>Burmese Junta’s Propaganda Movie caused social disturbance to Burmese community in USA

>

“အရုဏ်ဦးမှာဖူးသည့်ကြာ” ဇာတ်ကားကြောင့် အမေရိကန်မြန်မာများ စိတ်အနှောက်အယှက်များစွာ ဖြစ်ရ
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၂၅၊ ၂၀၁၀
စစ်အစိုးရ၏ လုပ်ကြံဝါဒဖြန့်ဇာတ်ကား “အရုဏ်ဦးမှာဖူးသည့်ကြာ” ကို ကြည့်ရှုမိသည့် ပြည်တွင်းပရိသတ်များနည်းတူ ပြည်ပရောက် မြန်မာပရိသတ်များအတွင်း ဂယက်များ ဖြစ်ကြရာတွင် အဆိုးဆုံးမှာ မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံများအားလုံးကို သိမ်ဖျင်းနုံနဲ့သေးသိမ်သွားအောင် စစ်အစိုးရက လုပ်ကြံဖန်တီးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု မိုးမခစာဖတ်သူများက သဘောထားပေးသည်။
ထိုဝါဒဖြန့်ဇာတ်ကားမှ သရုပ်ဆောင်အနုပညာသည်များသည် မြန်မာပြည်အတိုက်အခံတို့ သပိတ်မှောက်ထားသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ပနိုင်ငံများသို့ ဖျော်ဖြေရေးခရီးများ ထွက်လာခြင်းမှာလည်း တိုက်ဆိုင်မှုတခုထက် ပိုနိုင်သည့် သံသယအကျိုးကို ဖြစ်ပေါ်စေသည်ဟု ၎င်းတို့က ပြောသည်။
ထိုသို့ ပြည်ပသို့ရောက်ရှိလာသော ၀ါဒဖြန့်သရုပ်ဆောင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူအချို့တို့ကြောင့် အမေရိကန်နှင့်တကွ အခြားသော ဒီမိုကရေစီနိုင်ငံများရောက် မြန်မာမိသားစုများအတွင်းတွင် စိတ်ရော ကိုယ်ပါ အနှောက်အယှက်များ ကြုံကြရသည်မှာ သြဂုတ်နှင့် စက်တင်ဘာလ စတိတ်ရှိုးဆန္ဒပြပွဲများက သက်သေထင်ရှားသည်ကြောင်း မှတ်ချက်များ ပေးကြသည်။ သာမန် ပျော်ပွဲ ရွှင်ပွများအဖြစ် မြန်မာတို့ကို ပျော်ရွှင်မှု စည်းလုံးညီညွတ်မှု နားလည်မှုမျိုးကို မပေါ်ပေါက်စေဘဲ မြန်မာတို့အတွင်း ထိုအနုပညာရှင်များ၏ စစ်အစိုးရနှင့် ပတ်သက်သည့် ရပ်တည်ချက်များ၊ သဘောထားများကြောင့် အငြင်းပွားရခြင်း၊ ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ရခြင်း၊ စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ရခြင်းတို့မှာ အလွန်အရုပ်ဆိုးသည်ဟု ဆိုသည်။
မိုးမခက စုံစမ်းသိရှိရသလောက် လပ်စ်ဗေးဂတ်စ်ရောက် မြန်မာများက အဆိုပါ စတိတ်ရှိုးနှင့် ဧည့်ခံကြိုဆိုပွဲကို စက်တင်ဘာ ၁၀ ရက်နေ့က ကန့်ကွက်ခဲ့ကြရာတွင် မြန်မာပရိသတ်များ သိရှိနားလည်မှုကို တည်ဆောက်ရန်အတွက် အဆိုပါ ဇာတ်ကားနှင့် အဆိုပါ ဇာတ်ကားသရုပ်ဆောင်များ၊ ထိုသူတို့ကို ကာကွယ်အားပေးသူများအပေါ် ဒီမိုကရေစီလိုလားသူတို့၏ သဘောထားကို မေးခွန်း – အဖြေများနှင့် ထုတ်ပြန်ခဲ့သည်မှာ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို တာဝန်ရှိရှိ ကျင့်သုံးသည့် သဘောဖြစ်သည်ကို တွေ့ရသည်ဟု အယ်လ်အေက ကိုကျော်က မိုးမခကို ပြောပြသည်။
၎င်းတို့ လပ်စ်ဗေးဂတ်စ် မြန်မာများ ထုတ်ပြန်သော စာတမ်းကို သည်မှာ ကြည့်နိုင်သည်။
လာမည် စက်တင်ဘာ ၂၅၊ ၂၀၁၀ ညနေခင်း ၅ နာရီမှ ၆ နာရီ ခွဲအထိ ဆန်ဖရန်ဘေးဧရိယာ ဒေးလီးစီးတီး၊ လစ်တဲသီယေတာမှာ ပြုလုပ်မည့် ၀ါဒဖြန့်သရုပ်ဆောင်ပါဝင်သည့် စတိတ်ရှိးကို ဆန္ဒပြရန် ဒေသခံ မြန်မာ့ဒီမိုကရေစီအင်အားစုများက စီစဉ်လျက်ရှိရာတွင် ၎င်းတို့ထံသို့ အယ်လ်အေ မြန်မာများ၏ ဆန္ဒပြ ပိုစတာများ အချိန်မီ လာရောက်ပေးပို့မည် ဖြစ်သကဲ့သို့ ဒေသခံတို့ကလည်း နောက်ထပ်ဆိုင်းဘုတ်များ ပြင်ဆင်ထားသည်ဟု သိရသည်။ ၎င်းတို့၏ ပိုစတာဆိုင်းဘုတ်များကို အဆင်သင့် ပရင့်ထုတ်ပြီး ကိုင်ဆောင်နိုင်ရန် သည်နေရာမှာ အဆင်သင့် ထုတ်ပေးထားသည်ကို တွေ့ရသည်။
၎င်းတို့စတိတ်ရှိုး စီစဉ်သူများက အမေရိကန်အရှေ့ခြမ်း ၀ါရှင်တန်ဒီစီအနီး ဆင်ခြေဖုံးအရပ်တခုတွင် နောက်ဆုံးပိတ် နှုတ်ဆက်ပွဲ စတိတ်ရှိုးတခု စီစဉ်ဦးမည် ဖြစ်ရာ – ၀ါရှင်တန်မက်ထရိုဒေသခံ မြန်မာမိသားစုများကလည်း ကန့်ကွက်ဆန္ဒပြပွဲများကို လက်ဆင့်ကမ်း သယ်ဆောင်ကြရန် ပြင်ဆင်နေသည်ဟု သိရသည်။
“ဖြစ်နိုင်လို့ရှိရင် ပွဲကိုလက်ခံကျင်းပတဲ့ ကျောင်းတွေ၊ ကွန်မြူနီတီ စင်တာတွေကိုပါ ကန့်ကွက်စာတွေ ပို့ပြီး အကြောင်းကြားမယ်၊ ရှင်းပြမယ်။ ဒေသခံ မြန်မာအမေရိကန် မိသားစုတွေထဲမှာ ပျော်ရွှင်မှုတွေ မဖြစ်ပေါ်စေဘဲ အနှောက်အယှက်ဖြစ်စေတဲ့ ပွဲတွေကို လက်မခံကြပါနဲ့ လို့။ ပြီးတော့ မြန်မာပြည်က အမေရိကန်သံရုံးကိုလည်း အားလုံးဝိုင်းပြီးတော့ ကန့်ကွက်စာ ပေးမယ်။ အခု တိုင်ပင်နေကြတယ်။”
ဟု မေရီလင်းက မိုးမခမိတ်ဆွေ ကိုလင်းက ပြောသည်။
“ဒါက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ဘူး၊ အကြမ်းဖက် ဖျက်ဆီးနေတာလဲ မဟုတ်ပါဘူး။ သူတို့ကလည်း သူတို့ အကြောင်းနဲ့ သူတို့ စစ်အစိုးရကို လက်ခံပြီး ၀ါဒဖြန့်ကားရိုက်တယ်။ သမိုင်းမှန်တွေကို လိမ်လည်တယ်။ ကျနော်တို့ကလည်း ကျနော်တို့ အကြောင်းနဲ့ ကျနော်တို့ လက်မခံကြောင်း၊ ကန့်ကွက်ကြောင်း ပြသတယ်။ ပြီးတော့ ကျနော်တို့တွေ ကိုယ်တိုင်က သတင်းမှန်တွေ၊ အချက်အလက်တွေ ထုတ်ပြန်နေတယ်။ စတိတ်မင့်တွေကို ကြည့်ပါ။ ဖုံးတွေကို ခေါ်ပါ။ နံမယ်မဖော်ဘဲနဲ့ သတင်းအမှားတွေ၊ ကောလဟာလတွေကို ထုတ်နေတာမျိုး မလုပ်ပါဘူး။”
ဟု ဆန်ဖရန်ဘေးဧရိယာက ဆန္ဒပြမည့်သူတဦးက သဘောထားကို ပြောသည်။
(မိုးမခက တင်ဆက်ခဲ့သည် အရုဏ်ဦးမှာဖူးသည့်ကြာနှင့် ပတ်သက်သည့် သတင်းများကို သည်နေရာမှာ တစုတည်း စုထားသည်ကို တွေ့ရသည် – http://freeburma.info/index.php/SPDC_movie_-_Lotus_at_Dawn )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts