>Remembering U Ni Maung – Nyo, Her Friends & Zay Hmine

>

စာအုပ်အဟောင်းလေးများရဲ့ လွမ်းချင်း
ညိုနဲ့ သူ့ရဲဘော်များ၊ ဇေမှိုင်း
စက်တင်ဘာ ၂၈၊ ၂၀၁၀
၁၉၉၃ ခုနှစ်လောက် က မောင်တော်လေးလမ်းက အိမ်တအိမ်ကို ဦးလေး ဦးနီမာ ရောက်လာ ခဲ့တယ်၊၊ သူတို့သားအဖ မန္တလေးကနေ ရန်ကုန်ကို ပြောင်းပြီး အခြေချဖို့ပေါ့၊၊ မာမာဦးက မဟာဝိဇ္ဇာတန်းတက်ဖို့ ရန်ကုန်တက္ကသိုလ်နားက လှည်တန်းက အိမ်ကလေးတအိမ်မှာ နေကြ တယ်၊၊ မာမာဦးက   ပထမ အကြိမ် ၁၉၈၉ မှာ ထောင်ကျတယ်၊၊ သားအဖ ၂ယောက်စလုံးထောင်ထွက်တွေပါပဲ၊၊
သူတို့သားအဖ စာဝတ်နေရေးအတွက် အကောင်းဆုံးဖြစ်အောင် သူတို့ကြိုးစားကြရှာတယ်၊၊ ပြီးတော့ လှည်းတန်းမီးပွိုင့်နားမှာ နိုင်ငံရေးသမားကြီးတယောက်နဲ့ သူ့သမီး နိုင်ငံရေးကျောင်းသူ တယောက် စာအုပ်အဟောင်းတွေရောင်းနေတာတွေ့ရတာပါပဲ၊၊ စည်ပင်သာယာ ရဲတွေကို လိုင်းကြေးမပေးပဲ သူကပြန်ဟောက်နေတာ တွေ့ခဲ့ရဘူးပါတယ်၊၊
၉၆ ခုနှစ် ဒီဇင်ဘာမှာ ကျောင်းသားတွေနဲ့ စစ်ခွေးတွေ ထိပ်တိုက်တွေ့တယ်၊ အဲဒီပွဲကိုဆက်ပြီး သယ်ဆောင်မသွားနိုင်တာကိုတော့ ကျမ မပြောလိုပါ။ ၊ ၉၇ အစောပိုင်းမှာ ဦးနီမာ ရဲ့ သမီးလေး ပါသွားပြန်ပြီတဲ့။ သမီးတယောက်လုံးထောင်ထဲမှာ ရှိနေတဲ့ အချိန် “ ဒီလိုကာလမျိုးမှာ ငါ လဘက်ရည်မသောက်ဘူးကွာ ” တဲ့။
ဘာသာပြန်စာအုပ်လည်းရေးတယ်၊၊ သူ့သမီးအပေါ်မှာလည်း အရမ်းကို မျှော်လင့်ချက်ကြီးကြီး ထားတာလေ၊၊ သူတို့သားအဖ တယောက်ကို တယောက် အားပေးရင်းနဲ့ လှည်းတန်းက ဦးထွန်းလင်းခြံဘေးက ပလက်ဖေါင်းမှ စာအုပ်အဟောင်းရောင်းတဲ့ ဆိုင်လေးဖွင့်ပြီး လာသမျှ နိုင်ငံရေးအသိုင်းအဝိုင်းက ရဲဘော်တွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးတတ်တယ်၊၊ တချို့ကျောင်းသားတွေဆို သွားရင်းလာရင်း စရိတ်ပြတ်သွားရင်လည်း ဦးနီမာက သူ့သမီးရဲ့ ရဲဘော်တွေကို မငြီးမငြူ ရှိတတ်သမျှလေးနဲ့ ကူညီရှာပါတယ်၊၊ တချို့ရဲဘော်တွေဆိုလည်း ကိုယ်တတ်နိုင်သလောက် သူတို့ သားအဖကို ကူညီကြပါတယ်၊၊
အဘ ဦးနီမာနဲ့ ကျမတို့သူငယ်ချင်းများ လစဉ်ဆိုသလို မပြတ်တွေ့နေကြပါ၊၊ အဲဒီ လှည်းတန်းက စာအုပ်အဟောင်းရောင်းဆိုင်လေးမှာ၊ တခါတလေ သူ့ကိုမတွေ့ရင် ကျမတို့သူငယ်ချင်းတွေ သူ့အိမ်ကို ရောက်သွားတတ်တယ်၊၊
ဒီလိုနဲ့ပဲ စာအုပ်ကလေးတွေက ဟောင်းဆဲ … တချို့စာအုပ်တွေဆိုရင် အဖုံးပြုတ်၊ အနှောင့်ပြဲ … ဘဝတွေကလည်း ပါးသထက်ပါးလာကြတာတွေပဲ တွေ့ရ … ကြားရ ၊၊
ဘယ်သူမဆို သူနဲ့တွေ့ပြီဆိုရင် လဘက်ရည်တိုက်နေကျ။ နွမ်းပါးတဲ့ ရဲဘော်တွေဆိုရင် ခရီးစရိတ် ပေးနေကျ။ မမာမာဦးကို အကြောင်းပြုပြီး ကျမတို့ မကြာခန ဆုံလေ့ရှိပါတယ်၊၊ မာမာဦးကိစ္စနဲ့ ပါတ်သက်လာရင် ဘိုးတော်က ဂုဏ်ယူတတ်သလို နိုင်ငံရေးမာနလည်းကြီးတယ်၊၊
သူမ ဒုတိယ ပြန်လွတ်တဲ့အချိန် ကျမက အဝေးကနေ ပျော်နေတာ၊ နိုင်ငံရေးရော လူမှုရေးတွေ မှာပါ တထပ်တည်းကျတဲ့ သားအဖပြန်ဆုံကြပြီပေါ့၊ ဆင်းရဲပေမဲ့ သူတို့ပျော်နေကြမှာ ကျမ မြင်ယောင်မိပါတယ်၊၊ 
သူမ လမ်းလျှောက်ခဲ့တယ်၊ ရဲဘော်တို့နှင့်အတူ …
ပလပ်စတစ် စ လေး အပေါ် စာအုပ်ဟောင်းလေးတွေ တင်လို့
အမွှေးတုံးနေတဲ့ ကြက်မွှေးတံမျက်စည်းကလေးနဲ့ ခါလို့
သမီးရေ  … သမီးရေလို့ …
တတွတ်တွတ် ရေတွတ်ရင်း
သူရဲ့ သမီး မရှိတဲ့ညတွေ ကုန်ဆုံးခဲ့ရပြန်ပေါ့။
မစို့မပို့ ကူညီငွေလေးနဲ့
သူ မာန်ချခဲ့တာ မဟုတ်ပါဘူး
လူကြီးမင်းများ လုပ်မစားပါနဲ့ ခင်ဗျား …
သူ စာတွေ ရေးခဲ့တယ်
သူ့မှာ လုပ်စားခွင့် ရှိခဲ့တယ်
ရ ခဲ့ တယ်။
သူကွယ်လွန်ခဲ့ပါပြီ
သူ့ သိက္ခာနဲ့ သူ့ သမီးလေးရဲ့ သိက္ခာ
နိုင်ငံရေး သိက္ခာ
သူ့မှာ နှလုံးရောဂါ နဲ့ လဲခဲ့ပါပြီ
သူ့အသက်နဲ့ လဲခဲ့ပါပြီ။
ဦးလေး ဦးနီမာရေ
မန္တလေးသားများ …
မြစ်ဝကျွန်းပေါ်သားများ …
ရဲဘော်များ …
အားလုံးကို သူ နှုတ်ဆက်သွားခဲ့ပါပြီ။
တခုပဲ ရှိရဲ့
အညတရ ရဲဘော်ရဲ့ ဈာပနမှာ
အလံအုပ် မသင်္ဂြိုဟ် လိုက်ရရှာပါဘူး၊၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts