်မနေ စီစဉ်နေခဲ့ကြရာ နောက်ဆုံးတွင် အဆိုပါ အဆိုတော်များကို ဗီဇာစပွန်ဆာ လက်မှတ်ထိုးပေးသူ ဆရာတော်ကိုယ်တော်တိုင်က မြန်မာတို့ ညီညွတ်ရေးကို နှစ်ဖက်စလုံးက ကြည့်ပြီး ပွဲကို ရုတ်သိမ်းရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ရသည်။
ယမန်နေ့အထိ နှစ်ဦး နှစ်ဖက် ပြေလည်မှုများ မရှိသေးသဖြင့် ယမန်နေ့မနက်တွင် ၀ါရှင်တန်ဒီစီ မက်ထရိုဒေသရှိ မြန်မာ့အရေးလှုပ်ရှားသူများ၊ မြန်မာအသိုင်းအ၀ိုင်းများနှင့်အတူ ဆရာတော်ဦးဣသရိယ ကိုယ်တော်တိုင် လာရောက်ပြီး၊ ၎င်းတာဝန်ယူ လက်မှတ်ထိုးပေးခဲ့သော ဖျော်ဖြေရေးဗီဇာဆိုင်ရာ တာဝန်ခံထားမှုများကို ရုတ်သိမ်းကြောင်း ၀ါရှင်တန် အစိုးရရုံး၊ လူဝင်မှုကြီးကြပ်ရေးဌာန တို့ထံ ရှေ့နေများနှင့် စီစဉ်ပြီး အကြောင်းကြားစာများ ပေးပို့ခဲ့ကြရသည်ဟု သိရသည်။
မြန်မာမိသားစုအသိုင်းအ၀န်းကလည်း ပွဲကျင်းပမည့်ဒေသက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခြင်း၊ ဟောလီးဒေးအင်းသို့ ဗီဇာစပွန်ဆာပေးသူ ဆရာတော်ကိုယ်တိုင်က တာဝန်ယူမှုမရှိသော ဖျော်ဖြေပွဲဖြစ်ကြောင်း တရားဝင် သတင်းပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည် ဆိုသည်။ ထိုနောက် ယမန်နေ့နေ့လည်ပိုင်းတွင် ဟောလီးဒေးအင်းတွင် စီစဉ်ထားသည့် စတိတ်ရှိုးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အင်တာနက်အီးမေးများက တဆင့် သတင်းများ ထွက်ပေါ်လာခဲ့သည်။
 
         နယူးယောက်အခြေစိုက် ဘားမားတူဒေး သတင်းနှင့် မီဒီယာက ထုတ်ပြန်သော သတင်းတွင် မင်းမော်ကွန်းနှင့် ရဲလေးတို့က မြန်မာအသိုင်းအ၀ိုင်းအတွင်း သဟဇာတဖြစ်စေရန်အတွက် ပွဲကို ဖျော်ဖြေတော့မှာ မဟုတ်ကြောင်း၊ ၎င်းတို့ မပါဝင်တဲ့အတွက် အဆိုပါ စတိတ်ရှိုးပွဲ ရပ်စဲလိုက်ပြီ ဖြစ်ကြာင်းကို ပွဲစီစဉ်သူများဖြစ်တဲ့ ကိုအာကာနဲ့ ကိုဇော်မိုးနိုင်တို့၏ ပြောဆိုချက်များအရ သိရှိရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ကြရသည်။
မိုးမခ၏ မိတ်ဆွေများက အောက်တိုဘာ ၇၊ ညနေပိုင်းတွင် ဟောလီးဒေးအင်းကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါ ပွဲ ရုတ်သိမ်းပြီး ဖြစ်ကြောင်း၊ ပွဲလက်မှတ် ငွေပြန်အမ်းမည့်ကိစ္စကို ပွဲစီစဉ်သူများနှင့် တိုက်ရိုက်စုံစမ်းစေလိုကြောင်း ဟိုတယ်က ပြန်လည် ဖြေကြားခဲ့သည်။

  အထက်ပါ သတင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး ၀ါရှင်တန်ဒီစီ မက်ထရိုဒေသတွင် မြန်မာ့အရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသူ၊ အဆိုပါစတိတ်ရှိုး အရေးအခင်းကို ငြိမ်ချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးစားနေသူ ကိုညီညီအောင် ကို မိုးမခက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်း၏ သဘောထားများကို ရှင်းလင်းပြောပြခဲ့သည်။

(Nyi Nyi Aung – file picture)

        “ကျနော်တို့ မြန်မာမိသားစုတွေအနေနဲ့ အားလုံးကို ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း ပြီးသွားစေချင်တယ်။ အဲသည်အတွက် ကျနော်တို့တတွေက ပွဲစီစဉ်သူတွေနဲ့ အချိန်တွေ အများကြီးယူပြီး အကြိမ်ကြိမ်ညှိနှိုင်းပါတယ်။ ဆရာတော်ကိုယ်တိုင်လည်း သူတို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပါတယ်။ နောက်ဆုံးမှာ မြန်မာအရေးကို အမြဲစိတ်ဝင်စားတဲ့ လွှတ်တော်က ပုဂ္ဂိုလ်တွေကို အကြံဥာဏ်တောင်းတဲ့အခါ ဥပဒေနည်းလမ်းတွေအရသာ ဆောင်ရွက်ပါလို့ အကြံပေးတဲ့အတွက်၊ ရှေ့နေတွေနဲ့ ချိန်းဆို တိုင်ပင်ပြီး ယူအက်စ် စတိတ်ဒပတ်မင့်၊ ယူအက်စ် အင်မီဂရေးရှင်း၊ စတဲ့ သက်ဆိုင်ရာတွေကို filing တရားဝင် စာတင် အကြောင်းကြားတာတွေ၊ ဆရာတော်ကိုယ်တိုင် အာမခံ စပွန်ဆာလုပ်ပေးထားတာတွေကို ရုတ်သိမ်းကြောင်း၊ သူတို့ကို တာဝန်ခံခြင်း မရှိကြောင်း တရားဝင် ထုတ်ပြန်တာတွေကို လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။”

         ဟု ကိုညီညီအောင်က ပြောပြသည်။ ကိုညီညီအောင်သည် ၂၀၀၉  ခုနှစ်က မြန်မာပြည်သို့ မြန်မာ-အမေရိကန်တဦးအဖြစ် အလည်ပြန်စဉ် စစ်အစိုးရက လေဆိပ်တွင် ဖမ်းဆီးပြီး စစ်ထောက်လှမ်းရေးစခန်းတွင် နှိပ်စက်ုညှင်းပမ်းခြင်း၊ အင်းစိန်ထောင်တွင် မတရားစွပ်စွဲမှုများဖြင့် ဖမ်းဆီး ချုပ်နှောင်ခြင်းကို လပေါင်းများစွာ ခံစားခဲ့ရသူ ဖြစ်သည်။
         “ကျနော်တို့ အဓိက ထောက်ပြတဲ့ အချက်ကတော့ မြန်မာပြည်က အနုပညာရှင်တွေ အမေရိကန်ကို လာရောက်ပြီး ဖျော်ဖြေခွင့်ပြုတဲ့နေရာမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့် အနုပညာရှင်တွေ ပါလာတဲ့အတွက်ကြောင့် အမေရိကန်ရှိ မြန်မာမိသားစုတွေမှာ အငြင်းပွားကြရတယ်။ စိတ်ဆင်းရဲကြရတယ်။ ဗီဇာထုတ်ပေးတဲ့အခါ နောင်စဉ်းစားပါ။ မြန်မာပြည်မှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ သူတို့တွေကို အမြဲတမ်း ကြိုဆိုနေတယ်။ စပွန်ဆာပေးမိတဲ့ ဆရာတော်ကိုယ်တိုင်က အများကြီး စိတ်ထိခိုက်ရတယ်။ ဒါကြောင့် ဆရာတော်ကိုယ်တိုင်ကလည်း နောက်ဆုံး မေတ္တာရပ်ခံတာအပြင် ဥပဒေနည်းအရ သက်ဆိုင်ရာကို အကြောင်းကြားရတာ ဖြစ်ပါတယ်။
           နောက်ဆုံးမှာ အခုလိုမျိုး စတိတ်ရှိုးကို မကျင်းပဖြစ်တော့ဘူး၊ ရုတ်သိမ်းလိုက်တယ် လို့ ကြားရတယ်။ အားလုံးက ဇွတ်တိုးပြီး ညီညွတ်ရေးတွေ ပြိုကွဲကြမယ့်အစား အခုလိုမျိုး နှစ်ဖက်စလုံးက တဦးကို တဦး လေးစားမှုနဲ့ အတူတကွ သဘောတူညီမှု ရရှိသွားတာကို ကျနော်တို့ ၀မ်းသာရပါတယ်။
            အခုအချိန်မှာ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်ကို ငြိမ်းချမ်းစွာ၊ တရားဥပဒေနဲ့ အညီ အကြမ်းမဖက်ဘဲ ထုတ်ဖော်ပြသနိုင်တာ ဖြစ်ပါတယ်။ အခြား ပြည်နယ်တွေမှာ မြို့တွေမှာ အခုလိုမျိုး စတိတ်ရှိုးကို လက်မခံကြသလိုမျိုး ကျနော်တို့ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသက မြန်မာများအနေနဲ့လည်း အများနဲ့အတူ တစုတစည်းတည်း ရပ်တည်ပြနိုင်တဲ့အတွက် ၀မ်းမြောက်မိပါတယ်။”
           ဟု ကိုညီညီအောင်က ၎င်းအမြင်ကို ပြောပြသည်။ ဆက်လက်ပြီး
“ကျနော်တို့ မြန်မာပြည်သူတွေဟာ ပြည်ပမှာ ရောက်ရှိနေသည့်တိုင်အောင် မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန်များကို လုပ်ကြံဖျက်ဆီးတဲ့ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိမှုများကို လက်မခံဘူးဆိုတာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။  ပြည်တွင်းက ဖိနှိပ်ချုပ်ချယ် ကန့်သတ်ခံထားရလို့ ရေငုံနှုတ်ပိတ်ပြီး ခံစားနေကြတဲ့ ပြည်သူတွေ ကိုယ်စား ကျနော်တို့က ကန့်ကွက်ရှုတ်ချတယ် လို့ ပြလိုက်တာပါ။
နောင် ရှေ့ဆက်ပြီးတော့ အနုပညာသည်တွေအတွက် စဉ်းစားစရာ ဖြစ်သွားပြီလို့ ထင်ပါတယ်။ မတရားမှုတွေကို ငြိမ်ခံပြီးတော့ စစ်အစိုးရခိုင်းသမျှ လုပ်နေရင် နိုင်ငံတကာရဲ့ အလည်မှာ အရှက်တကွဲဖြစ်အောင် မြန်မာပြည်သူတွေရဲ့ ကန့်ကွက် ရှုတ်ချခြင်းကို ခံကြရလိမ့်မယ်ဆိုတာကို သိရှိသွားစေချင်ပါတယ်။
နောက်ပြီးတော့ ပြည်ပရောက် မြန်မာမိသားစု အသိုင်းအ၀ိုင်းတွေဆိုတာဟာလည်း စစ်အစိုးရအလိုကျ တဦးနဲ့ တဦး စိတ်ဝမ်းတွေ ကွဲပြားပြီးတော့ မညီမညွတ် အကွဲကွဲ အပြဲပြဲ ဖြစ်နေကြတဲ့ အမျိုးတွေ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ညီညွတ်မှု၊ လေးစားမှု၊ နားလည်မှုတွေကို တည်ဆောက်ဖို့ ကြိုးစားကြတဲ့ သဘောထားကိုလည်း ပြသနိုင်လိုက်ပါတယ်။”
ဟု ကိုညီညီအောင်က ဆက်လက်ပြောသည်။ ကိုညီညီအောင်က မိမိတို့ ၀ါရှင်တန်ဒီစီ မက်ထရိုဒေသတွင်သာမက အမေရိကန်ပြည်နယ် အသီးသီးက မြန်မာမိသားစု အသိုင်အ၀ိုင်း အသီးသီး၏ ညီညွတ်မှု၊ ၀ိုင်းဝန်း ဆောင်ရွက်မှုနှင့် ဗုဒ္ဓဘာသာဝင် ဆရာတော်တို့၏ မေတ္တာရပ်ခံမှု၊ သီးခံ စိတ်ရှည်မှုများ အားလုံး၏ အကျိုးအဖြစ် အခုလို ပြေလည်မှုကို ရရှိခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။
          “နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမယ့် နှမ်းစေ့လေးတွေ အများကြီးပူးပေါင်းမှုကြောင့် ဆီဖြစ်သွားတယ်ပေါ့ဗျာ” ဟု မှတ်ချက်ချလိုက်သည်။
       နယူးယောက်နယ်၊ ရစ္စလီယာရှိ ဓမ္မ၀ါဒီကျောင်း၊ မိုးကုတ်ဆရာတော် ဦးဣသရိယ ထံ မိုးမခက ဆက်သွယ်မေးမြန်းရာတွင်လည်း အမေရိကန်ရှိ မြန်မာမိသားစုများက တဦးကို တဦး လေးစားညီညွတ်မှုဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်းအတွက် များစွာ ၀မ်းမြောက်ကြောင်း မိန့်ကြားလိုက်သည်။

  (New York, Dhamma Wai Monastery, Moegok Sayadaw – file picture)

          ဆရာတော်က မိုးမခသို့ မိန့်ကြားရာတွင် –

        “ အမေရိကန်၊ ကနေဒါနဲ့ နိုင်ငံတကာက ဆရာတော်ကြီးများအားလုံးက အခုလိုမျိုး သဘောတူညီမှု ရရှိသွားတာကို ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ကြတဲ့အကြောင်း ဆရာတော်ထံကို အကြောင်းကြားကြပါတယ်။ ဒကာတွေ ဒကာမတွေကလည်း အတ္တ၊ မာနတွေကို ရှေ့တန်းမတင်ဘဲ အများသဘောထားကို လိုက်နာတာ၊ အနည်းကိုလည်း လေးစားတာကို ပြသနိုင်တဲ့ အတွက် ဆရာတော်တို့က ၀မ်းသာတဲ့အပြင် ဂုဏ်ယူမိပါတယ်။ ညီညွတ်ရေးအတွက် အဖြေရှာနိုင်တာအတွက်လည်း ဆရာတော်တို့ ပီတိဖြစ်ကြပါတယ် လို့ပြောချင်ပါတယ်။
            ဘုရားရှင်လက်ထက်ကတည်းက ဘုရားရှင်ကိုယ်တော်တိုင်နဲ့ ဘုရားသားတော်တွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေ အခက်အခဲတွေကို ရပ်ကြည့်မနေပဲ တရားသဖြင့် ဖြစ်အောင် ဖြေရှင်းပေးခဲ့ကြတာ အစဉ်အလာဖြစ်ပါတယ်။ နှစ်ဖက်သော အငြင်းပွားသူများကလည်း ဘုရား၊ တရား၊ သံဃာ အဆုံးအမကို လိုက်နာပြီး ငြိမ်းချမ်းရေးကို ရယူနိုင်တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ အခုလည်း သည်လိုမျိုး သာဓကတခု ဖြစ်သွားလို့ စိတ်ချမ်းသာမိတယ်။
           အဲဒီအချက်ကို သင်ခန်းစာယူပြီးတော့ အားလုံးက ညီညီညွတ်ညွတ်နဲ့ ဆက်လက် ဆောင်ရွက်သွားနိုင်ကြမယ် ဆိုရင် ၀ါရှင်တန်ဒီစီ မက်ထရိုက မြန်မာမိသားစုတွေအရေး သာယာဖို့တင်သာ မကဘူး၊ မြန်မာပြည်ကြီး ငြိမ်းချမ်းရေးအတွက်ပါ ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်မိပါတယ်”
ဟု ဆရာတော် ဦးဣသရိယ က မိန့်ကြားသွားသည်။ 
       ပွဲစီစဉ်သူများက ယခုကဲ့သို့ လူအများကို ဖျော်ဖြေသည့် ပွဲများကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့ မိသားစု ပုဂ္ဂိုလ်ရေးအရ နေအိမ်များအတွင်း ဧည့်ခံကြသည်ကိုတော့ ကန့်ကွက်ကြလိမ့်မည်ဟု မထင်ကြောင်း၊ ပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည့်အတွက် ငွေကြေးအရ နစ်နာရသည်များကို ဆရာတော်ထံက ပြန်လည်တောင်းခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ကြားသိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts