>open letter to Lwin Moe who loves 2010 election

>

၂၀၁၀ ကောက်ရွေးပွဲကို ထောက်ခံသည့် မင်းသား လွင်မိုးသို့ အိတ်ဖွင့် ပေးစာ
စာဖတ်သူတဦး၊ ရန်ကုန်
အောက်တိုဘာ ၈၊ ၂၀၁၀


မိုးမခမှာ အခုလေးတင် တင်လိုက်တဲ့ သရော်စာက ဇေကမ္ဘာ ခင်ရွှေ၊ သူ့ချွေးမ နန္ဒာလှိုင် အပြင် တကယ်တွယ်ချင်သူက လွင်မိုး ဖြစ်ဖို့ များနေသည်။ ဆောင်းပါးရှင်က ကိုယ် အားပေးနေကျ စာပြောင်သမားမို့လည်း အသေအချာ ဖတ်လိုက်မိခြင်းပါ။ ကိုယ် အံ့သြမသွားပါ။ ရင်ထဲမှာ နင့်သွားသော်လည်း လက်ခံရပါပြီ။

အရင်က ကိုယ် နှစ်သက် လေးစားခဲ့ဖူးသူ၊ ကိုယ်တိုင်လည်း သိခဲ့ဖူးသော လွင်မိုးကို ဒီလိုပြောင်း လဲသွားမယ်လို့ မထင်ရက်ခဲ့ပါ။ သူလဲ ပေါ်လစီကား အရိုက်များသူပါပဲ။ တခြားသူတွေကို အမြင်ကတ်သလို သူ့ကို အမြင်မကတ်ခဲ့။ ဒီလောက်ထိ သူက ကိုယ်တို့အတွက် ချစ်မွေးလေး ပါတာလေ။ ကြိုက်ကြမြဲ၊ လွင်မိုးဆို ဆတ်ခနဲ ခေါင်းထောင်ကြည့်မြဲ….။

သူ့ရဲ့ ခရီးသွားမှတ်တမ်းဗီဒီယိုတွေ ငွေကြေးအရ မအောင်မြင် ကြောင်း နံနက်ခင်း ဂျာနယ်ထဲမှာ သူ ပြောသွားတော့ တော်တော်လည်း သူ့လိုလူ အတွက် စိတ်မကောင်းဖြစ်ခဲ့ရတာ ပူပူနွေးနွေးရယ်ပါ။ နောင်ဆို ပိတ်ကားပေါ်မှာ မြင်ရန် အလားအလာကို မျှော်လင့်မထားဖို့ ပြောနေသည် မို့လား။ ငွေမရှိ ခရီးမတွင် ဆိုစကား မှန်နေသောအခါ….။

အတိအကျ မမှတ်မိပေမဲ့ တနေ့က အပြင် သွားရင်း ဂျာနယ်တစောင်မှာ (ပြည်မြန်မာ ဂျာနယ်ဖြစ် မည် ထင်သည်။) ဇေကမ္ဘာခင်ရွှေနဲ့ ဆက်စပ်ပြီး လွင်မိုးနဲ့တွေ့မေးထားတာ ဖတ်လိုက်၇တယ်။ အလွန်နှမြောစရာ ကောင်းလောက်အောင် သူ့စိတ်၇င်းအမှန်ကို ပြည်သူ့မျက်နှာ မထောက်ထားဘဲ ဖေါ်ထုတ်သွားခဲ့တယ်။ စကားလုံး အတိအကျ မမှတ်မိသော်လည်း အနုပညာသည်လည်း နိုင်ငံရေးကို လုပ်ခွင့် ရှိကြောင်းနဲ့ ကြိုက်တဲ့ဘက်မှာ နေနိုင်ကြောင်း ညွှန်းဆိုသွားတာပါ။ ဒီအထိ ကြိုက်ပါတယ်။ ပြောစရာမရှိ။

သို့သော်.. ဒီ.. သို့သော်က ဒီလို နိုင်ငံမျိုးမှာ အလွန်အရေးကြီးပါတယ်။ အမေရိက မဟုတ်ပါ။ Ronald Reagan ဖြစ်ချင်ရင်တောင် စံနစ်ကို ကြည့်ရဦးမှာပါ။ နိုင်ငံရေးအရ မည်မျှ လွတ်လပ်တဲ့ ရွေးကောက်ပွဲမို့ သူက ဒီလို ပြောနိုင်ပါလိမ့်။ ပြည်သူတွေ အတွက်လား လက်ရှိအစိုး၇ ကောင်းစားရေးအတွက်လား ဆိုတာလောက်တော့ သူက လူညံ့ မဟုတ်တော့ တွက်တတ်မည်ပင်။

ဒီရွေးကောက်ပွဲဝင်တဲ့ ဇေကမ္ဘာခင်ရွှေ မည်မျှ အသုံးမကျသည်ကိုလည်း သိပြီးဖြစ်မည့်သူပါ။ တကယ်တော့ သူ့သမီးသာ ရွှေမန်းသားနဲ့ မရရင် သူဌေးအမည်ခံ ဇေကမ္ဘာတို့ ဒေ၀ါလီခံရတာ ကြာလှပေါ့။ အကြောင်းသိတွေဘဲဟာ..ယုဇနဌေးမြင့်တို့နဲ့ တအုပ်စုတည်းတက်လာကြတာ။ ခင်ညွန့်လက်ထက် ကတည်းကလေ။ ဒီစစ်ဗိုလ်ချုပ်တွေကသာ ကြားကန်မပေးရင် ရေမရှိတဲ့ချောင်း နှာခေါင်းဖေါ် သေကြရမဲ့အထဲ ပါသူတွေပေါ့။ ဒါနဲ့များ လွင်မိုးရာ…..။

အနုပညာသည် ပြည်သူ့အတွက် လို့ ကြွေးကြော်ရင်း မျက်နှာကြီးရာ ဟင်းဖတ် ပါပြီး ငွေအတွက် နာမည် တလုံးကို ၇င်းလိုက်ပြီလားကွာ။ အချိန်မီ ဘရိတ် အုပ်ပါဦးတော့။ မင်းသား လုပ်လို့ရတဲ့ အသက်အရွယ် ကျော်သွားလည်း သိက္ခာကို ရိက္ခာနဲ့ မလဲကောင်းဘူးလေ။ ဆင်ခြင်ပါဦးဗျာ။ ပြည်သူ့ မျက်နှာ များလည်း ထောက်ထားကြပါဦး…..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts