>Kyaw Thu – Actress Daw Tin Tin Hla’s funeral Service

>

သံဝေဂတရား ထပ်မံရရှိခြင်း
ကျော်သူ
အောက်တိုဘာ ၅၊ ၂၀၁၀

ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ အသက် (၆၈) နှစ်သည် ၂.၁၀.၂၀၁၀ (စနေနေ့) နံနက် (၆း၄၅) နာရီ အချိန်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။ ကျန်ရစ်သော ရုပ်ခန္ဓာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က သွားရောက်သယ်ဆောင် ကူညီပေးခဲ့ပါသည်။

ယနေ့ ၄.၁၀.၂၀၁၀ (တနင်္လာနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

ရုပ်ရှင်အစည်းအရုံးမှ “နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သရုပ်ဆောင်များအနေဖြင့် သွားရောက်ကူညီ သင်ကြားပို့ချပေးခြင်း မပြုလုပ်ရန်” ဟူသော စာထုတ်ခဲ့သော်လည်း အနုပညာရှင် များဖြစ်သော ဘဘ ဦးသုခမှ အစပြု၍ ဒွေး၊ သုမောင်၊ ဂျော်လီဆွေ၊ ညီဘွား၊ ထွန်းထွန်းနိုင်၊ ဇော်ဝမ်း၊ စန္ဒာအောင်သိန်း၊ အေဝမ်း ဦးလှမျိုး၊ အလှဖန်တီးရှင် မိတ်ကပ် အောင်အောင် (တောင်ကြီး)နှင့် ဇာတ်ပို့ ဇာတ်ရံများ၊ လူကြမ်းသရုပ်ဆောင်များ၊ ဟာသသရုပ်ဆောင်များ၊ အနုပညာရှင်များတို့၏ မိဘဆွေမျိုး သားချင်းတို့၏ နာရေးကိစ္စများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)က လုပ်ဆောင် ပေးဆပ်လျှက် ရှိပါသည်။

ကျွန်တော်သည် အမေ ဒေါ်တင်တင်လှ၏ အသုဘအခမ်းအနားတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများက ကျွန်တော်အတွက် သံဝေဂတရားများကို ထပ်မံ၍ ရရှိစေခဲ့သည်။

အကြောင်းမှာ – အမေ ဒေါ်တင်တင်လှသည် ကျွန်တော်တို့၏ ရုပ်ရှင်ဘက်တွင် မင်းသားကြီး ဦးရွှေဘ၊ တွံတေး သိန်းတန်တို့ လက်ထက်ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကတွင် ရုပ်ရှင်ဖလင်များ ပျက်တောက်သွားသည့်အချိန်တွင် ရုပ်ရှင်လောကသားများ ခေတ္တရုပ်ရှင် အနုပညာလောကနှင့် အလှမ်းဝေးခဲ့ကြရသည်။ တဖန် ဗီဒီယိုများ ပေါ်ကာစအချိန်ကာလတွင် ကျွန်တော်၏ ပထမဦးဆုံး သော ဗီဒီယိုဇာတ်ကားဖြစ်သည့် စာရေးဆရာမ မအေးလေး ဝတ္ထုဖြစ်သော “ဥက္ကာ” အမည်ရှိ ဗီဒီယိုဇာတ်လမ်းတွင် ကျွန်တော်၏ မိခင်အဖြစ် ပြန်လည်၍ ရုပ်ရှင်အနုပညာလောကသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကျွန်တော်တို့၏ နောက်မှ ရုပ်ရှင်လောကအတွင်းသို့ ဝင်ရောက်လာသော မင်းသား၊ မင်းသမီးသစ်များ၏ အဒေါ် ဇာတ်ဝင်ခန်း၊ အမေ ဇာတ်ဝင်ခန်းများတွင် ပါဝင်၍ သရုပ်ဆောင်ပေးခဲ့ရသော ဝါရင့်သရုပ်ဆောင် တဦးလည်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံးတို့၏ ခိုင်းစေချက်များ (နိုင်ငံတော် ကိစ္စ) ရပ်များကို အချိန်မရွေး မိမိ၏ အလုပ်မအားလပ်သည့်ကြားမှ မိမိ၏ အနုပညာကို အသုံးချကာ ပေးဆပ်နေသူတဦးလည်း ဖြစ်သည်။ အမေ ဒေါ်တင်တင်လှကဲ့သို့ ရုပ်ရှင်အစည်းအရုံး၏ ခိုင်းစေချက် များကို မိမိတို့၏ ကျန်းမာရေး၊ လူမှုရေး၊ အိမ်တွင်းရေးကိစ္စ အဝဝတို့ကို စွန့်လွှတ်ကာ ပေးဆပ်ခဲ့ကြသော အနုပညာရှင်ပေါင်းများစွာ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံတော်အတွက်၎င်း၊ ရုပ်ရှင်အစည်းအရုံး အတွက်၎င်း၊ ရုပ်ရှင်လုပ်ငန်းအတွက်၎င်း မညီးမညူပေးဆပ်ခဲ့ကြသော သရုပ်ဆောင်များ၏ နောက်ဆုံးအချိန်ဖြစ်သော ဈာပနအခမ်းအနားများတွင် ထိုကဲ့သို့ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ အမှုဆောင်များသော်၎င်း၊ အဖွဲ့ဝင်များသော်၎င်း၊ တဦးတယောက်မျှ မတွေ့ရှိခဲ့ရခြင်းသည် သံဝေဂရဖွယ် ဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တဦးဖြစ်သည်နှင့်အညီ ရုပ်ရှင်လုပ်ငန်းအတွက်သော်၎င်း၊ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေပွဲများသော်လည်း မည်မျှပင် ပေးဆပ်ခဲ့ပါမူ ဤကမ္ဘာမြေပြင်မှ ထွက်ခွာသွားရသည့်အချိန်တွင် “သင် သွားလိုရာသွားနိုင်ပြီ ကျွန်ုပ်တို့နှင့် ယခု အချိန်မှစ၍ ပတ်သက်ခြင်းမရှိတော့” ဟူသော ပြန်တမ်းစာလေး တစောင်ကိုသာ လူကြုံနှင့် ထည့်ခိုင်းလိုက်ခြင်းသည် မလုပ်သင့် မလုပ်ထိုက်သော လူလူချင်း စာနာစိတ်မရှိသော လုပ်ရပ်ပင် ဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။

ဝမ်းနည်းကြေကွဲရပါကြောင်း ပန်းခြင်းလေးတခု၊ ပန်းခွေလေးတခုကိုမျှ မမြင်တွေ့ခဲ့ရ။ ထိုနေ့ ထိုရက်တွင် ယင်း အနုပညာ အဖွဲ့အစည်းကြီး၏ အမှုဆောင်များ၊ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များအားလုံးတို့သည် မည်မျှအရေးကြီးသည့် လုပ်ငန်းတခုကို တယောက်မကျန် လုပ်ဆောင် နေရပါသနည်း။

တလက်စတည်း ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ၏ ဖခင်၊ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ)၏ ခင်ပွန်း ဘဝတပါးသို့ ပြောင်းလဲစဉ်ကလည်း ထိုနည်းအတိုင်းပင် မြင်တွေ့ခဲ့ရသည်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် မေဆွိ မြန်မာပြည်တွင်ရှိစဉ်က၎င်း၊ မိခင်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင် (အန်တီဘေဘီ) မကျန်းမာစဉ် အချိန်က၎င်း၊ နိုင်ငံတော်အခမ်းအနားများ၊ ရန်ပုံငွေပွဲများတွင် စင်မြင့်ပေါ်သို့ အတင်းအဓမ္မ တက်ခိုင်း၍ “ဟေလားရေ မောင်တို့ …. ဟေလားရေ မောင်တို့” စသည့် သီချင်းကို မောပန်းနွမ်းနယ်မှုများကြားမှ မညှာစတမ်း သီဆိုဖျော်ဖြေပေးခဲ့ရသော်လည်း ခင်ပွန်းဖြစ်သူ၏ ဈာပနအခမ်းအနားတွင်တော့ ထိုခိုင်းစေခဲ့သော လူပုဂ္ဂိုလ်များ မတွေ့ရှိခဲ့။

အနုပညာရှင်များသည် လူရယ်လို့ လူ့လောကကြီးထဲ ရောက်လာသည့်အချိန်မှစ၍ ပေးဆပ်မှု များစွာ လောကကြီးအတွက်၊ လူသားများအတွက်၊ နိုင်ငံတော်အတွက် ပေးဆပ်မှုများ ရှိခဲ့သော်လည်း ထိုသူတို့၏ နောက်ဆုံးခရီး ကမ္ဘာမြေကြီးကို နှုတ်ဆက်သည့် အခမ်းအနားတွင် စည်ကား သိုက်မြိုက်စွာဖြင့် နှုတ်ဆက်ခရီးလမ်းကြောင်းကို တက်ညီလက်ညီလာရောက် အားပေးပြုပါက ကျန်ရစ်သူ မိသာစုများအနေဖြင့်၎င်း၊ လာရောက်ကြသော ဧည့်ပရိတ်သတ်များ အတွက်၎င်း အမြင်တင့်တယ်၍ မင်္ဂလာရှိပေမည်။

အချုပ်ဆိုရသော် “ရုပ်ရှင်သည် ပြည်သူ့အတွက်၊ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောက သားများအတွက်” ဟူသော ဆောင်ပုဒ်များကို ထုတ်ဖော်ကြွေးကြော်ခဲ့သည့် ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်လုပ်ငန်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင်များ ပတ်သက်ခြင်းမပြုရ ဟူသော စာများထုတ်ပြန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအနေနှင့် လူလူချင်း စာနာစိတ်မွေးကာ မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) အနက်မှ တပါးတည်းသော ကရုဏာတရားလေးကို လက်ကိုင်ပြု၍ မိမိတို့ အသင်းအဖွဲ့အား စည်းလုံးညီညွတ်စွာ ဖြင့် အုပ်ချုပ်စေချင်တော့သည်။ သို့တည်း မဟုတ်ပါက မိမိတို့၏ အသင်းအဖွဲ့ အမည်နာမဖြစ်သော ရုပ်ရှင်အစည်းအရုံး ဟူသောအမည်ကို ပြောင်းလဲသင့်ပြီဖြစ်ပါကြောင်း မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာထား၍ ကရုဏာဒေါသောဖြင့် ပြောကြားလိုက်ရပါတော့သည်။

အမေ ဒေါ်တင်တင်လှ၏ ရုပ်အလောင်းအား အအေးခန်းမှ ထုတ်လာစဉ် ခန်းမထဲအရောက် ကြည့်ရှုလိုက်သောအခါ အမေ၏ အောက်နှုတ်ခမ်းသည် လောကကြီးကို မကျေနပ်၍၎င်း၊ အနုပညာ လောကကြီးကို နာကျဉ်း၍၎င်း၊ ဝေဒနာကို ခံစားရ၍၎င်း … စသည့် နာကျဉ်းမှုများ၊ ကြေကွဲမှုများ၊ မကျေနပ်မှုများကြောင့်လားတော့ မသိ။ သွားဖြင့် ပြတ်လုနီးပါးကိုက်ထားသော ဒဏ်ရာတွင် သွေးစို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ဤ ဒဏ်ရာ၏ တရားခံ အဖြေကိုတော့ ကာယကံရှင်များသာ သိပါလိမ့်မည်။

မည်သို့ဖြစ်စေ အများပြည်သူတို့အား ထဲထဲဝင်ဝင် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ ပညာဒါန ပေးဆပ်မှု စသည့် လူမှုရေးကောင်းမှုတို့ကို နေ့စဉ်မပျက် အချိန်ပြည့် ပေးဆပ်မှုများ ပြုလုပ်ခွင့် ရခဲ့သည်မှာ ၃ နှစ် တိတိ ရှိခဲ့ပြီ ဖြစ်ပါ၍ ကျွန်တော်အား အနုပညာလုပ်ဆောင်ချက်များ ပိတ်ပင်ခဲ့သော နိုင်ငံတော်မှ လူပုဂ္ဂိုလ်ကြီးများအား ကျေးဇူးအထူးတင်ရှိကာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကျော်သူ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts