>Than Soe Hlaing – Election and Journalist

>

ရွေးကောက်ပွဲနဲ့ သတင်းသမား တာဝန်
သန်းစိုးလှိုင်
အောက်တိုဘာ ၈၊ ၂၀၁၀
အခုတလော ပြောကြတဲ့ပြောစကား တခုတောင်ရှိပါသေးတယ်။
`နိုင်ငံရေးကို စိတ်ဝင်စားလို့ ရွေးကောက်ပွဲကို စိတ်မ၀င်စားတာ´ ဆိုတာပါ။

မျိုးဆက်သစ်များအဖို့ ပထမဆုံး အတွေ့အကြုံ

၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ကျွန်တော်တို့မျိုးဆက်တွေအတွက် ပထမဆုံးသော ပါတီစုံရွေးကောက်ပွဲရဲ့ သတင်းအတွေအကြုံပါ။ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲ ကို သိမှီလိုက်တဲ့သူများတောင်မှ အဲဒီကာလက ပုဂ္ဂလိက ပုံနှိပ်မီဒီယာ မရှိသေးတာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းရေးသား ဖေါ်ပြတဲ့အတွေ့အကြုံမရခဲ့ကြပါ။
ပုဂ္ဂလိက မီဒီယာတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ယခု ၂၀၁၀ မှာ ကျင်းပမယ့်မှာ ပထမဆုံး သတင်းယူရမယ်ဆိုတော့ အချို့လည်း စိတ်လှုပ်ရှားနေကြတာတွေ့ရပါတယ်။ နိုင်ငံရေးပါတီရုံးခန်းတွေ ဧပြီလ နောက်ပိုင်း ပေါ်ထွက်လာပြီးနောက် သတင်းသမားတွေ ပါတီရုံးခန်းတွေဆီဝင်ထွက်ပြီး နိုင်ငံရေး သမားတွေနဲ့ အင်တာဗျူး၊ ပြီးတဲ့နောက် စာမျက်နှာပေါ် ရောက်လာ၊ ဒါ့ပြင် နိုင်ငံရေး ပညာပေး ဆောင်းပါး၊ ခေတ်ဟောင်း နိုင်ငံရေး အဖြစ်အပျက်တွေ ပြန်လည်ဖေါ်ပြတဲ့ ဂျာနယ်တွေလည်း တစ်စောင်ပြီး တစ်စောင်ထွက်ရှိလာကြပါတယ်။
ပထမဆုံးတော့ Northern Star နောက်မှာ Monitor နဲ့ အခုနောက်ဆုံး ပြည်သူ့ခေတ်ဂျာနယ်တွေဟာ နိုင်ငံရေး ဆောင်းပါး၊ အဖြစ်အပျက်တွေကို ဦးစားပေးဖေါ်ပြတဲ့ ဂျာနယ်တွေပါ။ ဒီအဖြစ်တွေ မြင်ရတော့ အချို့ကအပြောင်းအလဲ တစ်ခုရဲ့ အစလားလို့ ထင်မြင်ယူဆ ကြနေကြတာကိုလည်း ကြားသိနေရပါတယ်။
သေချာတာကတော့ မသေချာမှုတွေပါပဲ
ရေးသားတင်ပြခွင့် ရလာတာဟာ မတ်လ ၈ ရက်နေ့နေ့စွဲနဲ့ ရွေးကောက်ပွဲ ဥပဒေကြေညာပြီးနောက် ပိုင်းမှသာဖြစ်ပါတယ်။ ပါတီတွေရဲ့ အမြင်တွေ၊ မူဝါဒတွေ၊ စည်းရုံးရေး အခြေအနေတွေကို ဖေါ်ပြတဲ့ သတင်းတွေ တွေ့ဆုံမေးမြန်းချက်တွေ မဖေါ်ပြခင် စိစစ်ရေးက ၃ပုံ ၁ပုံလောက် အမြဲဖြတ်တောက် နေတာပါ။
ရေးသားချက်တွေကို အပုဒ်လိုက် ဖြတ်တာ အပြင် အပိုဒ်လိုက်လည်း ဖြတ်တာလုပ်ခံရလို့ နိုင်ငံရေးသမားနဲ့ သတင်းထောက်တွေ အကြားအထင်အမြင်လွဲတဲ့ အဖြစ်တွေလည်း မကြာခဏ ဖြစ်ပျက်နေတာတွေ့ရပါတယ်။
အခုလို သတင်းဂျာနယ် မီဒီယာတွေကို ရေးသားဖို့ ပလက်ဖောင်း ကျဉ်းကျဉ်းကလေး လုပ်ပေးတာဟာ တရွေ့ရွေ့ပြောင်းလဲတဲ့ ဖြစ်စဉ် တစ်ခုဆိုတာထက် စစ်အစိုးရက သူတို့ လည်ရောင်းနေတဲ့ ရွေးကောက်ပွဲ စည်စည်ကားကားဖြစ်အောင် မီဒီယာကို ခဏခေတ္တရေးသားခွင့် ပေးထားတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
ဒီရွေးကောက်ပွဲ ပြီးသွားတဲ့နောက် အတိုက်အခံ ပါတီတွေ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုဝေဘန်တာတွေကို အပတ်စဉ်ထုတ် ဂျာနယ်စာမျက်နှာတွေ ပေါ်မှာမြင်ရဖို့က မသေချာပါဘူး။
၂၀၀၈ အခြေခံဥပဒေမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာဖေါ်ထုတ်ခွင့်တွေကို ဘာမှ အာမ မခံထားပါဘူး။ ပြည်တွင်းက ပုံနှိပ်မီဒီယာတွေ အနေနဲ့ ယခုထက်ပိုပြီး ရေးဖို့အခွင့်အလမ်း ပိုရလာမလား မရဘူးလားဆိုတာတွေဟာ ဘယ်ဥပဒေနဲ့မှ ရှင်းရှင်းလင်းလင်း မဖေါ်ပြထားလို့ ရွေးကောက်ပွဲပြီးနောက် ပြည်တွင်း မီဒီယာတွေရဲ့ အနေအထားဟာ ရေရေရာရာ မရှိပါဘူး။
သတင်းသမားတာဝန်နဲ့ တဦးချင်း အမြင်
    ၂၀၁၀ ရွေးကောက်ပွဲရဲ့ အခြေခံဥပဒေဟာလည်း စစ်တပ်က လွှမ်းမိုးတယ် ဆိုတာထက် ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့ပြင်၊ ကြေညာပြီးခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေ အစရှိတာတွေကို လေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲ ပြီးတဲ့နောက် အများပြည်သူတွေအတွက် ဘာမှ အကျိုးရှိစရာမမြင်ပါ။ လာမယ့် ရွေးကောက်ပွဲ ကျင်းပချိန်မှာလည်း တရားမျှတမှုလည်း ရှိဖို့ရာ မမြင်တဲ့အတွက် သာမန်လူတယောက် အနေနဲ့ ရွေးကောက်ပွဲကို စိတ်လည်း မ၀င်စားပါ။
ရွေးကောက်ပွဲ ပြီးရင် စီးပွားရေး ကောင်းလာမလား၊ တဦးချင်း အခွင့်အရေး ပိုရလာမလား၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့် ရှိမလား စတဲ့အချက်တွေ ဘယ်ဟာမှ မသေချာပါ။ ဒါကြောင့် ရွေးကောက်ပွဲကို မြန်မာပြည်သူ အများနည်းတူ စိတ်မ၀င်စားတာပါ။
လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ်မဟုတ်ဘူး ဆိုတာကို ၂၀၀၈ အခြေခံဥပဒေ မူကြမ်းထွက်ပေါ်လာကတည်းက၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာကတည်းက အကဲဖြတ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ အခြေခံဥပဒေမှာလည်း လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်၊ တပ်နဲ့ လွှတ်တော်ရဲ့ အာဏာခွဲဝေမှု စတဲ့အချက်တွေက သဘာဝမကျလို့ လူထုရဲ့ ယုံကြည်ထောက်ခံမှုရထားတဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ခဲ့တာပါ။ သို့ပေမယ့် အဲဒီကန့်ကွက်ချက်တွေကို လျစ်လျူရှုပြီး ၂၀၀၈ အခြေခံ ဥပဒေကို ခြိမ်းခြောက်ပြီး တမျိုး၊ မဲလိမ်ပြီး တသွယ်နဲ့ ထောက်ခံမဲ ၉၀ ရာခိုင်နှုန်း ကျော်ရအောင် လုပ်ခဲ့တာ တတိုင်းပြည်လုံး သိတဲ့ကိစ္စဖြစ်ပါတယ်။
နိုင်ငံရေး နဲ့ ရွေးကောက်ပွဲ
အခုတလော ပြောကြတဲ့ပြောစကား တခုတောင်ရှိပါသေးတယ်။
`နိုင်ငံရေးကို စိတ်ဝင်စားလို့ ရွေးကောက်ပွဲကို စိတ်မ၀င်စားတာ´ ဆိုတာပါ။
ရွေးကောက်ပွဲက အပြောင်းအလဲ ဖြစ်လာဖို့ အလားအလာ မမြင်တဲ့အပြင် ရွေးကောက်ပွဲပြီးရင် နအဖ စစ်ဗိုလ်ချုပ်တွေအစိုးရဖွဲ့ပြီးနောက် ပြည်သူလူထု တခဲနက်တင်မြှောက်ထားတဲ့ အစိုးရဆိုတဲ့ ဂုဏ်ပုဒ်ကို နေ့စဉ်နေ့တိုင်းလောက် အစိုးရပိုင် သတင်းစာ တီဗီတွေမှာ ဖတ်ရကြားရတာပဲ တိုးလာမယ့်သဘော ရှိပါတယ်။
အထက်က အချက်တွေဟာ ပုဂ္ဂလိကတဦးချင်း အမြင်၊ ခံယူချက်ဖြစ်ပါတယ်။ တဦးချင်းအနေနဲ့တော့ ရွေးကောက်ပွဲဆိုတာကိုလည်း မယုံကြည်၊ စိတ်လည်း မ၀င်စားပေမယ့်  သတင်းသမား တယောက်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ရေးသားတင်ပြဖို့ တာဝန်ရှိပါတယ်။ 
လေ့လာဖို့နဲ့ သတင်းပို့ဖို့ ကိုယ့်တာဝန်
အာဏာကိုချုပ်ကိုင်ထားတဲ့ စစ်အစိုးရက ဘယ်လိုဘက်လိုက်မှုတွေ ရှိနေသလဲ၊ အာဏာရပါတီလို ဖြစ်နေတဲ့ ကြံ့ဖွံ့ရဲ့ စည်းရုံးရေး လုပ်ရာမှာ အတင်းအဓမ္မ  ပါတီဝင်ခိုင်းတာမျိုး၊ မလိမ့်တပတ်နဲ့ ပါတီဝင်ဖြစ်အောင်၊ ထောက်ခံမဲထည့်အောင် လုပ်တာမျိုးတွေကို သတင်းယူပြီး ဖေါ်ထုတ်ဖို့တာဝန်ရှိပါတယ်။
ဒီအတွက်လည်း ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ဖတ်ရှုထား ရမှာပါ။  အခြေခံဥပဒေကိုလည်း စိတ်မ၀င်စား မနှစ်သက်သော်လည်း ဖတ်ရှုထားရမှာပါ။ အဲလိုမှသာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားတင်ပြတဲ့အခါ ပြည့်စုံမှာဖြစ်ပါတယ်။
သတင်းသမားတစ်ယောက်ရဲ့ အလုပ်တာဝန်နဲ့ တဦးချင်း နိုင်ငံရေးယုံကြည်ချက်ကို စည်းခြားပြီးလုပ်ကိုင်ရမယ့် ကာလတစ်ခုလို့ထင်မြင်ယူဆ မိတဲ့အကြောင်း တင်ပြလိုက်တာပါ။ အခြားသော သတင်းမီဒီယာ သမားတွေအနေနဲ့ ဘယ်လိုထင်မြင်ယူဆကြသလဲ ဆိုတာလည်းအခွင့်ရရင် ကြားချင်ပါသေးတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts