>Maung Yit – Leave them in The Election

>

ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့
မောင်ရစ်
အောက်တိုဘာ ၇၊ ၂၀၁၀
          မိုးမခမီဒီယာကို အွန်လိုင်းဂျာနယ်အဖြစ် စတင်ခဲ့စဉ်က “ရွေးကောက်ပွဲထဲမှာ မောင်ရစ်ကို ထားရစ်ခဲ့” ဆိုတဲ့ ဆောင်းပါးတွေ ရေးဖူးတယ်။ တကယ်တမ်း စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို ကြောရရုံ ကြံစည်ပြီး ပစ်ထားခဲ့မယ် လုပ်လာတော့ မောင်ရစ်လည်း ဘယ်ရွေးကောက်ပွဲထဲမှာ နေရစ်ခဲ့ရမယ်မှန်းမသိတော့တာနဲ့ အမေရိကန်က သမ္မတရွေးကောက်ပွဲနောက် ကောက်ကောက်ပါအောင် လိုက်ပြီး တောပြော တောင်ပြောတွေ ပြောနေမိတော့တာပါပဲ။
          တိုက်ဆိုင်ချင်တော့ ၂၀၁၀ နိုဝင်ဘာလမှာ ရွေးကောက်ပွဲကြီး ၂ ခု ရှိတယ်။ တခုကတော့ အမေရိကန်နိုင်ငံရဲ့ လွှတ်တော်ကြီး ၂ ရပ်အတွက် နှစ်လယ်ရွေးကောက်ပွဲ နဲ့ နောက်တခုကတော့ မြန်မာပြည်ရဲ့ အနှစ် ၂၀ ကြာတဲ့ အတိတ်ကို ပစ်ပယ်လိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
          ၂၀၀၈ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလို့ သမ္မတ အိုဘားမား တက်လာပြီး အမေရိကန်မှာ ယခင်တုန်းကနဲ့ မတူတဲ့ အထွေထွေ ပွင့်လင်းမှုတွေ၊ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ပွင့်လင်းမှုကတော့ အစဉ်အလာမရှိတဲ့ လူမည်း၊ အဖမဲ့သား၊ လူလတ်တန်းစား၊ ပညာတတ်၊ လူငယ်ခြေရည်တက် နိုင်ငံရေးသမားတဦးက ကမ္ဘာအင်အားကြီးနိုင်ငံ အမေရိကားမှာ သမ္မတကြီး ဖြစ်လာလို့ပါ။ ပြီးတော့ သူရေးတဲ့ နိုင်ငံရေးအတွေးအမြင် စာအုပ် ၂ အုပ်က သြဇာကြီးတဲ့ အရောင်းရဆုံး စာအုပ်စာရင်းမှာ ပါနေတယ်။ ပြီးတော့ ဘာမှတောင် မလုပ်ရသေးဘူး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုကလည်း ရလိုက်သေးတယ်။ လူကြီး လူငယ်တွေ အားလုံးမှာ အဲသည်ရဲ့ ဂယက်နဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘ၀အတွေးအမြင်တွေမှာ ပုံမှန် သာမန်ရိုးကျ ရှင်သန်နေရာကနေပြီး ပွင့်လင်းမှုတွေ အားတက်သရော ထကြွနိုးကြားမှုတွေ ဖြစ်ကုန်ကြရပါတယ်။ ဒါက တခု။
နောက် ရှုပ်ထွေးမှုကတော့ – ရိုးရာအစဉ်အလာအတိုင်း ဓလေ့ထုံးတမ်းများအတိုင်း အရှေ့က နေထွက်လို့ အနောက်က နေ၀င်တာကို ကြည့်ပြီး ဘ၀ကို ပုံမှန်အတိုင်း တည်ဆောက် ချီတက်နေကြသူ လူထု လူတန်းစားအသီးသီးမှာ ၀မ်းသာအားရ တက်ကြွမှုတွေ ဖြစ်ကြတာနဲ့အတူ အလန့်တကြား ခေါင်းနားပန်းများ ကြီးကုန်ကြတာတွေလည်း ဖြစ်ကုန်ကြပါတယ်။
ရှေးရိုး အစဉ်အလာသမားများ၊ ဘိုးဘွားစဉ်ဆက် ချမ်းသာတာကို ထာဝရလို့ ထင်နေသူများသာမက၊ ဘိုးစဉ်ဘောင်ဆက် ဆင်းရဲမွဲတေ ခြိုးချန်ချစ်ချုပ်နေရတာကို ဘ၀လို့ ထင်နေသူများ၊ ဘာသာရေး တရားဓမ္မများနဲ့ သိမ်မွေ့နေပျော်တယ် ထင်နေသူများဟာ အိုဘားမားလို အစဉ်အလာမရှိသူတဦး၊ ဘုရားသခင်က ရွှေဇွန်းကလေး ကိုက်ခိုင်းပြီး ဧကရာဇ်မင်း လုပ်ဖို့ လွှတ်လိုက်တယ်လို့ ထင်ရက်စရာ မရှိသူတဦးက သမ္မတကြီးဖြစ်လာတာကို ကမ္ဘာကြီး ပျက်သွားတော့မတတ် ထိတ်လန့်တုန်လှုပ်သွားကြပြီး ထကြွ လာကြတော့တာက ရှုပ်ထွေးမှုတွေ ဖြစ်ကုန်တာရဲ့ အရင်းခံဖြစ်ပါတယ်။
သမ္မတဘွတ်ခ်ျလက်ထက် စစ်ကြီး ၂ ပွဲ တိုက်လိုက်ရတာ၊ အိမ်ခြံမြေ စတော့ရှယ်ယာနဲ့ ငွေကြေး ဈေးကွက်တွေ ၀ိသမလောဘဇောတိုက်ပြီး ဈေးကစားလိုက်တာ၊ စားသုံးသူတွေကို လုပ်ငန်းရှင်တွေက လှည့်ချင်တိုင်း လှည့်၊ အမြတ်တွေ ထုတ်၊ အမြတ်ကြီးစားတွေရဲ့ ၀င်ငွေခွန်တွေ ကလည်း လျှော့ပေးလိုက်တာတွေကြောင့် ပြည်သူနဲ့ အစိုးရမှာ ဆင်းရဲမွဲတေပြီး၊ ၂၀၀၈ နောက်ပိုင်း စီးပွားပျက်ကပ် ဆိုက်မတတ် ဖြစ်သွားရတာတွေကို အမေရိကန်မှာ ရှေးရိုးစွဲသမားများ၊ ငွေရှင်ကြေးရှင်ကြီးများက သမ္မတအသစ်ကြီးအပေါ် ပုံချလိုက်ပါတော့တယ်။ စီးပွားကျလို့ စီးပွားပျက်လို့ ထိခိုက်နေသူ အမေရိကန်လူတန်းစားအချို့ကို သွေးထိုး လှုံဆော် လိုက်ပါတော့တယ်။
သမ္မတကြီးဟာ မွတ်စလင်တဦးဖြစ်တယ်၊ သူ့ကို အမေရိကန်ပြင်ပမှာ အာဖရိကန်လူမည်းတဦးနဲ့ သူ့အမေ အမေရိကန်သူက ရပြီး မွေးတာဖြစ်တယ်၊ အမေရိကန်ပြည်ထဲမှာ မွေးတာ မဟုတ်ဘူး၊ သူဟာ ရှေးရိုးစဉ်လာရှိသူ၊ ရိုးရာဓလေ့ထုံးတမ်းတွေ လိုက်နာသူမဟုတ်ဘူး၊ မိစုံဘစုံ မိသားစုက မွေးလာရသူ မဟုတ်ဘူး၊ (အသားမည်းတာကတော့ ထည့်တောင် မပြောတော့ဘူး)၊ အမေရိကန်ရဲ့ တန်ဖိုးဖြစ်တဲ့ ဘုရားသခင်နဲ့ အရင်းရှင်ဆိုတာကို ကိုးကွယ်သူ မဟုတ်ဘူးလို့ နှစ်နှစ်ကာကာကြီးကို ၀ါဒဖြန့်သွေးထိုး ကြပါတယ်။ ဒါကြောင့် အိုဘားမားနဲ့ သူ့ပေါ်လစီတွေကို ဆန့်ကျင်ကြ၊ သူ့နောက်လိုက် ဒီမိုကရက်ပါတီကို ချေမှုန်းကြလို့ ပြိုင်ဘက် ရှေးရိုးစွဲ ရီပတ်ဘလီကင်ပါတီတွေ၊ ရီပတ်ဘလီကင် အမတ်တွေ၊ အရင်းရှင်ကြီးတွေက ကြွေးကြော်ပြီး နိုင်ငံရေး ထိုးစစ်တွေ ဆင်ကြတော့တာဟာ ၂၀၀၉၊ ၂၀၁၀ တလျောက်လုံး ပါပဲ။
ဖြစ်ချင်တော့ သမ္မတကြီး မောင်အိုဘားမားကလည်း သူယုံကြည်တဲ့ ကမ္ဘာသစ်ကြီးကို မီးထွန်းပေးဖို့ ကြိုးစားတာကို မဖြစ်မနေလုပ်မိလိုက်တော့ ပြောစရာတွေ ပိုဖြစ်ကုန်တော့တာပါပဲ။ အမေရိကန်ရဲ့ ပြည်သူတွေအားလုံး ကျန်းမာရေးအာမခံချက်ရှိအောင်၊ ငွေကြေး ဈေးကစားမှုတွေ နောင်ထပ်မဖြစ်ရေး ကာကွယ်မှုရှိအောင်၊ အမေရိကန်ပြည်တွင်း လုပ်ငန်းတွေ ပြန်လည် ထွန်းကားလာအောင် စတဲ့ အရေးကိစ္စတွေအတွက် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်အကောင်အထည်ဖော်ပါတော့တယ်။ အမေရိကန်ရဲ့ လွှတ်တော်ကြီးတွေက ထောက်ခံမှ သမ္မတကြီးက အလုပ်လုပ်နိုင်တာ ဆိုတော့ ရှေးရိုးစွဲ အမတ်များ၊ လုပ်ငန်းရှင်ကြီးများ၊ ရှေးရိုးစွဲ တက်ကြွလှုပ်ရှားသူများဟာ အစွမ်းကန် ကန့်ကွက်ကြတာ၊ ဆန့်ကျင်ကြတာ၊ အချိန်ဆွဲ တိုက်ပွဲဆင်ကြတာတွေနဲ့ တချိမ်းချိမ်း နိုင်ငံရေးတိုက်ပွဲတွေ ဆင်ကုန်ကြတော့တာပါပဲ။
ဒါကြောင့်မို့လို့ နှစ်ဖက်စလုံးသော နိုင်ငံရေးပါတီကြီးများ အံခဲထားတဲ့ ယခု လာတော့မယ့် နိုဝင်ဘာ နှစ်လယ် လွှတ်တော်ရွေးကောက်ပွဲကြီးဆိုတာဟာ အိုဘားမားဦးဆောင်တဲ့ ဒီမိုကရက်များနဲ့ ရှေးရိုးစွဲ ရီပတ်ဘလီကင်များရဲ့ အဆုံးအဖြတ် သူသေ၊ ကိုယ်သေ တိုက်ပွဲကြီးတခု ဖြစ်ပါတော့တယ်။ အဲသည်မှာ လွှတ်တော် ၂ ခု စလုံးရဲ့ အမတ်ဦးရေ အများဆုံးကို ရယူလိုက်တဲ့ နိုင်ငံရေးပါတီသည်သာလျင် ရှေ့ဆက်ချီတက်မယ့် အိုဘားမားပေါ်လစီများရဲ့ သေရေး ရှင်ရေးကို ဆုံးဖြတ်ပေးမယ့် နေရာထူးကြီးကို ဆွတ်ခူးတော့မှာ ဖြစ်ပါတယ်။ ထို့အပြင် စီးပွားပျက်နေဆဲ အမေရိကန်ပြည်ကြီးရဲ့ ရှေ့ရေးကို ဦးဆောင်မောင်းနှင်မယ့် ပေါ်လစီများ၊ ဥပဒေများ၊ ဆုံးဖြတ်ချက်များကို ချမှတ်၊ အတည်ပြု၊ အကောင်အထည်ဖော်နိုင်မယ့် အားသာချက်ကို ဆုတ်ကိုင်တော့မှာ ဖြစ်ပါတယ်။
အခုလိုမျိုး ရွေးကောက်ပွဲကြီးမှာ မဲပေးကြမယ့် မဲဆန္ဒရှင်များ မခံချင်စိတ်တွေ၊ ဒေါသတွေ၊ သံသယတွေ၊ မရိုးမရွ၊ ဝေခွဲမရ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေအောင်ကိုလည်း အမေရိကန် ဒေါ်လာ ဘီလျံ၊ ထရီလျံနဲ့ ချီသော ငွေကြေးများကို ဘယ်လုပ်ငန်း ကိုင်ငန်းများထဲကိုမှ ရင်းနှီးမြုပ်နှံခြင်း မရှိဘဲ ဖင်ခုထိုင်ထားတဲ့ ငွေရှင် ကြေးရှင် လုပ်ငန်းရှင် အရင်းရှင်ကြီးပေါင်း မြောက်များစွာဟာ မဲဆွယ်တဲ့ ကြော်ငြာတွေ၊ မဲဝယ်တဲ့ ကင်ပိန်းတွေ၊ မဲဖျက်တဲ့ လှုပ်ရှားမှုတွေမှာ ရက်ရောစွာ သုံးစွဲပြီးတော့ သူတို့အားပေးချင်တဲ့ ရှေးရိုးစွဲပါတီကြီးနဲ့ နိုင်ငံရေးသမားတွေ အနိုင်ရနိုင်ဖို့ မြုပ်နှံလျက် ရှိပါတယ်။
သဘောကတော့ အမေရိကန်ပြည်မှာ ဂူးဂဲတို့၊ ဖေ့စ်ဘွတ်တို့လို စားသုံးသူတွေကို အလကားလည်းပေး၊ ဈေးလည်းရောင်းတဲ့ ခေတ်သစ်အရင်းရှင်တွေရှိသလို အမြတ်မထွက်လို့ကတော့ အလကားရတဲ့ လေတောင် အကြွေးမရောင်းနိုင်ဘူးဆိုတဲ့ ခေတ်ဟောင်း အရင်းရှင်ကြီးတွေကလည်း သူတို့ရဲ့ အင်ပါယာတွေကို အထိအခိုက် အပွန်းအပဲ့ မခံနိုင်တာကြောင့် ဒီတချီမှာ ခေါင်းမာမှ တော်ကာကျမယ်လို့ မောင်းတင်နေကြတာ ဖြစ်ပါတယ်။
အမေရိကန်မဲဆန္ဒရှင်များမှာလည်း အဲသည် ပွင့်လင်းမှုနောက်က လိုက်လာတဲ့ အထွေထွေ ရှုပ်ထွေးမှုကြီးရဲ့အောက်မှာ ဘယ်လမ်းလိုက်ရမယ် မသိအောင် ဖြစ်ကြရတာကလည်း မြန်မာပြည်က ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးရေး မပေးရေး နံကြားထောက်ရသလို အလွန်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးပါပဲ။
အမေရိကန်ပြည်သားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကတည်းက မဲစနစ်နဲ့၊ အရွေးချယ်ခံ ကိုယ်စားလှယ် စနစ်နဲ့ တိုင်းပြည်ကို မောင်းနှင် တည်ဆောက်ခဲ့ကြတာပါ။ လူမည်းကျွန်စနစ်ကို ဖျက်သိမ်းဖို့ မဲခွဲစဉ်တုံးက တကြိမ်တည်းမှာသာ လွှတ်တော်မှာ မဆုံးဖြတ်နိုင်ခဲ့လို့ ပြည်တွင်းစစ်ဖြစ်ပြီး ဖြေရှင်းခဲ့ရတဲ့ သာဓက တခုသာ ရှိခဲ့ပါတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်း ထက်ခြမ်း ကွဲကြတော့ တပြည်ထောင်ကနေ နှစ်ပြည်ထောင် ဖြစ်မလား၊ စစ်ရေးနဲ့ပဲ ရှင်းကြမလားလို့ ချခဲ့ကြတာကိုးလေ။ အခု ၂၁ ရာစုမှာ၊ သည်တခါမှာလည်း အိုင်ဒီယာတွေ၊ အသစ်တွေ အဟောင်းတွေ ထိပ်တိုက်တွေ့ကြတဲ့အခါ သူတို့တတွေဟာ မဲစနစ်နဲ့ပဲ ဖြေရှင်းကြမှာ အသေအချာ ဖြစ်ပါတယ်။
ဒီတနှစ်ကို စိတ်ကုန်လို့ မဲမပေးခဲ့သူတွေဟာ နောင် နှစ်တွေမှာ ပြန်စိတ်လည်လာတဲ့အခါ မဲပေးကြဦးမှာပါ။ ပြီးတော့လည်း အမေရိကန်ပြည်သားတွေဟာ မဲပေးပေး၊ မပေးပေး၊ အခြေခံလူ့အခွင့်အရေး အပြည့် အာမခံချက် ရှိလေတော့ စိတ်ကြိုက်မတွေ့လို့ကတော့ ရွေးကောက်ပွဲကို ဘေးချိတ်ပြီး လမ်းပေါ်တက် ကလော်ဆဲချင်ဆဲ၊ ဆန္ဒတွေ ပြချင်ပြ၊ သတင်းစာထဲကနေ အစိုးရကို စိန်ခေါ် လုပ်ချင်တိုင်း လုပ်ခွင့်ရှိကြသူတွေ၊ တပြိုက်နက်တည်းမှာလည်း သိက္ခာ၊ ပညာ၊ စည်းကမ်းကလည်း ဒွန်တွဲနေကြသူတွေ ဆိုတာကို မေ့ထားလို့ မရပါဘူး ခင်ဗျာ။
အင်း … မြန်မာပြည်မှာကတော့ အနှစ် ၂၀ ကြာမှ တခါ လာတဲ့ ရွေးကောက်ပွဲမှာ မဲပေးမိရင်တောင်မှ ဘယ်လိုနည်းနဲ့မှ စိတ်ချလို့မရ။ ၁၉၉၀ တုန်းက ပေးမိတဲ့ မဲလက်မှတ်တောင် စစ်အစိုးရက ဘာလုပ်ပြီး ဘယ်မြောင်းထဲ ပစ်ထားခဲ့တယ် ဆိုတာတောင် သွားမမေးရဲဘူး မဟုတ်လားလေ။ ထောင်ဒဏ်က အနှစ် ၂၀၀၊ တိုင်းပြည် လွတ်လပ်ရေး ရတာက အနှစ် ၆၀၊ မဲစနစ်ကို မယုံလို့ ကျည်ဆံတယောက် လူတသက် စနစ်နဲ့ အုပ်ချုပ်လာတဲ့ ဗိုလ်ချုပ်ကြီးများ အောက်မှာ လူဖြစ်လာတဲ့သူတွေတောင် လူအို၊ လူနာ၊ လူသေ၊ ရဟန်း နမိတ်ကြီး ၄ ပါး မြန်မာပြည်မှာ မြင်ရလွန်းလို့ ထုံတောင်နေပြီ ထင်ပါရဲ့။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုံနှိပ်ရေးသားခွင့်၊ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ လွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည်က ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေကော၊ ရဲရင့်တည်ကြည် ဖြောင့်မတ်တဲ့ သူတော်ကောင်းနိုင်ငံရေးသမားတွေကော မပါဝင်ကြဘဲ – “သူတို့” တွေချည်းသာ ထားရစ်ခဲ့ကြပါလို့ ပြောချင်တာပါပဲ။
အမေရိကန်မှာကတော့ ငွေရှင်၊ ကြေးရှင်၊ ရှေးရိုးစွဲတွေရဲ့ လိုရာဆွဲဖို့ ကြိုးစားကြမယ့် ရွေးကောက်ပွဲကြီး ရှိသလို၊ မြန်မာပြည်မှာလည်း အာဏာရှင်၊ ငွေရှင် ကြေးရှင်၊ လက်နက်ရှင်ကြီးများရဲ့ စိတ်တိုင်းကျ ကြိုးဆွဲကြမယ့် ရွေးကောက်ပွဲကြီးကလည်း တိုက်ဆိုင်ပြီး ချီတက်လာပြီ ဖြစ်ပါတယ်။
ကဲ … ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့ရုံသာ။ မောင်ရစ်တို့လို လူမျိုးတွေကတော့ လမ်းဘေးမှာ ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကလေးတွေ ကိုင်ပြီး ကျန်ရစ်မှာပါပဲ။ မျက်နှာမွဲလေးတွေ မဟုတ်လား။ ပစ္စည်းမဲ့ မျက်နှာမွဲတွေဆိုတာ မြန်မာပြည်မှာမှ မဟုတ်ပါ၊ အမေရိကန်ပြည်ကြီးမှာလည်း လမ်းပေါ်မှာပါပဲလေ။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့အတွက် ပေးဖို့ မဲတွေကတော့ ရင်ထဲ အသည်းထဲမှာ ထာဝရသိမ်းဆည်းရင်းနဲ့ … (အလဲ့ … ဒီလို စာကိုနိဂုံးချုပ်တာ မမိုက်လား)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts