>No change

>

အတွင်းအနှစ်သာရ ပြောင်းလဲမသွား
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၅၊ ၂၀၁၀

နှစ်ပေါင်း ၂ဝ ကျော်ကြာ စစ်အာဏာရှင်တွေရဲ့ တစ်ဘက်သက် အာဏာနဲ့ အုပ်ချုပ်တာ ခံခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တာစူနေကြပါပြီ။

ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ ရှုတောင့်ပေါင်းစုံက အမြင် အမျိုးမျိုးဟာလည်း အကျယ်လောင်ဆုံး ပေါ်ထွက် လာနေကြပါတယ်။ တချို့က ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ မဲမပေးရေး၊ တချို့က ဒီမိုကရေစီ အင်အားစုတွေကို မဲသွားပေးရေး။ မဟုတ်ရင် ကြံ့ခိုင်ရေးပါတီကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမယ်၊ တချို့ကတော့ အစကတည်းက ကြောက်လို့ပဲဖြစ်ဖြစ်၊ မတတ်သာလို့ပဲ ဖြစ်ဖြစ်၊ ပြသာနာမဖြစ်ရင်ပြီးရော စစ်အစိုးရ လိုချင်နေတဲ့အတိုင်း ကြံ့ခိုင်ရေးကိုပဲ မဲပေးလိုက်မယ် ဒီအရေအတွက်ဟာလည်း ထည့်စဉ်းစားရလောက်အောင် ကြီးမားနေနိုင်ပါတယ်။ တချို့ကတော့ ကြံ့ခိုင်ရေးပဲ မဲပေးမယ့်သူတွေ၊ အဲဒါကို အမြင်အမျိုးမျိုး၊ အုပ်စုအမျိုးမျိုး၊ အသံအမျိုးမျိုး ပေါ်ထွက်လာနေကြပါတယ်။

တကယ်တော့ ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ဆိုတာ စစ်အာဏာရှင်တွေက မန်းမှုတ်လိုက်လို့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ပြည်သူတွေ တခဲနက် ရွေးချယ်ပေးလိုက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ခြေဖျက်ပြီး စစ်တပ် အုပ်စိုးမှုကို တရားဝင်ကြောင်း ပြဖို့ နှစ်ပေါင်း ၂ဝ လုံးလုံး စစ်အာဏာရှင်တွေ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းမှုရဲ့ အဆင့်တစ်ဆင့် အနေနဲ့ ဖြစ်ပေါ်လာတာပါ။

စစ်မှန်တဲ့ ဒီမိုကရေစီ တန်ဖိုးတွေနဲ့ စစ်အာဏာရှင်စနစ် ဆိုတာ ဘယ်လိုမှ ရောစပ်လို့မရပါဘူး။ ပြည်သူ့ဆန္ဒ သဘောထားကို အဓိကထားတဲ့ အချုပ်အချာ အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိတဲ့ ဒီမိုကရေစီ အနှစ်သာရနဲ့ မိမိအလိုအတိုင်း ထင်ရာစိုင်း အုပ်ချုပ်တဲ့ အချုပ်အခြာ အာဏာကို တစ်ဦး၊ တစ်စုလက်ထဲမှာပဲ ထားရှိတဲ့ အာဏာရှင်စနစ်တို့ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။

ဒါပေမဲ့ ဒီနေ့ ကမ္ဘာအခြေအနေ အရပ်ရပ်ကြောင့်ကော ပြည်တွင်း အခြေအနေ အရပ်ရပ် တို့ကြောင့်ပါ ဒီကနေ့ ခေတ်စားနေတဲ့ ဒီမိုကရေစီ စကားလုံးကို စစ်အာဏာရှင်တွေဟာ အသုံးပြုခဲ့ရပြီး ဟန်ပြ ဒီမိုကရေစီ စကားတွေ ထပ်တလဲလဲ ပြောခဲ့ရပါတယ်။ အမှန်ကတော့ ကိုယ့်နှုတ်ထွက် အမိန့်အတိုင်း စောဒကတက်ခွင့် မရှိဘဲ တသွေမတိမ်း လိုက်နာစေလိုတာမျိုးပါ။ အခုတော့ ကိုယ်လုပ်ချင်တာ လုပ်ဖို့ ဖွဲ့စည်းပုံ ရွေးကောက်ပွဲ၊ လူထုဆန္ဒမဲ၊ လွှတ်တော် စတာတွေနဲ့ သိုင်းဝိုင်း တည်ဆောက် ရယူနေရပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေ ပင်ကိုယ် သဘောထားတွေအပေါ် ပြင်ပက လွှမ်းမိုး သက်ရောက်မှုတွေကြောင့် ပါပဲ။

ဒါကြောင့် စစ်အာဏာရှင်တွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာနဲ့ ပြည်သူတွေနဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြု လက်ခံမှု တစ်နည်းပြောရရင် နိုင်ငံရေးအရ တရားဝင်မှုကို ရယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အကာအကွယ် ပေးထားတဲ့ ဖွဲ့စည်းပုံနဲ့ အားလုံး ပါဝင်ခွင့်မရအောင် အခြေခံ ရပိုင်ခွင့်တွေကို ကန့်သတ် ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ စတာတွေနဲ့ မိမိ စစ်တပ် အင်အားစုပဲ လွတ်လွတ်ကျွတ်ကျွတ် ယှဉ်ပြိုင် အနိုင်ရရှိအောင် စီမံထားတာပါ။

ဒါကြောင့် ချုပ်ပြောရရင် အခု ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုတာ စစ်အုပ်ချုပ်ရေးကို တရားဝင် ဖြစ်အောင်လုပ်တဲ့ ပွဲ လို့ ယူဆရတယ်။ လက်ရှိ အခင်းအကျင်းတွေအရလည်း စစ်မှန် တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မှတ်ယူစရာ မရှိပါဘူး။ ရွေးကောက်ပွဲ အောင်မြင် ပြီးမြောက်သွားတဲ့ တိုင်အောင် နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့ အရင်းအမြစ်တွေ စီမံ သုံးစွဲတာ၊ ခွဲဝေတာ ဆုံးဖြတ်တာတွေဟာ စစ်အာဏာရှင်တွေနဲ့ လက်ထဲမှာပဲ ပုံစံ အမျိုးမျိုးနဲ့ ဆက်ရှိနေမှာပါ။

ဒါကြောင့် အတွင်း အနှစ်သာရဟာ ပြောင်းလဲ မသွားပါဘူး။ ပြည်သူတွေဘက်က ဆုံးရှုံးသွားမှာက ကြောက်လို့ပဲ ဖြစ်ဖြစ်၊ မတတ်သာတဲ့ အခြေအနေကြောင့်ပဲ ဖြစ်ဖြစ် စစ်အာဏာရှင်တွေကို ဆက် အုပ်ချုပ်ပါ၊ ထောက်ခံပါတယ် ဆိုပြီး အသိအမှတ်ပြု မဲပေးလိုက်ရင် နှစ်ပေါင်း ၂ဝ လုံးလုံး မရရှိခဲ့တဲ့ စစ်အာဏာရှင်တွေ လိုချင်နေတဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ကိုယ်တိုင် ပေးလိုက်ရတာပဲ ဖြစ်မှာပါ။

မူရင်း – ဗွီအိုအေ သတင်းဌာန၊ စက်တင်ဘာ ၁၅ http://www.voanews.com/burmese/news/special-reports/politics/103178304.html

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts