>Wai Hnin Pwint Thon told Burmese – we will continue our struggle for Burma

>

ဝေနှင်းပွင့်သုန်က မြန်မာပြည်အတွက် ကျမတို့ ဆက်လုပ်ကြမယ်ဟု ပြောဆိုတိုက်တွန်း
မိုးမခရုပ်သံ
အောက်တိုဘာ ၅၊ ၂၀၁၀
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၀ါရှင်တန်ဒီစီ မက်ထရိုဒေသ၊ မြန်မာမိသားစုများနှင့် ကွယ်လွန်သူ သခင်အုန်းမြင့်၏ သမီးတို့က မြန်မာ့အမျိုးသားရေး စွမ်းဆောင်သူ၊ သခင်အုန်းမြင့်ကွယ်လွန်ခြင်း ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ လက်ရှိ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးငယ် ဝေနှင်းပွင့်သုန်က အမှတ်တရဂါရ၀စကားကို အသံဖိုင်ဖြင့် ပေးပို့ ပြောကြားခဲ့သည်။
ထိုအခမ်းအနားသို့ ပြောကြားရာတွင် ၈၈ မျိုးဆက်တို့၏ ၂၁ ရာစုမျိုးဆက်သစ် သမီးငယ် ဝေနှင်းပွင့်သုန်က မြန်မာပြည်အတွက် ကျမတို့ ဆက်လုပ်ကြမယ်၊ ကွယ်လွန်သူ သခင်အုန်းမြင့်တို့ မြန်မာပြည်အတွက် ဘ၀တလျောက်လုံး ပေးဆပ်ခဲ့ကြသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သူမဖခင်ကဲ့သို့ ၈၈ နှင့် မျိုးဆက်များ အဆက်ဆက် လက်ရှိ ဆက်လက် ပေးဆပ်နေခဲ့ကြသလို၊ မိမိတို့ မျိုးဆက်သစ်တို့ကလည်း မြန်မာပြည်ကြီး လွတ်မြောက်ရေးအတွက် ပေးဆပ်ကြဖို့ ကျမတို့ အချိန်ရောက်လာပြီ ဟု ထုတ်ဖော်ပြောဆိုသွားသည်။
မျိုးဆက်သစ်တို့က နည်းပညာခေတ်သစ်တွင် အသိပညာများ၊ အတတ်ပညာများကို လေ့လာဆည်းပူးရင်း၊ သင်ခန်းစာများ ရယူသင်အံရင်း၊ ၀ိုင်းဝန်းဆောင်ရွက်ကြရန်၊ မိမိဖခင်ပြောကြားသလို လူငယ်ဆိုတာ အမှားကတော့ လုပ်မိမှာပဲ၊ ဒါပေမယ့် ခဏ ခဏ အမှားတွေ မလုပ်နေဖို့ အရေးကြီးတယ်၊ လူတွေ ထောင်ချီရှေ့မှာ မိန့်ခွန်းပြောမှ မြန်မာပြည်အတွက် လုပ်တာ မဟုတ်ပါဘူး၊ မြန်မာပြည်အကြောင်း မသိတဲ့သူတဦးကို မိမိတို့က တတ်စွမ်းနိုင်သလောက် ပြောဆို ရှင်းပြပေးနိုင်ဖို့က အရေးကြီးတယ်၊ မိမိတို့လူငယ်တွေ တယောက်တလက်ဖြင့် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် – ဟု စသည်ဖြင့် ပြောဆိုသွားသည်။
ဝေနှင်းပွင့်သုန်ရဲ့ အသံဖိုင်၊ ကွယ်လွန်သူ သခင်အုန်းမြင့် အမှတ်တရ လက်ကမ်းစာစောင်နှင့် သူမ၏ ဓာတ်ပုံများကို လက်ခံရရှိသမျှဖြင့် မိုးမခပရိသတ်များ ကြည့်ရှူခံစားနိုင်ရန် မိုးမခယူကျု တွင် တင်ဆက်ထားပါသည်။ http://www.youtube.com/user/moemaka
“ဝေနှင်းပွင့်သုန်က မြန်မာဘာသာနဲ့ မြန်မာပရိသတ်ကို အခုလို ပြောလိုက်တော့ ပြည်တွင်း ပြည်ပက မြန်မာအမျိုးသားရေးကို စိတ်ဝင်စားနေသူတွေကော၊ စိတ်မ၀င်စားဘဲ အပျော်အပါး စတိတ်ရှိုးတွေနောက် လိုက်နေသူတွေကော၊ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းတွေကို လှုပ်နိုးလိုက်ပြီလို့ မြင်ပါတယ်”
ဟု မိုးမခမိတ်ဆွေတဦးက ထင်မြင်ချက်ပေးလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts