ရသဆောင်းပါးစုံ

ဆောင်းဝင်းလတ် – ခေတ္တ – မစ်ရှီဂန် နဲ့ ခေတ္တ – နယူးဇီလန်

ဆောင်းဝင်းလတ် –  ခေတ္တ – မစ်ရှီဂန် နဲ့ ခေတ္တ – နယူးဇီလန် 
မေ ၁၈၊ ၂၀၁၅

(မေလ ၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော “၀င်းအောင်-အောင်ဝေး ကက်ကင်း စာအုပ်မိတ်ဆက်ပွဲ”မှ စာရေးဆရာ ဆောင်းဝင်းလတ်၏ ပြောဆိုချက်များကို ပြန်လည် ဖော်ပြပါသည်။)

ကျနော် ချစ်တဲ့ ကိုအောင်ဝေးနဲ့ ကျနော်ချစ်တဲ့ ကိုဝင်းအောင်တို့ရဲ့ စာအုပ်လေးကို သေသေချာချာ ဖတ်ကြည့်မယ် ဆိုရင် သူတို့ရဲ့အနုပညာထဲက အာဏာရှင်တော်လှန်ရေးသံစဉ်ကို ကြားနေရ၊ မြင်နေရလိမ့်မယ်လို့ ဂုဏ်ယူပြီးတော့ ပြောချင်ပါတယ်။


စာအုပ်မိတ်ဆက်ပွဲ ဖိတ်စာ

ဒီစာအုပ်လေးက အတိတ်ကိုလည်း ပြန်သယ်ဆောင်သွားခဲ့တယ်၊ ဘယ်လိုသယ်ဆောင်သွားလဲ ဆိုတော့ … ၈၈ အရေးအခင်း ဖြစ်တဲ့အချိန်မှာ လှံစွပ်တွေ၊ ကျည်ဆံတွေကြားထဲ… တရက်၊ တမနက်မှာ (ရန်ကုန်မြို့ ဆူးလေဘုရားအနီး) ပြည်သူ့မုန့်တိုက်ရှေ့မှာ ဆိုက်ကားလေးတစီးကို တနေရာက ရှာလာပြီး အဲဒီ ဆိုက်ကားပေါ်မှာ အမ်ပလီဖိုင်ယာနဲ့၊ စပီကာနဲ့။ ကိုအောင်ဝေးကလည်း ဘေးမှာ ပါလာတယ်။

အဲဒီရုပ်ပုံလွှာကို ဒီစာအုပ်လေးကို ကြည့်နေရင်းနဲ့ မျက်စိထဲ မြင်ယောင်လာတယ်။ ကဗျာဆရာ မြမြင့်မိုရ်က  အမ်ပလီဖိုင်ယာ နဲ့  ဆိုက်ကားလေးကို တွန်းထားတယ်။ ကဗျာဆရာ အောင်ဇင်မင်းလည်း ပါတယ်၊ ကိုရန်ပိုင် ပါတယ်။ ကိုအောင်ဝေးက လက်ခုပ်လေး တီးပြီးတော့ … သူ့ဆီက ပထမဦးဆုံး သံစဉ်ကို ကြားရတယ်။ သူ သုံးခါ အော်တယ်၊ ဒီမိုကရေစီ … ဒီမိုကရေစီ … ဒီမိုကရေစီ … ဆိုပြီးတော့။  ဒီစာအုပ်ကို ဖတ်ရင်းနဲ့  အသံတွေက Recall ပြန်လာနေတယ်။ ဒါ ဖွဲ့နွဲ့ပြောတာ မဟုတ်ဘူး။ စိတ်ထဲမှာ ၀မ်းသာ ၀မ်းနည်း ဖြစ်မိတယ်။

စာရေးဆရာ ဆောင်းဝင်းလတ်

ဒီစာအုပ်ထဲ အဓိပ္ပာယ်ရှိတဲ့စာလုံးတလုံး တွေ့တယ်။  ကိုအောင်ဝေးရဲ့ အမှာစာ သေချာ ဖတ်ကြည့်ပါ။ အောက်ဆုံးမှာ ဖေဖော်ဝါရီ … ၂၀၁၅၊ ခေတ္တ – မစ်ရှီဂန် ဆိုပြီးတော့။ အဲဒီစကားလုံး ကိုအောင်ဝေး သုံးတာ သိပ် အဓိပ္ပာယ်ရှိတယ်။ ခေတ္တ – မစ်ရှီဂန် လို့ သူသုံးသလိုမျိုး ၊ ဒါက အလွမ်းလို့ ခေါ်တယ်၊ သူက ဟိုမှာ ရောက်နေတယ်။ သ၀ဏ်လွှာ ဒီကို ပို့လိုက်တယ်။ ဒီမှာရှိတဲ့သူရော    ဗမာပြည်က အနုပညာလောက တခုလုံးကို သူ ဘယ်လောက် လွမ်းဆွတ်နေတယ်၊ ရုပ် ခန္ဓာက အမေရိကန်မှာ။ သူဘယ်လောက်လွမ်းနေတယ် ဆိုတာ “ခေတ္တ – မစ်ရှီဂန်” မှာ သွားပေါ်တယ်။

သူ့လိုပဲ ခေတ္တ – နယူးဇီလန် လို့ သုံးတဲ့ ကဗျာဆရာ၊ အနုပညာရှင်တယောက် ရှိပါတယ်။ သူက ကိုခင်လွန်း။ ကျနော် အမေရိကားမှာ တနှစ် နေခဲ့တုန်းက မကြာမကြာ သူ့နဲ့ Skype ပြောတယ်၊ ဖုန်းပြောတယ်၊ အီးမေး ဆက်သွယ်တယ်။ ကိုအောင်ဝေးလိုပဲ ကိုခင်လွန်းက  ခေတ္တ – နယူးဇီလန် လို့ အမြဲ ပြောတယ်။ ကိုဆောင်းရေ ကျနော်တို့က ခေတ္တ – နယူးဇီလန်နော် တဲ့။

အခု လာပြီ၊ ကိုအောင်ဝေးက “ခေတ္တ – မစ်ရှီဂန်”။ အဲဒီ ခေတ္တ ဆိုတဲ့ စကားလုံးက ဘာလဲ၊ သူတို့သည် အကြောင်းတရား အမျိုးမျိုးကြောင့် အဝေးမှာ ရောက်နေသော်ငြားလည်း သူတို့ရဲ့ အနုပညာဝိညာဉ်၊ အနုပညာသမားတွေကို ချစ်တဲ့ခင်တဲ့စိတ်တွေ၊ မပြီးဆုံးနိုင်သေးတဲ့ ကျနော်တို့ … ဖက်ဆစ်တော်လှန်ရေး လို့ပဲ ပြောမယ်ဗျာ… ပွင့်ပွင့်လင်းလင်း ပြောရရင်… အဲဒီ ဖက်ဆစ်တော်လှန်ရေးကို သူတို့ရဲ့ ရုပ် ခန္ဓာက ကျနော်တို့နဲ့ တသားတည်း လာပေါင်းစည်းပြီးတော့   ဒီက ရဲဘော် ရဲဘက် ရဲမေတွေနဲ့အတူ သူတို့ တိုက်ပွဲမ၀င်ဘူးလို့လည်း မပြောနိုင်ဘူး။

တနေ့နေ့ တချိန်ချိန်မှာ ခေတ္တ ဆိုတဲ့ အသုံးအနှုန်းကနေ အမြဲတစေ ကျနော်တို့ ရှိတဲ့ နေရာကို အဝေးတနေရာကနေ သူတို့အနုပညာတွေ ပို့လွှတ်ရင် လွှတ်နေမယ်၊ သူတို့ရဲ့ တော်လှန်ရေးသံစဉ်ပါတဲ့   အနုပညာတွေ ပို့လွှတ်ရင် လွှတ်နေမယ်၊ သူတို့ကိုယ်တိုင်လည်း ခေတ္တ ဆိုတဲ့ အသုံးအနှုန်း တနေရာကနေ မလွဲမသွေ ရောက်လာလိမ့်မယ် လို့ ယုံကြည်သလို ဒီကနေ့ ကိုဝင်းအောင်နဲ့ကိုအောင်ဝေး ထုတ်တဲ့ စာအုပ်လေးက ကျနော်တို့ရဲ့ နှလုံးသား သမိုင်းဝင် စာအုပ်လေး ဖြစ်တဲ့အတွက် ကျနော်တို့ ရဲရဲဝံ့ဝံ့ မြတ်နိုးတယ်၊ တန်ဘိုးထားတယ်၊ ဂုဏ်ယူတယ်လို့ သူငယ်ချင်းနှစ်ယောက်အတွက် ပြောရင်း နိဂုံးချုပ်ပါတယ်။

 စာအုပ်မိတ်ဆက်ပွဲအပြီး မြင်ကွင်းတခု
 စာအုပ်မိတ်ဆက်ပွဲအပြီး မြင်ကွင်းတခု
 စာအုပ်မိတ်ဆက်ပွဲအပြီး မြင်ကွင်းတခု


စာအုပ်မိတ်ဆက်ပွဲအပြီး မြင်ကွင်းတခု

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts