>Moe Hein (Thar Journal Kyaw) – Last Words

>

မှာပါရစေ ပြောပါရစေ

မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)
 (၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ…
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။
 မိုးဟိန်း (သားဂျာနယ်ကျော်)
(၁၉၄၂-၂၀၁၀)
၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ
(၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်)
(ဓာတ်ပုံ – မိုးမခ၊ ၂၀၀၆ အောက်တိုဘာ၊ ဆန်ဖရန်ဘေးဧရိယာ၊ မိုးမခ ၃ နှစ်ပြည့် တက်ရောက်ချီးမြှင့်ခဲ့စဉ်က တွေ့ရသည့် ဦးမိုးဟိန်း၊ တောင်ပုလု ဘုန်းတော်ကြီးကျောင်း၊ ရွှေတိဂုံပုံတူ စေတီရင်ပြင်မှာ တွေ့ခဲ့ရစဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts